Deloitte Football Money League ရဲ့ စာရင်းဇယားအရ ရီးရဲလ်အသင်းဟာ ဝင်ငွေအဖြစ် ယူရိုသန်း ၄၈၀ ရရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းအဖြစ် ၇ နှစ် ဆက်တိုက် ရပ်တည်နေပါတယ်။
၂၀၁၀-၁၁ ရာသီက အချက်အလက်တွေပေါ် မူတည်ပြီး ရီးရဲလ်အသင်းဟာ ထိပ်ဆုံးမှာ ရှိနေတာပါ။ နောက်နှစ်ထိ ဆက်ပြီး အဆင့် ၁ မှာ ရပ်တည်နိုင်မယ်ဆိုရင်တော့ မန်ယူအသင်းရဲ့ ၈ နှစ်ဆက်တိုက် စံချိန်ကို ယှဉ်ပြိုင်လာနိုင်မှာပါ။

ရီးရဲလ်ရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာအသင်းကတော့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး မန်ယူအသင်းကတော့ အဆင့် ၃ မှာ ရပ်တည်နေတာပါ။
ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်၊ ချဲလ်ဆီးတို့ဟာလည်း အဆင့် ၄၊ ၅၊ ၆ နဲ့ အသီးသီး ရပ်တည်နေပါတယ်။
ဇယားထိပ်က ၇ သင်းကတော့ ပြီးခဲ့တဲ့နှစ်ကနေရာမှာပဲ အပြောင်းအလဲမရှိ ရပ်တည်နေတာပါ။
အက်စတွန်ဗီလာ အသင်းကတော့ အဆင့် ၂၀ အတွင်းကနေ ပြုတ်ကျသွားခဲ့ပြီး အင်္ဂလန်က ကလပ်အသင်း ၆ သင်းပဲ အဆင့် ၂၀ အတွင်းမှာ ရှိနေပါတယ်။
လီဗာပူးလ်ကတော့ အဆင့် ၉ မှာ ရပ်တည်နေပြီး မနှစ်ကထက် တဆင့်နိမ့်ကျသွားတာပါ။
ဒီ အဆင့် ၂၀ အတွင်းက အသင်းတွေဟာ ဥရောပ ထိပ်သီးငါးနိုင်ငံက ဖြစ်ပြီး အင်္ဂလန်က ၆ သင်း၊ အီတလီက ၅ သင်း၊ ဂျာမနီက ၄ သင်း၊ စပိန်က ၃ သင်း၊ ပြင်သစ်က ၂ သင်း ဖြစ်ပါတယ်။
အသင်း ၂၀ ထဲက ခုနှစ်သင်းဟာ သူတို့ရဲ့ ဝင်ငွေရရှိမှု ကျသွားခဲ့ပြီး ဒါဟာ ဥရောပ စီးပွားရေး ကျဆင်းမှုကြောင့် မဟုတ်ဘဲ ကွင်းတွင်း စွမ်းဆောင်ရည်ကြောင့် လက်မှတ်ရောင်းရငွေ နည်းသွားတာ၊ ဈေးကွက်အနည်းငယ် ကျသွားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ဘာစီလိုနာဟာ အကျႌစပွန်စာအဖြစ် ကာတာဖောင်ဒေးရှင်းနဲ့ တနှစ်ကို ယူရိုသန်း ၃၀ တန် စာချုပ်ချုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထိပ်ဆုံး ၁၀ သင်း (ယူရိုငွေကြေး)
၁။ ရီးရဲလ် ၄၇၉.၅ သန်း
၂။ ဘာစီလိုနာ ၄၅၀.၇ သန်း
၃။ မန်ယူ ၃၆၇ သန်း
၄။ ဘိုင်ယန် ၃၂၁.၄ သန်း
၅။ အာဆင်နယ် ၂၅၁ သန်း
၆။ ချဲလ်ဆီး ၂၄၉.၈ သန်း
၇။ အေစီမီလန် ၂၃၅.၁ သန်း
၈။ အင်တာမီလန် ၂၁၁.၄ သန်း
၉။ လီဗာပူးလ် ၂၀၃.၃ သန်း
၁၀။ ရှော်ကေး ၂၀၂.၄ သန်း
(Source: Deloitte: 2010-11)
စပိန်နှစ်သင်းဟာ စံချိန်တင် ဝင်ငွေရရှိမှုအဖြစ် ယူရိုသန်း ၅၀၀ နား နီးကပ်လာပြီဖြစ်သလို ဇယားထိပ်မှာ နောက်ထပ် နှစ်အနည်းငယ်အထိ ဆက်ရှိနေနိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အထိ တက်ခဲ့တဲ့ ဂျာမနီကလပ်အသင်း ရှော်ကေးဟာ အဆင့် ၁၀ ထိရောက်လာခဲ့ပြီး အဆင့် ၆ ဆင့် ခုန်ကျော်လာခဲ့ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် ၃ မှာ ရပ်တည်နေတဲ့ စပါးအသင်းကလည်း ဝင်ငွေရရှိမှု ဇယားမှာ အဆင့် ၁၁ မှာ ရှိနေပါတယ်။
အဆင့် ၁၂ မှာရပ်တည်နေတဲ့ မန်စီးတီးအသင်းဟာ အဘူဒါဘီ ရင်းနှီးမြုပ်နှံမှုအုပ်စုရဲ့ ထောက်ပံ့မှုတွေကြောင့် နောက်နှစ်မှာ အဆင့် ၁၀ အတွင်း ဝင်လာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။