အင်္ဂလန်နည်းပြ ကာပယ်လိုဟာ အင်္ဂလန်နည်းပြရာထူးကနေ မနေ့က နုတ်ထွက်သွားပါတယ်။ ယူရို ၂၀၁၂ စတင်ဖို့ ၄ လအလိုမှာ တနှစ်ကို ပေါင် ၆ သန်းတန် နည်းပြရာထူးကနေကာပယ်လို နုတ်ထွက်သွားကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။
ဂျွန်တယ်ရီကို အင်္ဂလန် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့တဲ့ အက်ဖ်အေရဲ့ လုပ်ရပ်ကို အသက် ၆၅ နှစ်အရွယ် ကာပယ်လိုက ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။
ကာပယ်လိုဟာ အက်ဖ်အေ ဥက္ကဌ ဒေးဗစ်ဘန်စတိန်း၊ အထွေထွေ အတွင်းရေးမှူး အဲလက်စ်ဟွန်းတို့နဲ့ ဝင်ဘလေကွင်းကြီးမှာ စကားပြောပြီး အင်္ဂလန်ရာထူးကနေ နှုတ်ထွက်သွားခဲ့တာပါ။
ကာပယ်လိုကတော့ သူနှုတ်ထွက်တာနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ပြောပြဖို့ ငြင်းဆန်ခဲ့ပါတယ်။
ကာပယ်လိုက “အင်္ဂလန်အသင်းက ကျနော်ထွက်တယ်။ တခြားဘာမှ ထပ်မပြောဘူး” လို့ အီတလီအမျိုးသား သတင်းအေဂျင်စီကို ပြောခဲ့တာပါ။
ဒီရာထူးအတွက် စပါးနည်းပြ ဟယ်ရီရက်နက်က ရေပန်းအစားဆုံးဖြစ်နေပါတယ်။ သူဟာ စပါးနည်းပြရာထူးနဲ့ အင်္ဂလန်နည်းပြ ရာထူးကို ပူးတွဲတာဝန်ယူသွားဖွယ်ရှိတယ်လို့ ရက်နက်နဲ့ နီးစပ်သူတွေက ယုံကြည်နေပါတယ်။
အင်္ဂလန်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဝိန်းရွန်နီကတော့ ဟယ်ရီရက်နက်ကို အင်္ဂလန်နည်းပြ အဖြစ် မြင်တွေ့ချင်တယ်လို့ ပြောပါတယ်။
“ကာပယ်လိုကတော့ ထွက်သွားပြီ။ သူက လူကောင်းတယောက်ပါ။ ထိပ်တန်းနည်းပြလည်း ဖြစ်တယ်။ ကျနော့်အမြင်မှာ သူ့နေရာအစားထိုးဖို့က ဟယ်ရီရက်နက်ပါ” လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဂျက်ဝီရှိုင်းယားကလည်း “သူထွက်သွားတာဟာ ဝမ်းနည်းစရာပါ” လို့ ပြောပါတယ်။
ကာပယ်လိုဟာ အင်္ဂလန်နည်းပြရာထူးကို ၂၀၀၈ ဇန်နဝါရီကနေ စတင်တာဝန်ယူခဲ့ပြီး ၄၁ ပွဲမှာ ၂၈ ပွဲနိုင် ၇ ပွဲသရေနဲ့ ၆ ပွဲရှုံးရလဒ် ရရှိထားပါတယ်။
အက်ဖ်အေ ဥက္ကဌ ဘန်စတိန်းနဲ့ အင်္ဂလန်နည်းပြအဖွဲ့ဟာ အင်္ဂလန်စံတော်ချိန် ဖေဖော်ဝါရီ ၉ ရက် နေ့လည် ၁၂ နာရီမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်မှဖြစ်ပါတယ်။
ကာပယ်လိုနဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ပြဿနာတက်ခဲ့တာနဲ့ ပတ်သက်ပြီး အင်္ဂလန်မှာ စစ်တမ်းကောက်ခဲ့ပါတယ်။
အက်ဖ်အေကို ဝေဖန်ခဲ့တဲ့ ကာပယ်လိုရဲ့ လုပ်ရပ်ဟာ မှားယွင်းတယ်လို့ ၅၄ ရာခိုင်နှုန်းက ဆိုပါတယ်။ ၄၆ ရာခိုင်နှုန်းကတော့ ဂျွန်တယ်ရီဘက်က ရပ်တည်ခဲ့တဲ့ ကာပယ်လို လုပ်ရပ်ဟာ မှန်တယ်လို့ ဆိုပါတယ်။
၇၈ ရာခိုင်နှုန်းကတော့ ကာပယ်လိုဟာ ယူရို ၂၀၁၂ အပြီးအထိ အင်္ဂလန်နည်းပြရာထူးကို တာဝန်ယူသင့်တယ်လို့ ဆိုပါတယ်။ ၂၂ ရာခိုင်နှုန်းကတော့ ကာပယ်လို နှုတ်ထွက်တာကို လက်ခံပြီး ဟယ်ရီရက်နက်ကို အင်္ဂလန်နည်းပြအဖြစ် မြင်ချင်ကြပါတယ်။
ကာပယ်လို အင်္ဂလန်နည်းပြတာဝန်ယူစဉ်က စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ၃ ရာခိုင်နှုန်းသာ အရမ်းကောင်းတယ်လို့ ဆိုကြပြီး ၂၉ ရာခိုင်နှုန်းကတော့ သင့်တော်တယ်လို့ ဆိုပါတယ်။ ၃၆ ရာခိုင်နှုန်းကတော့ ကာပယ်လိုဟာ ဘာမှ ထူးထူးခြားခြား လုပ်ပြမသွားဘူးလို့ ဆိုပါတယ်။
၂၂ ရာခိုင်နှုန်းကတော့ ကာပယ်လိုရဲ့ စွမ်းဆောင်ရည်ကို အနည်းငယ်ညံ့တယ်လို့ ဆိုပြီး ၁၀ ရာခိုင်နှုန်းကတော့ အရမ်းညံ့တယ်လို့ ဆိုပါတယ်။
Ref: The Sun