အင်္ဂလန်အသင်းရဲ့ ယာယီနည်းပြ စတူးအတ် ပီးယာ့စ်က ပိုလန်နဲ့ ယူကရိန်းမှာ ကျင်းပမယ့် ၂၀၁၂ ဥရောပ ဖလားပွဲမှာ အင်္ဂလန်အသင်းကို ကိုင်တွယ်သွားဖို့ သူ့အနေနဲ့ မျှော်လင့်ပါတယ်လို့ ပြောဆိုလိုက်ပါတယ်။
၂၁ နှစ်အောက် အင်္ဂလန်အသင်းရဲ့ နည်းပြဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ နယ်သာလန်အသင်းနဲ့ ဝင်ဘလေကွင်းမှာ ချစ်ကြည်ရေး ခြေစမ်းကစားမယ့် အင်္ဂလန်အသင်းကို ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
ဒီလအစောပိုင်းက ဖေဘီယို ကာပယ်လို နုတ်ထွက်သွားလို့ လစ်လပ်နေတဲ့ အင်္ဂလန်နည်းပြနေရာနဲ့ ပတ်သက်ပြီး “ကျနော့်မှာ လုံလောက်တဲ့ အတွေ့အကြုံတွေ ရှိပြီးသားပါ။ တကယ်လို့ သူတို့က နွေရာသီမှာ ဒီအသင်းကို ကိုယ်တွယ်ဖို့ ကျနော့်ကိုလိုအပ်ရင် ဒါကို ပျော်ရွှင်စွာနဲ့ ကျနော်လုပ်နိုင်လိမ့်မယ်” လို့ ၄၉ နှစ်အရွယ် ပီးယာ့စ်က ရှင်းလင်းပြောဆိုသွားပါတယ်။
“ဒီအလုပ်အတွက် လိုအပ်တဲ့ အတွေ့အကြုံနဲ့ အချက်အလက်တွေက အခုအချိန်မှာ သူများထက် ကျနော်က ပိုကောင်းနေပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အများက တစ်ပေးနေတဲ့ စပါးအသင်းရဲ့မန်နေဂျာ ဟယ်ရီရက်ပ်နက်ကလည်း ဒီ အင်္ဂလန်နည်းပြ အလုပ်အတွက် ဝေခွဲမရဖြစ်နေတုန်းပါ။ ပီးယာ့စ်ကတော့ ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ပါဘူး။
“ကျနော်ထင်တယ် ဒီဆုံးဖြတ်ချက်အပေါ်မှာ FA (အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်) ကလည်း မှန်ကန်သင့်တော်တဲ့ အကြောင်းပြချက်တွေ လိုအပ်ပါတယ်။ ၂၀၁၂ လန်ဒန် အိုလံပစ်ပွဲတော်အတွက် ဂရိတ်ဗြိတိန ်အမျိုးသား ဘောလုံးအသင်းကို ဘယ်သူက ကိုင်တွယ်မလဲဆိုတာရောပေါ့” လို့ ပီးယာ့စ်က ဆိုပါတယ်။
ပီယာ့စ်က “ကျနော်ကတော့ ဘယ်သူပဲလာလာ ကူညီထောက်ပံ့ပေးသွားမှာပါ။ တကယ်လို့ ကျနော့်ကို ဒီနေရာအတွက် မလိုချင်ဘူးဆိုရင်တောင် ကျနော်ကတော့ အသက် ၂၁ နှစ်အောက်အသင်းရဲ့ မန်နေဂျာ တယောက်အနေနဲ့ နံဘေးကနေ ကူညီပေးသွားမှာပါ” လို့ ပြောပါတယ်။
သူ့ကို ကာလတိုအတွက် လက်မှတ်ထိုးခြင်းအားဖြင့် မှန်ကန်တဲ့ စဉ်းစားချက်အတွက် FA က အသက်ရှုချောင်သွားမယ်လို့လည်း ပီယာ့စ်က ဆိုပါတယ်။
၂၀၀၇ ကတည်းက ပီးယာ့စ်ဟာ အသက် ၂၁ နှစ်အောက် အင်္ဂလန်အသင်းကို ဥရောပဖလားပွဲ သုံးကြိမ်မှာ ဦးဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် အုပ်စုကထွက်ခဲ့ရတဲ့ ပွဲမတိုင်ခင် ၂၀၀၇ မှာ အကြိုဗိုလ်လုပွဲနဲ့ ၂၀၀၉ မှာ ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
နော်တင်ဟန် ဖောရက်စ်အသင်းနဲ့ အင်္ဂလန် နောက်တန်း ကစားသမားဟောင်းဟာ သူ့ရဲ့မန်နေဂျာအလုပ်ကို ချန်ပီယံရှစ်ကလပ်အသင်းမှာ ကစားသမား မန်နေဂျာအနေနဲ့ ၁၉၉၆ မှာ ဖရန့်ခ်ကလာကီ နုတ်ထွက်ပြီးနောက် စတင်ခဲ့ပါတယ်။
ကစားသမားဘဝက အနားယူပြီး သုံးနှစ်အကြာ ၂၀၀၅ မှာ သူဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ကီဗင်ကီးဂန်းနေရာကို ဆက်ခံခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၆-၀၇ ရာသီအကုန်မှာပဲ ထုတ်ပယ်ခံခဲ့ရပါတယ်။
FA က ကာပယ်လို နေရာအတွက် ရေရှည်အစားထိုးဖို့ စဉ်းစားနေစဉ် ပီးယာ့စ်ကို အင်္ဂလန်စီနီယာ အသင်းအတွက် ယာယီမန်နေဂျာအဖြစ် တာဝန်ပေးထားပါတယ်။
ပီးယာ့စ်ရဲ့ အသက်၂၁ အောက်အသင်း ဥရောပပွဲမှတ်တမ်း
၂၀၀၇ – (အကြိုဗိုလ်လုပွဲ) အကြိုဗိုလ်လုပွဲမှာ နယ်သာလန်ကို ၁၃ ဂိုး ၁၂ ဂိုး ပယ်နယ်တီနဲ့ ရှုံးနိမ့်။
၂၀၀၉ – (ဗိုလ်လုပွဲ) ဗိုလ်လုပွဲမှာ ဂျာမဏီကို ၄-၀ ဂိုးနဲ့ ရှုံးနိမ့်။
၂၀၁၁ – (အုပ်စုမှထွက်) နှစ်ပွဲသရေကျကာ အုပ်စုမှထွက်ခဲ့ရ။
ပီးယာ့စ်ရဲ့ မန်နေဂျာ မှတ်တမ်း
၁၉၉၆ မှ ၁၉၉၇ – နော့်တင်ဟမ် ဖောရက်စ် (ယာယီမန်နေဂျာ)။
၂၀၀၅ မှ ၂၀၀၇ – မန်ချက်စတာစီးတီး။
၂၀၀၇ မှ လက်ရှိ – အင်္ဂလန် ၂၁ နှစ်အောက်။
၂၀၁၁ မှ လက်ရှိ – ဂရိတ်ဗြိတိန် အိုလံပစ်အသင်း။
၂၀၁၂ မှ လက်ရှိ – အင်္ဂလန်အသင်း (ယာယီမန်နေဂျာ)။