ယခု ရာသီအစတွင် စတင်ပြီး ချယ်လ်ဆီး အသင်းကို ကိုင်တွယ်ရန် ရောက်လာတဲ့ အသက် ၃၄ သာရှိသေးသူ လူငယ်နည်းပြ အန်ဒရေ ဗီလာစ်-ဘိုအာရှ်ကို ချယ်ဆီးအသင်းကထုတ်ပယ် လိုက်ပါတယ်။ ယခုတပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဘရွန်း အသင်းကို ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးအသင်း တာဝန်ရှိသူများက ရလဒ်ဆိုးတွေကြောင့် ဖိအားတွေဝင်နေတဲ့ ဘိုအာရှ်ကို ယခုလို ချက်ချင် ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။
၂၀၁၁ ဇွန်လမှစတင်ပြီး ကိုင်တွယ်ခွင့်ရခဲ့တဲ့ ဘိုးအာရှ်အစား ယခင်ချယ်လ်ဆီး ကွယ်လယ်လူ၊ ယခုလက်ရှိ လက်ထောက်နည်းပြ ဒီမက်တီယိုက ယာယီ နည်းပြအဖစ် ခေတ္တ ကိုင်တွယ်သွားမယ်လို့သိရပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ ဝက်ဘ်ဆိုဒ်မှာတော့ “အကြောင်းမလှစွာဖြင့် အသင်းဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် မရှိသလို၊ ယခုလို အရေးကြီးတဲ့ကာလမှာလည်း တိုးတက်ဖို့ အလားအလာ မရှိတော့တဲ့အတွက် ဒီလို ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။ အသင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေ ဖလားတွေမှာ တကယ်အရေးကြီးတဲ့ အချိန်ရောက်နေတာဖြစ်သလို ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ တိုက်ပွဲဝင်နေရတာကြောင့် အခုလို ရလဒ်တွေ ဆိုးရွားနေတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲမှုလိုအပ်နေလို့ ယခုလို ဘိုးအာရှ်ကို ထုတ်ပယ်လိုက်ရခြင်း ဖြစ်ပါတယ်” ဆိုပြီး သတင်းထုတ်ပြန်သွားပါတယ်။
ချယ်လ်ဆီးအသင်းဟာ ရုရှား ဘီလျံနာသူဌေးကြီး အဗရာမိုဗစ်က ၂၀၀၃ မှာ စတင်ဝယ်ယူပြီးကတည်းက ပရီးမီးယားလိဂ်ဖလား ၃ ခု၊ အက်ဖ်အေ ဖလား ၃ ခုနဲ့ကာလင်း ဖလား ၂ ခု ရယူထားနိုင်ခဲ့ပါတယ်။ ၂၀၁၀ တုန်းက နည်းပြဟောင်း အန်ချလော့တီရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ် ဖလား ၊ အက်ဖ်အေ ဖလား ၂ ခု တပြိုင်နက်တည်း ဆွတ်ခူးပြီးချိန်ကစပြီး ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှုဟာ အကျပိုင်းသို့ ရောက်လာခဲ့ပါတယ်။ နည်းပြတွေကို ထုတ်ပယ်ဖို့ လက်မတွန် သူလို့နာမည်ကြီးတဲ့ အဗရာမိုဗစ်ဟာ သူရဲ့လက်ထက်မှာ ၇ ယောက် မြောက်နည်းပြဖြစ်တဲ့ ဘိုးအာရှ်ကို ထုတ်ပယ်ရာမှာ စာချုပ်ပါအတိုင်း ပေါင် ၁၂ သန်း ပေးရမှာဖြစ်ပါတယ်။
ယခုလက်ရှိ အချိန်မှာတော့ နည်းပြအသစ် မခန့်မီအချိန်အထိ ဘိုးအာရှ်ခေါ်ယူခဲ့တဲ့ ဒီမက်တီယိုက ယာယီ ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ ဘိုးအာရှ်နေရာ ဆက်ခံဖို့ ယခုရေပန်းစားနေတဲ့ နည်းပြတွေကတော့ လစ်ဗာပူး နည်းပြဟောင်း ဘန်နီတက်စ်နဲ့ အင်္ဂလန် နည်းပြရာထူးမှ ပူပူနွေးနွေး နုတ်ထွက်သွားတဲ့ ကာပယ်လိုတို့ကို့မီဒီယာတွေက တစ်ပေးနေကြပါတယ်။
ချယ်လ်ဆီးအသင်းပိုင်ရှင် အဗရာမိုဗစ်ရဲ့ လက်အောက်မှာ တာဝန်ယူခဲ့တဲ့ မန်နေဂျာ ၇ ယောက်
၁။ ရာနေရာနီ – (စက်တင်ဘာ ၂၀၀၀ – မေ ၂၀၀၄)
၂။ မော်ရင်ညို – (ဇွန် ၂၀၀၄ – စက်တင်ဘာ ၂၀၀၇)
၃။ ဂရန့် – (စက်တင်ဘာ ၂၀၀၇ – မေ ၂၀၀၈)
၄။ စကောလာရီ – (ဇူလိုင် ၂၀၀၈ – ဖေဖော်ဝါရီ ၂၀၀၉)
၅။ ဟစ်ဒင့် – (ဖေဖော်ဝါရီ ၂၀၀၉ – မေ ၂၀၀၉)
၆။ အန်ချလော့တီ – (ဇွန် ၂၀၀၉ – မေ ၂၀၁၁)
၇။ ဘိုးအာရှ် – (ဇွန် ၂၀၁၁ – မတ် ၂၀၁၂)