အင်္ဂလန်အတွက် ဂျွန်ဆင်အထွက် လက်စ်ကော့အဝင်
ဂလင်းဂျွန်ဆင်ဟာ နယ်သာလန်နဲ့ ရင်ဆိုင်ကစားမယ့် အင်္ဂလန်အသင်း လူစာရင်းကနေ ဒဏ်ရာကြောင့် နှုတ်ထွက်သွားခဲ့ပြီး သူ့နေရာကို ဂျိုလီယွန် လက်စ်ကော့နဲ့ အစားထိုးခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးလ်အသင်းနဲ့အတူ ကားလင်းဖလားကို ဆွတ်ခူးရရှိထားတဲ့ ဂျွန်ဆင်ဟာ ယာယီနည်းပြ စတူးအတ် ပီယာ့စ် ကိုင်တွယ်နေတဲ့ အင်္ဂလန်အသင်း လူစာရင်းမှ နှုတ်ထွက်ခဲ့တဲ့ ပဉ္စမမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

အင်္ဂါနေ့မနက်မှာ အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့သေးပေမယ့် ဂျွန်ဆင်က သူ့ရဲ့ ဒဏ်ရာအသေးစားကို သတင်းပို့ အကြောင်းကြားခဲ့ပါတယ်။
အင်္ဂလန်ဘော်လုံးအဖွဲ့ချုပ်က သူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး အသေးအစိတ် ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။ ဒါပေမယ့် ဂျွန်ဆင်ဟာ မပျော်နိုင်ဘဲ လီဗာပူးအသင်းကို ပြန်သွားခဲ့တာတော့ သေချာပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
တခြား ညာနောက်ခံကစားသမား ကေလီဝေါကာ ကလည်း ညာတောင်ပံအတွက် မီကာရစ်ချက်၊ ဖီးဂျုံးနဲ့ ခရစ်စမောလင်းတို့ ရှိနေတာကြောင့် စပါးအသင်းကို ပြန်သွားခဲ့ပါတယ်။
ပြင်းထန်တဲ့ ခြေခြင်းဝတ်ဒဏ်ရာ ရရှိခဲ့တဲ့ ဒါရင်းဘန့်နဲ့ ဖျားနေတဲ့ ဝိန်းရူနီတို့ကြောင့် အားနည်းနေတဲ့ အင်္ဂလန်လူစာရင်းကနေ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမား တွန်ကလီဗာလေကလည်း နှုတ်ထွက်သွားခဲ့ပါတယ်။
ဒါကြောင့် လစ်စကော့ တယောက်ကိုပဲ ပြန်လည်ခေါ်ယူ အားဖြည့်နိုင်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးရဲ့ အနောက်ခံကစားသမား လစ်စကော့ဟာ သူ့ကို အင်္ဂလန်အသင်းအတွက် ခေါ်ယူမှုကြောင့် အံအားသင့်နေပါတယ်။

အင်္ဂလန်အသင်းရဲ့ ယာယီနည်းပြ ပီးယာ့စ်ကလည်း ဒီရာသီမှာ သူ့ကစားသမားတွေ ပျော်ပျော်ရွှင်ရွှင် မရှိသလိုမျိုး ခံစားရကြောင်း ပြောဆိုသွားပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းဟာ ဒီနေ့ည အင်္ဂလန် ဒေသစံတော်ချိန် ၉ နာရီမှာ ဝင်ဘာလေကွင်းမှာ နယ်သာလန်လက်ရွေးစင်အသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းကစားမှာ ဖြစ်ပါတယ်။
နယ်သာလန်အသင်းနဲ့ ကစားမယ့် အင်္ဂလန်အသင်း လူစာရင်း
ဂိုး – ဂျိုးဟတ်၊ စကော့ကာဆန်၊ ရောဘတ်ဂလင်း
အနောက်တန်း – လက်တန် ဘိန်းစ်၊ အက်ရှလေ ကိုးလ်၊ ဖီးလ် ဂျုံး၊ ခရက်စ် စမောလင်း၊ ဂယ်ရီ ကာဟေး၊ မီကာ ရက်ချက်စ်၊ ဂျိုလီယွန် လက်စ်ကော့
အလယ်တန်း – ဂါရတ် ဘာရီ၊ စတီဗင် ဂျာရတ်၊ ဂျိမ်းစ် မီလ်နာ၊ သီအို ဝဲကော့တ်၊ စတီးဝပ် ဒေါင်းနင်း၊ အဒမ် ဂျွန်ဆင်၊ စကော့တ် ပါကား၊ အက်ရှလေ ယန်း
အရှေ့တန်း – ဖရေဇာ ကမ်းဘဲလ်၊ ဒန်နီ ဝဲလ်ဘက်၊ ဒယ်နီယာ စတားရိုက်
အင်္ဂလန်အသင်းခေါင်းဆောင်ကို နောက်ဆုံးအချိန်မှ ကြေညာမယ်
စတူးအတ် ပီယာ့စ်က အင်္ဂလန် အသင်းခေါင်းဆောင်အသစ်ကို နယ်သာလန်နဲ့ ချစ်ကြည်ရေးပွဲကန်ဖို့ တနာရီအလိုအထိ ကြေငြာမည်မဟုတ်ပါ။
လူတွေကတော့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ယာယီ မန်နေဂျာ ပီးယာ့စ် အနေ့နဲ့ အင်္ဂလန် အသင်းခေါင်းဆောင်ကို ကြေငြာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပါတယ်။
လီဗာပူး ကွင်းလယ်ကစားသမား စတီဗင် ဂျာရတ်နဲ့ မန်ချက်စတာစီးတီး ဂိုးသမား ဂျိုး ဟတ်တို့ဟာ အသင်းခေါင်းဆောင်အတွက် ရွေးချယ်ဖို့ သူ့ရဲ့အစီအစဉ်ထဲမှာတော့ ထည့်ထားပါတယ်။
“အသင်းခေါင်းဆောင်ကို နယ်သာလန်နဲ့ပွဲမှာ ကန်မယ့် ပထမလူစာရင်း ထုတ်ပြန်မှ တခါတည်း ကြေငြာမှာပါ။ ဒီနေရာအတွက် ကမ်းလှမ်းတဲ့လူတွေ၊ ရွေးချယ်စရာလူတွေ အများကြီးရှိတယ်ဆိုတာ သံသယ ရှိစရာမလိုပါဘူး။ ဒါပေမယ့် ကျနော်အကောင်းဆုံး လုပ်ဆောင်သွားမှာပါ” လို့ ပီးယာ့စ်က ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ပီးယာ့စ်က “ကျနော့်အလုပ်တွေထဲမှာတော့ အင်္ဂလန်အသင်းကို ခေါင်းဆောင်လုပ်ရတာ ဂုဏ်ယူဆုံးပါပဲ။ ကျနော် ဒါကိုလက်ခံဖို့အတွက် ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မချနိုင်ခဲ့ဘူး။ ဒါနဲ့ပတ်သက်ပြီး ကျနော်အမြင်တဲ့အမြင်ကတော့ ခင်ဗျားဟာ ခင်ဗျားနိုင်ငံအတွက် ကစားပေးတဲ့အခါ အားလုံးထက် ပိုမိုပြီးမြင့်မြတ်တယ်ဆိုတာပဲ။ အခုလည်း ဒီအတိုင်းပါဘဲ” လို့ ပြောပါတယ်။
စပါးကစားသမား စကော့တ် ပါကားနဲ့ ဂျိုးဟတ်ရဲ့ မန်းစီးတီး ကစားဖော်ဖြစ်တဲ့ ဂျိမ်းစ် မီနာဟာ ဒီအသင်းကို ခေါင်းဆောင်ဖို့ ဖြစ်နိုင်တယ်လို့ သဘောထား ပေးထားတာတွေရှိပါတယ်။ ဒါပေမယ့် ပီးယာ့စ်က အသင်းခေါင်းဆောင်ကို နောက်ဆုတ်ပြီး ကြေငြာဖို့ ပိုထက်သန်နေပါတယ်။
အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီဟာ သူရဲ့ အသင်းခေါင်းဆောင် ရာထူးကို စွန့်လွတ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျူပီအာကစားသမား အက်တန် ဖာဒီနန်ကို လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲတာနဲ့ ပတ်သက်ပြီး တရားရုံးက သူ့အမှုကို စစ်ဆေးဖို့အတွက် လာမယ့် ဇူလိုင်လအထိ ရွှေ့ဆိုင်းထားလို့ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းနဲ့ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း အလန်ရှီးယားက အင်္ဂလန် အသင်းခေါင်းဆောင် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလိုပြောဆိုခဲ့ပါတယ်။
“ကျနော်ကတော့ ဂျာရတ်ရဲ့ အခြေအနေနဲ့ အရည်အချင်းဟာ အခုညမှာ အင်္ဂလန်ကို ဦးဆောင်ပေးနိုင်မယ့်လူလို့ မြင်မိပါတယ်။ သူဟာ အခုပွဲအပြင် လာမယ့် ၂၀၁၂ ဥရောပဖလားပွဲအတွက်လည်း မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်လိမ့်မယ်” လို့ အလန်ရှီးယားက ဆိုပါတယ်။