မန်ယူတိုက်စစ်မှူး ဝိန်းရွန်နီကတော့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ် နှစ်သင်းကြားက တင်းအားတွေကို အားဖြည့်ပေးလိုက်ပြန်ပါပြီ။ မနေ့ညက ကစားခဲ့တဲ့စပါးအသင်းနဲ့ပွဲမှာ လီဗာပူးလ် တိုက်စစ်မှူး ဆွာရက်ဇ် အထုတ်ခံခဲ့ရသင့်တယ်လို့ ပြောဆိုခဲ့တာပါ။

ဥရုဂွေးနိုင်ငံသား တိုက်စစ်မှူး ဆွာရက်ဇ်ဟာ မန်ယူအသင်းရဲ့ နောက်ခံလူ အီဗရာအပေါ် လူမျိုးရေးခွဲခြားခဲ့မှုကြောင့် ၈ ပွဲ ပယ်ခံထားရတာကနေ ပြစ်ဒဏ်စေ့လို့ စပါးအသင်းနဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပြန်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
လူစားဝင်ပြီး မိနစ်ပိုင်းအကြာမှာပဲ ဆွာရက်ဇ်ဟာ စပါးရဲ့ အလယ်တန်းလူ စကော့ပါကားရဲ့ ဝမ်းဗိုက်ကို ကန်ခဲ့မိတာပါ။ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက ဆွာရက်ဇ်ကို အဝါကဒ်ပဲ ပြခဲ့ပေမယ့် ရွန်နီက သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ “တကယ်လို့ ဒိုင်လူကြီးက ဆွာရက်ဇ် ကန်ခဲ့တာကို သေချာမြင်တယ်ဆိုရင် သူ့အနေနဲ့ အနီကဒ်ပြသင့်တယ်” လို့ ရေးခဲ့တာပါ။
မန်ယူအသင်းရဲ့ ကြယ်ပွင့်ဟောင်း ဂယ်ရီနဗီးကလည်း နောက်ထပ် လောင်စာဖြည့်ခဲ့ပြီး “သူတော်တော် ကံကောင်းခဲ့တာပါ၊ ဒိုင်လူကြီးက သူ့ကိုတကြိမ်တော့ ခွင့်ပြုခဲ့ပုံရတယ်” လို့ စကိုင်းစပေါ့ ရုပ်သံလိုင်းမှာ ပြောသွားခဲ့တာပါ။
နောက်ထပ် တိုက်ဆိုင်မှုတခုကတော့ ဆွာရက်ဇ်နဲ့ ပါကား ဘောလုံးယှဉ်လုစဉ်မှာ ဆွာရက်ဇ်ဟာ ပါကားရဲ့ မျက်လုံးကို လက်နဲ့ နှိုက်မိတဲ့ ဓာတ်ပုံတွေပါပဲ။
မန်ယူနဲ့ လီဗာပူးလ်တို့ဟာ လာမယ့်စနေနေ့မှာ မန်ယူရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ တွေ့ဆုံကြမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာတော့ ဆွာရက်ဇ်ဟာ ပထမ ကစားသမားအဖြစ် ပွဲထွက်လာနိုင်ပါတယ်။
လီဗာပူးလ်မန်နေဂျာ ကင်နီဒဲဂလစ်ရှ်ကတော့ “ဆွာရက်ဇ် ပြန်ပါလာတာဟာ အရမ်းကို ကောင်းပါတယ်။ ဒါပေမယ့် သူဟာ လီဗာပူးလ် ပထမ ၁၁ ယောက်ကနေ ဖယ်ထားခံရတာဟာ မဖြစ်သင့်ပါဘူး” လို့ပြောခဲ့ပါတယ်။
“ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက သူမကစားခဲ့ရဘူး၊ သူပြန်ပါလာတာနဲ့ သူ့ကို ပထမ ၁၁ ယောက် စာရင်းထဲ တန်းထည့်လိုက်ရင်တော့ မတရားရာကျပါမယ်။ အခုဆိုလည်း သူဟာ နာရီဝက်လောက် ကစားခဲ့ရပြီ။ အဲဒါက သူ့ပုံစံကို ပြန်ကောင်းလာစေလိမ့်မယ်” လို့ ဒဲဂလစ်ရှ်က ဆက်ပြောပါတယ်။
တွစ်တာစာမျက်နှာပေါ်က ရွန်နီရဲ့ ရေးသားချက်နဲ့ တီဗီလိုင်းပေါ်က နဗီးရဲ့ ပြောစကားတွေကို မှတ်ချက်ပေးဖို့ ဒဲဂလစ်ရှ်က ငြင်းဆန်ခဲ့ပါတယ်။
ဆွာရက်ဇ်ပြန်လာတဲ့ လီဗာပူးလ်နဲ့ စပါးပွဲရဲ့ ပွဲကစားချိန် ၁၁ မိနစ်လောက်မှာ ဘောလုံးကွင်းထဲကို ကြောင်တကောင် ဝင်ရောက်လာပြီး ဟိုပြေးဒီပြေး လုပ်နေတာကြောင့် ပွဲအရသာ ပျက်ခဲ့ရပါတယ်။

စပါးအသင်းနည်းပြ ဟယ်ရီရက်နက်ဟာ အန်ဖီးမှာကန်တဲ့ ဒီပွဲစဉ်မှာ လာရောက် မကြီးကျပ်နိုင်ခဲ့ပေမယ့် သရေရလဒ်ဟာ စပါးအသင်းအတွက် ရလဒ်ကောင်းတခု ဖြစ်ခဲ့ပါတယ်။
ဆွာရက်ဇ်ဟာ စပါးကွင်းလယ်လူ ပါကားကို ကန်ခဲ့သလို လီဗာပူးလ်နောက်ခံလူ စကာတယ်ဟာလည်း ဂျရတ်ဘေးလ်ကို လျှောထိုးဖြတ်ထုတ်တာ ကြမ်းခဲ့ပေမယ့် ပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့ပါတယ်။
“ဘေးလ်ဟာ စကာတယ်ရဲ့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုကို ခံခဲ့ရတယ်။ ဒါပေမယ့် အနီကတ်နဲ့ ထွက်သွားရတာကို ကျနော်မမြင်ချင်ပါဘူး။ ဒီဖြတ်ထုတ်မှုဟာ ကြမ်းပေမယ့် ဒိုင်ဆုံးဖြတ်ချက်က မှန်ပါတယ်” လို့ စပါးလက်ထောက်နည်းပြ ကီဗင်ဘွန်းက ပြောပါတယ်။
တမှတ်ရခဲ့လို့ စပါးအသင်းဟာ တတိယနေရာမှာ တည်မြဲနေပေမယ့် ဇယားထိပ်က မန်စီးတီးနဲ့ ဆိုရင်တော့ ခုနှစ်မှတ် ကွာဟသွားခဲ့ပါပြီ။
ဒီပွဲ သရေရလဒ်ကြောင့် လီဗာပူးလ်အသင်းဟာ အိမ်ကွင်းပွဲစဉ်တွေမှာ ၈ ပွဲ သရေကျသွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ အခွင့်အရေးဖန်တီးမှုနှုန်း အဆိုးဆုံးအသင်း ဖြစ်သွားခဲ့ပါတယ်။
ဒါပေမယ့် နည်းပြ ဒဲဂလစ်ရှ်ကတော့ “ပြီးခဲ့တဲ့ ရာသီထက်တော့ ဒီရာသီက အခြေအနေပိုကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။
Source: The Sun