၂၀၁၂ ရဲ့ အာဖရိက ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့က ကျင်းပခဲ့ရာ ဇမ်ဘီယာနဲ့ အိုင်ဗရီကို့စ်တို့အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး အသင်းနှစ်ဘက်စလုံးက ပွဲချိန်မိနစ် ၉၀ နဲ့ အချိန်ပို မိနစ် ၃၀ ကစားပြီးချိန်အထိ ဂိုးမရှိ သရေကျနေလို့ ပယ်နတီ အဆုံးအဖြတ် ကန်ကြရပါတယ်။ ပယ်နတီ ကန်ရာမှာ ဇမ်ဘီယာ အသင်းက ၈-၇ နဲ့ အိုင်ဗရီကို့်စ် အသင်းကို အနိုင်ရရှိပြီး အာဖရိက ဖလားကို ရရှိသွားပြီဖြစ်ပါတယ်။
အာဖရိက ဆင်များလို့နာမည်ကြီးတဲ့ ဇမ်ဘီယာ အသင်းဟာ ၁၉၉၄ ခုနှစ်တုန်းက အာဖရိက ဖလား ဗိုလ်လုပွဲကို နောက်ဆုံးအကြိမ် ရောက်ခဲ့ဖူးတာဖြစ်ပြီး အဲဒီနှစ်မတိုင်ခင် ၁၉၉၃ ခုနစ်မှာ လေယာဉ်ပျံ ပျက်ကျလို့ ဇမ်ဘီယာ ကစားသမား ၁၈ ယောက် သေဆုံးခဲ့ပြီးကတည်းက ဇမ်ဘီယာရဲ့ အာဖရိကအတွင်း အောင်မြင်မှုဟာ မှေးမှိန်နေခဲ့ပါတယ်။
ပွဲကစားချိန်မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ နာမည်ကြီး ကစားသမားတွေ ဖြစ်တဲ့ ဒရော့ဘာ၊ ကိုလိုတိုရေး၊ ယာယာတိုရေး၊ ကာလူး ၊ ဂါဗင်ဟို တို့ ပါဝင်တဲ့ အိုင်ဗရီကို့စ် အသင်းဟာ ဇမ်ဘီယာ ကစားသမားတွေရဲ့ အားသွန်ခွန်စိုက် ကစားမှုကြောင့် ထင်တိုင်းမပေါက် ဖြစ်ခဲ့ပါတယ်။
ပွဲချိန်အတွင်း ချယ်ဆီးကစားသမား ဒရော့ဘာ ပယ်နတီ ကန်ခွင့်ရပေမယ့် လွဲချော်ခဲ့တာကြောင့် ဦးဆောင်ဂိုးရမယ့် အခွင့်အရေးဆုံးရှုံးခဲ့သလို ဇမ်ဘီယာအသင်းကလည်း တန်ပြန်တိုက်စစ်နဲ့ကစားခဲ့တာကြောင့် ပွဲဟာ ကြည့်ကောင်းခဲ့ပါတယ်။ အိုင်ဗရီကို့စ် အသင်းဟာ အုပ်စုအဆင့်ကနေ ဖိုင်နယ်တလျှောက် ပေးဂိုးမရှိခဲ့သလို ဇမ်ဘီယာအသင်းကလည်း ပေးဂိုး ၃ ဂိုးသာ ရှိတာကြောင့် နှစ်ဖက်အသင်းရဲ့ ခံစစ်ပိုင်းဟာ ကျစ်လစ်မှုရှိပြီး ဂိုးရဖို့အတော်ရုန်းကန်ခဲ့တာကို တွေ့ရပါတယ်။
မိနစ် ၉၀ ပြည့်ချိန်မှာတော့ နှစ်ဖက်အသင်းလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ အချိန်ပို မိနစ် ၃၀ ထပ် ကစားခဲ့ရပါတယ်။ နှစ်ဖက်အသင်းလုံး ပွဲချိန် မိနစ် ၁၂၀ ကစားပြီးချိန်အထိ ဂိုးမသွင်းနိုင်ကြတာကြောင့် ပယ်နတီ အဆုံးအဖြတ် ကန်စေခဲ့ရာ အိုင်ဗိုရီကို့စ် အသင်းအတွက် တီယိုတီ၊ ဘိုနီ၊ ဘမ်ဘာ၊ ဂရာဒယ်၊ ဒရော့ဘာ၊ တီယန်၊ ယာကိုနန် တို့က ပယ်နတီ ဝင်အောင် ကန်နိုင်ခဲ့ကြသလို ဇမ်ဘီယာမှာ ကန်တိုဂို၊ မာယူကာ၊ ချန်စာ၊ ကာတွန်ဂါ၊ မွေးနီ၊ ဆင်ကာလာ၊ လွန်ဂါ တို့ကလည်း ပယ်နတီ ၇ ကြိမ်မြောက်အထိ ဝင်အောင် ကန်နိုင်ခဲ့ကြပါတယ်။
ရလဒ်မပေါ်သေးတာကြောင့် ပယ်နီတီ ဆက်ကန်ခိုင်းတာမှာ ကိုလိုတိုရေးရဲ့ ပယ်နတီကို ဇမ်ဘီယာ ဂိုးသမား ကာကွယ်လိုက်နိုင်သလို ဇမ်ဘီယာ ကစားသမား ကာလာဘာကလည်း ဂိုးပေါက်ချော် ကန်ခဲ့တာကြောင့် ပယ်နတီ ဆက်ကန်ရပါတယ်။ နောက်ထပ် အာဆင်နယ် ကစားသမား ဂါဗင်ဟို ရဲ့ကန်ချက်ဟာ ဂိုးပေါက်မတည့်ခဲ့ဘဲ ဒီပွဲမှာ တချိန်လုံး ခြေစွမ်းပြနေတဲ့ တဘက်အသင်း ဇမ်ဘီယာ ကစားသမား ဆွန်ဇူးက ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တာကြောင့် ပရိသတ်ကို ဘောလုံးရသ အပြည့်ပေးတဲ့ ပွဲတပွဲဖြစ်ခဲ့ပါတယ်။ ယခုပွဲ အနိုင်ရရှိခဲ့တာကြောင့် ၁၉၇၄ နဲ့ ၁၉၉၄ ခုနှစ်တွေမှာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတဲ့ ဇမ်ဘီယာအသင်းဟာ ပထမဦးဆုံးအကြိမ် အာဖရိက ရောင်စုံဖလားကြီးကို ထိုက်ထိုက်တန်တန် ရရှိသွားပြီဖြစ်ပါတယ်။
ကိုးကား – ဘီဘီစီ/Sport, Goal.com