ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပွဲကြည့်လက်မှတ်ဈေးကြီးလို့ ကန့်ကွက်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်က လာမယ့် မေလ ၁၉ ရက်နေ့ည ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်အတွက် တချို့ထိုင်ခုံတွေရဲ့ လက်မှတ်ဈေးနှုန်းကို လျှော့ချလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဝင်ဘလေမှာ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်မှာ သာမန်ပွဲကြည့်သူတွေအတွက် ရောင်းခဲ့တဲ့ ဈေးအပေါဆုံး ယူရို ၁၅၀ တန် လက်မှတ်အစား ဒီနှစ်မှာတော့ ယူရို ၇၀ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
ဒီနှစ်မှာ သာမန် ပွဲကြည့်ပရိတ်သတ်အတွက် ဈေးအကြီးဆုံးလက်မှတ်ကတော့ ယူရို ၃၇၀ ပါ။ ပြီးခဲ့တဲ့နှစ်က လက်မှတ်ဈေးနှုန်းကတော့ ၂၀၀၉ နဲ့စာရင် အငြင်းပွားဖွယ်ရာ နှစ်ဆနီးပါး ဈေးမြင့်တက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ပွဲစဉ်နှင့် နှိုင်းယှဉ်ပြီးတော့ ဒီနှစ် ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ရဲ့ ရုံးသုံးစားရိတ်တွေ၊ လက်မှတ်တွေအားလုံးကို ခြုံငုံပြီး ဈေးလျှော့ထားပါတယ်လို့ နိုင်ငံတကာ လက်မှတ်ရောင်းချဖို့အတွက် ယမန်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြူးနစ်ကွင်းမှာ ရောင်းချမယ့် လက်မှတ် အရေအတွက်ကလည်း စောင်ရေ ၆၂၅၀၀ သာရှိပြီး ပြီးခဲ့တဲ့နှစ် ဝင်ဘလေမှာ ရောင်းချခဲ့တဲ့ စောင်ရေ ၈၆၀၀၀ ထက် နည်းနေပါတယ်။
နောက်ဆုံး ဗိုလ်လုပွဲကိုရောက်လာမယ့် အသင်းနှစ်သင်းအတွက် သူတို့ အမာခံပရိတ်သတ်တွေကို ရောင်းချဖို့ တသင်းကို လက်မှတ်စောင်ရေ ၁၇၅၀၀ စီ ရရှိမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ တသင်းကို အစောင်ရေ ၂၅၀၀၀ စီ ရရှိခံပါတယ်။ သာမန် ပရိတ်သတ်တွေအတွက် တသင်းကို လက်မှတ်စောင်ရေ ၇၀၀၀ စီရရှိပြီး ပြီးခဲ့တဲ့နှစ်က တသင်းကို စောင်ရေ ၁၁၀၀၀ ရရှိခဲ့ပါတယ်။
ကျန်နေတဲ့လက်မှတ်တွေကတော့ ဒေသခံအဖွဲ့တွေ၊ ၅၃ နိုင်ငံမှ ဘောလုံးအဖွဲ့ချုပ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် ကြော်ငြာစီးပွားရေးသမားတွေအတွက်ဖြစ်ပါတယ်။
အင်္ဂလန်နည်းပြရှာဖို့အတွက် အချိန်နှစ်လယူမယ်
အင်္ဂလန်နည်းပြအသစ်အတွက် လာမယ့်နှစ်လအတွင်း အစားထိုးမှာ မဟုတ်ဘူးလို့ ဆာ ထရီဗာ ဘရွတ်ကင်းက ပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့လမှာ ဖေဘီယို ကာပယ်လို နုတ်ထွက်သွားပြီးကတည်းက အင်္ဂလန်အသင်းအတွက် အမြဲတမ်းနည်းပြမရှိဘဲ ဖြစ်နေခဲ့တာပါ။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နယ်သာလန်အသင်းကို ၃း၂ နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ အင်္ဂလန် လက်ရွေးစင်အသင်းကို အသက် (၂၁) နှစ်အောက် ဘောလုံးနည်းပြ စတူးအတ် ပီယာ့စ်က ယာယီကိုင်တွယ်သွားပါတယ်။
“ကျနော်တို့ အလောတကြီး လုပ်စရာမလိုပါဘူး” လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဖွံ့ဖြိုးရေး ညွန်ကြားရေးမှူး ဘရွတ်ကင်းက ဘီဘီစီ အားကစားသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး သူက “ကျနော်တို့မှာ ရှေ့ဆက်သွားဖို့ အချိန်နှစ်လကျန်ပါသေးတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အင်္ဂလန်နည်းပြသစ် ရွေးချယ်ခန့်အပ်ဖို့ တာဝန်ရှိတဲ့ ဘောလုံးအဖွဲ့ချုပ်အကြီးကဲ ၄ ယောက်ထဲက တယောက်ဖြစ်တဲ့ ဘရွတ်ကင်းက “ကျနော်ထင်တယ် ကျနော်တို့ အချိန်ယူရလိမ့်မယ်။ ပြီးရင် ပုဂ္ဂိုလ်ရေးတွေမပါဘဲ အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ကြိုးစားမယ်” လို့ ပြောဆိုသွားပါတယ်။
အင်္ဂါနေ့တုန်းကလည်း အဲဒီအဖွဲ့ထဲက တခြားတယောက်ဖြစ်တဲ့ အက်ဒရင်း ဘီယင်တန်က “ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကာပယ်လို့ရဲ့နေရာကို ဘယ်သူတွေ ကမ်းလှမ်းလာသလဲဆိုတာကို ထုတ်ဖော်ပြောဆိုမှာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
စပါးအသင်းမန်နေဂျာ ဟယ်ရီရက်ပ်နက်ကတော့ ဒီနေရာအတွက် အသင့်တော်ဆုံးဖြစ်နေပါတယ်။
နယ်သာလန်နဲ့ ချစ်ကြည်ရေးခြေစမ်းပွဲကို ယာယီကိုင်တွယ်ပြီးနောက် ပီယာ့စ် က “၂၀၁၂ ဥရောပဖလားပွဲအတွက် အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့ ပျော်ရွှင်မှာပါ၊ ဒါပေမယ့် သူ့ကို ရေရှည်အတွက် စဉ်းစားတယ် ဆိုတာကိုလည်း သူမယုံကြည်ဘူး” လို့ ပြောဆိုသွားပါတယ်
ဗုဒ္ဓဟူးနေ့က ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောက် အသင်းနဲ့ ကစားတဲပွဲက ဒီအတွက် အကျိုးသက်ရောက်မှု မရှိပါဘူး။ ဘရော့ခင်းကလည်း ဒီအမြဲတမ်း နည်းပြနေရာအတွက် ပီယာ့စ်မှာ အခွင့်အရေးရှိတယ်၊ မရှိဘူးလို့ ပြောမှာမဟုတ်ပါဘူး။
“သူဟာ သူ့အလုပ်ကို ရှင်းရှင်းလင်းလင်း လုပ်ဆောင်ခဲ့တယ်။ တကယ်လို့ ကျနော်တို့က ဒီနေရာအတွက် သူ့ကို လိုအပ်လို့ခေါ်ခဲ့ရင်၊ သူဟာ တကယ့်ကို ကျေနပ်ပျော်ရွှင်ရလိမ့်မယ်” လို့ ဘရွတ်ကင်းက ဆိုခဲ့ပါတယ်။
“ဒီအပတ်မှာ သူဟာ သူ့အလုပ်ကို တကယ်ကောင်းမွန်စွာ လုပ်နိုင်ခဲ့တယ် ပြီးတော့ သူ့ရဲ့ စိတ်အားထက်သန်မှုကို ခင်ဗျားတို့ မြင်နိုင်ပါတယ်၊ အခွင့်အရေးကိုလည်း အသုံးချနိုင်ခဲ့တယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ သဘောထားက ဒီရာသီအသင်းရဲ့ ရလဒ်တွေကို အခြေခံပြီး ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ဒီအတောအတွင်းမှာ ဘောလုံးအသင်းမှာ အဖြစ်အပျက်တွေ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့ပါတယ်” လို့ ဘရွတ်ကင်းက ဆက်ပြောပါတယ်။
အဲဒီအချိန်မှာဘဲ စတုတ်စီးတီးအသင်း မန်နေဂျာ တိုနီ ပူးလစ်က ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒီနေရာအတွက် မြန်နိုင်သမျှ အမြန်ဆုံး အစားထိုးသင့်တယ်၊ ဒါ့အပြင် ရွေးချယ်ရေးအဖွဲ့ကလည်း နောက်ဖြစ်လာမယ့် နည်းပြဟာ ဘယ်သူဘယ်ဝါ ဖြစ်သင့်တယ်ဆိုတာမျိုး တွေဝေနေဖို့မလိုဘူးလို့ အကြံပြုပြောဆိုခဲ့ပါတယ်။
“စတူးအတ်ကိုဖြစ်ဖြစ် တခြားဘယ်သူကိုပဲဖြစ်ဖြစ် လေးစာမှုမရှိဘူးဆိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအလုပ်ကို ဟယ်ရီရက်နက် ရသင့်တယ်လို့ ကျနော်ထင်တယ်။ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ သူတိုလုပ်နိုင်သမျှ အမြန်ဆုံးလုပ်သင့်တယ်လို့ ကျနော်ထင်တယ်” လို့ သူက ဆက်ပြောပါတယ်။
အင်္ဂလန်နည်းပြအသစ်ရှာဖွေမယ့် ဘောလုံးအဖွဲ့ချုပ်အကြီးကဲထဲက အခြားနှစ်ယောက်ကတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဒေးဗစ် ဘန်စတိန်းနဲ့ အထွေထွေအတွင်းရေးမှူး အဲလက်စ် ဟော်နီ တို့ဖြစ်ပါတယ်။