ယခုတပတ် ချန်ပီယံလိဂ် ဒုတိယ အကျော့ပွဲစဉ်တွေဟာ အသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့အာဆင်နယ်တို့ ဂိုးမြူးခဲ့ကြတဲ့ ပွဲစဉ်တွေဖြစ်ခဲ့ပါတယ်။ ယခုတပတ်မှာအာဆင်နယ် – အေစီမီလန်၊ ဘန်ဖီကာ – ဇင်းနစ်၊ ဘာစီလိုနာ – လေဗာကူဆင်၊ အေပိုအယ် နီကိုရှား – လိုင်ယွန် အသင်းတို့ရဲ့ ဒုတိယ အကျော့ ရှုံးထွက်ပွဲစဉ်တွေဟာ အကြိတ်အနယ် ရှိခဲ့ပါတယ်။
ဘာစီလိုနာ ၇ – ၁ လေဗာကူဆင်
ပထမ အကျော့တုန်းက လေဗာကူဆင်ကွင်းမှာ ၃ – ၁ နဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ဘာစီလိုနာဟာ ယခု ဒုတိယအကျော့ အိမ်ကွင်း နူးကမ့်မှာ ကစားရတာဖြစ်လို့ ဖိအားကင်းစွာ ကန်နိုင်ခဲ့သလို မက်ဆီရဲ့ တကိုယ်တော် ခြေစွမ်းပြမှုကြောင့် ချန်ပီယံလိဂ်မှာ ပထမဦးဆုံး တပွဲတည်း ၅ ဂိုး သွင်းနိုင်တဲ့ ဘောလုံးသမားအဖြစ် စံချိန်ပါ တင်သွားပါတယ်။
ဘာစီလိုနာ အသင်းဟာ ယခုပွဲစဉ်မှာ ဂိုးသမား ဗောဒက်စ်၊ အဲဗက်စ်၊ ပီကေး၊ မာရှေရာနို၊ အက်ဒီရာနို၊ ဖာဘရီဂက်စ်၊ ဇာဗီ၊ အင်နီယေစတာ၊ ဘက်စကွက်၊ မက်ဆီနဲ့ပက်ဒရိုတို့ ပွဲထွက်လာကြပါတယ်။ ဘာစီလိုနာဟာ ပွဲချိန်တခုလုံး ကွင်းလယ်ကို စိုးမိုးကစားခဲ့ပြီး ဇာဗီ၊ အင်နီယေစတာနဲ့ ဖာဘရီဂက်စ်တို့ရဲ့တွဲလုံးတွေဟာ အင်မတန်ကြည့်ကောင်းခဲ့သလို မက်ဆီရဲ့ တကိုယ်တော် ကျော်ဖြတ်မှုတွေကိုလည်း လေဗာကူဆင် နောက်တန်း မထိမ်းနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာတင် မက်ဆီရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ ဦးဆောင်ခြင်းခံခဲ့ရပါတယ်။
ဒုတိယပိုင်း ပွဲအစ ၅ မိနစ်မှာတော့ မက်ဆီဟာ သူရဲ့ ဟက်ထရစ်ကို သွင်းယူသွားပြီးနောက် ပွဲချိန် ၅၅ မိနစ်မှာ လူငယ်ကစားသမား တယ်လို ဝင်ရောက်ကစားပါတယ်။ တယ်လိုဟာ ဝင်လာတယ်ဆိုရင်ပဲ ရတဲ့အခွင့်အရေးတွေကို အသုံးချသွားပြီး ၂ ဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့သလို မက်ဆီရဲ့ ၅ ဂိုးသွင်းစံချိန်အတွက် ဂိုးတွေဖန်တီးပေးပြီး ပွဲအပြီးမှာ လေဗာကူဆင်ဟာ ဘာစီလိုနာကို လုံးဝမယှဉ်နိုင်ဘဲ အရှုံးပေးလိုက်ရပါတယ်။ ပွဲအပြီးမှာ ဘာစီလိုနာနည်းပြ ဂါဒီယိုလာက မက်ဆီဟာ ပြိုင်ဘက်မရှိ ပြီးပြည့်စုံတဲ့ ကစားသမားပါဆိုပြီး ချီးမွမ်းသွားခဲ့ပါတယ်။
အာဆင်နယ် ၃ – ၀ အေစီမီလန်
ပထမအကျော့မှာတုန်းက အေစီမီလန်ကို ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် အိမ်ကွင်းမှာ ၅ ဂိုးသွင်းမှ မျှော်လင့်ချက်ရှိမယ့် အာဆင်နယ်နဲ့အေစီမီလန်ပွဲကို ဘောလုံးပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါတယ်။ ၁ ပတ်အတွင်း စပါးနဲ့ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တာကြောင့် အားတက်နေတဲ့ အာဆင်နယ်အသင်းဟာ အေစီမီလန်ကို အိမ်ကွင်းအားသာချက်နဲ့ တိုက်စစ်မြှင့်ကစားခဲ့ပါတယ်။
တိုက်စစ်မှာ ဗန်ပါစီနဲ့ တွဲကစားဖို့ ဝယ်ကော့၊ ဂါဗင်ဟိုအပြင် လူငယ်ကစားသမား ချိန်ဘာလိန်ကိုပါ ပွဲထွက် ကစားစေခဲ့တာကြောင့် အာဆင်နယ်ရဲ့ တိုက်စစ်ဟာ အလွန်လျင်မြန်ခဲ့ပါတယ်။ ပွဲစတာနဲ့ တရှိန်ထိုး ဖိကစားတာကြောင့် ၇ မိနစ်မှာတင် နောက်ခံလူ ကိုစီယန်နီက ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူပြီး အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ပထမ ပိုင်းတခုလုံးမှာ အာဆင်နယ် အသင်းကသာ ဘောလုံးကိုင်ထားပြီး အခွင့်အရေး တော်တော်များများ ရခဲ့ပါတယ်။ ၂၆ မိနစ်မှာတော့ ဒုတိယဂိုးကို ရိုဆစ်စကီးက သွင်းယူခဲ့တာကြောင့် အာဆင်နယ်အသင်း ပိုမိုအားတက်လာပြီး အတင်းဖိကစားလာခဲ့ပါတယ်။ ပထမပိုင်း ပြီးဆုံးဖို့ ၃ မိနစ် အလိုမှာတော့ ချိန်ဘာလိန်က အေစီမီလန် နောက်တန်း ၂ ဦး ကြားကနေ ဘောလုံးကျော်ဖြတ်ဆွဲရာမှာ ပယ်နတီစည်းအတွင်း ထိခိုက်မိလို့ ပယ်နတီ ရတာကို ဗန်ပါစီက အမှားအယွင်းမရှိ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ၁ ဂိုး ထပ်မံသွင်းယူလျှင် အချိန်ပိုထိ ကစားရမည်ဖြစ်သော်လည်း အာဆင်နယ်အသင်းရဲ့ ကစားအားဟာ သိသိသာသာ ကျသွားပြီး ကွင်းလယ်မှာလည်း အမှားတွေများလာခဲ့တာကြောင့် အေစီအသင်းရဲ့ ရောဘင်ဟို၊ အီဗရာဟီမိုဗစ်တို့ရဲ့ တိုက်စစ်ဟာ ပြန်လည်အသက်ဝင်လာပါတယ်။ ဒါအပြင် ကွင်းလယ်မှာ ဘောလုံးကိုင်ကစားဖို့ လီဗာပူးအသင်းကနေ အငှားခေါ်ယူထားတဲ့ အကွီလာနီကို ထည့်ကစားတာကြောင့် အေစီမီလန် ကွင်းလယ်ဟာ လုံးဝပြန်ငြိမ်သွားပြီး အာဆင်နယ်အသင်းကို ဖိအားပြန်ပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ် တိုက်စစ်မှူး ဗန်ပါစီဟာလည်း အပိုင် အခွင့်အရေး တလုံးရခဲ့ပေမယ့် အေစီမီလန် ဂိုးသမား အက်ဘီယာတီ ကောင်းလွန်းခဲ့တာကြောင့် ဂိုး ထပ်မံ မသွင်းနိုင်တော့ဘဲ ၃ – ၀ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ အလာကောင်းပေမယ့် အခါနှောင်းသွားတဲ့ အာဆင်နယ်အသင်းဟာ အီတလီမြေမှာ ၄ ဂိုး ပေးခဲ့တာကိုတော့ သိက္ခာပြန်ဆယ်နိုင်ခဲ့ပြီး အကောင်းဆုံး ကစားသွားနိုင်ခဲ့ပါတယ်။
ဒုတိယအကျော့ ချန်ပီယံလိဂ် ပွဲစဉ်ရလဒ်များ
အာဆင်နယ် ၃ – ၀ အေစီမီလန်
ဘန်ဖီကာ ၂ – ၀ ဇင်းနစ်
ဘာစီလိုနာ ၇ – ၁ လေဗာကူဆင်
*အေပိုအယ် နီကိုရှား ၁ – ၀ လိုင်ယွန်
*(၂ ပွဲပေါင်း ရလဒ်တူညီနေသဖြင့် ပယ်နတီ အဆုံးအဖြတ်ရာ နောက်တဆင့်သို့ အေပိုအယ် နီကိုရှားအသင်း တက်ရောက်)
Sources: BBC, Goal.com