ယမန်နေ့ညက ယူရိုပါလိဂ် ပွဲစဉ်တွေမှာ မန်ချက်စတာ မြို့ခံနှစ်သင်းဟာ ရှုံးပွဲတွေကြုံခဲ့ရပြီး စပိန်ကလပ်တွေ ခြေစွာတဲ့ည ဖြစ်ခဲ့ပါတယ်။ အသင်းကြီးတွေဖြစ်တဲ့
ဗလင်စီယာ၊ အက်သလက်တီကို မက်ဒရစ်တို့ နိုင်ပွဲတွေရခဲ့သလို မန်ယူနဲ့ မန်စီးတီးတို့ရဲ့မထင်မှတ်တရှုံးပွဲတွေဟာလည်း ယူရိုပါလိဂ်ကို ပိုပြီးအရှိန်တက်စေခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် ၂ – ၃ အက်သလက်တီကို ဘီဘာအို
ယခုရာသီ ဥရောပပွဲတွေမှာ အိမ်ကွင်းစွမ်းဆောင်ရည် ညံ့ဖျင်းနေတယ်လို့ဝေဖန်ခံနေရတဲ့ ဖာဂူဆန်ရဲ့ မန်ယူအသင်းဟာ အိုးထရက်ဖို့မှာ အံ့အားသင့်စရာ ဘီဘာအို အသင်းကို အရှုံးပေးလိုက်ရပါတယ်။ မန်ယူအသင်းဟာ ဂိုသမား ဒီဂီယာ၊ အီဗရာ၊ ဂျုန်းစ်၊ အီဗန်စ်၊ စမောလင်း၊ ရာဖေး၊ ဂစ်၊ ပါခ့်ဂျီဆန်၊ ယန်း၊ ရွန်းနီ၊ ဟာနန်ဒက်စ်တို့နဲ့ပွဲထွက်လာပြီး ဘီဘာအို အသင်းမှာတော့ စပိန်နာမည်ကြီး ကစားသမား လောရန်တေးနဲ့ ဂျာဗီမာတီနက်စ်တို့အုပ်စုနဲ့ လူစုံ ပွဲထွက်လာခဲ့ပါတယ်။
မန်ယူအသင်းဟာ ပွဲစတယ်ဆိုရင်ပဲ အိမ်ကွင်းအားသာချက်နဲ့ဖိကစားပြီး ၂၂ မိနစ်မှာ ရွန်နီးက အဖွင့်ဂိုး သွင်းယူပေးသွားပါတယ်။ အဖွင့်ဂိုး သွင်းယူပြီးနောက် မန်ယူအသင်းက တိုက်စစ်အားချပြီး ကွင်းလယ်မှာ ဘောလုံးကိုင်ကစားဖို့ကြိုးစားတာကြောင့် ဘီဘာအို အသင်းဟာ အကွက်ပြန်မိလာပြီး ၄၄ မိနစ်မှာ လောရန်တေးရဲ့ ခေါင်းတိုက်ဂိုးနဲ့ချေပဂိုးရရှိခဲ့ပါတယ်။
ဖာဂူဆန်ရဲ့ လူငယ်အများအပြားနဲ့ ပွဲထွက်လာတဲ့ မန်ယူအသင်းကို ရင်ဆိုင်တဲ့ ဘီဘာအိုရဲ့ အသက်ပျမ်းမျှဟာလည်း အသက် ၂၄ နှစ်သာရှိတာမို့ လူငယ်တွေကန်တဲ့ အကြိတ်အနယ်ပွဲဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘီဘာအိုရဲ့ အနီးပေး ကစားကွက်တွေကြောင့် မန်ယူအသင်း ဒုက္ခရောက်ခဲ့ရပြီး မာကောစ့်နဲ့မြူနီယန်းတို့ရဲ့ ဂိုးတွေကို မတားဆီးနိုင်ခဲ့ပါဘူး။
ပွဲပြီးခါနီး မိနစ် ၉၀ မှာတော့ နောက်တစ်ကျော့အတွက် အသက်ဝင်စေမယ့် မန်ယူရဲ့ ဒုတိယမြောက်ဂိုးကို ရွန်းနီကပဲ ပယ်နတီကနေတဆင့် သွင်းယူပေးပြီး အိမ်ကွင်းမှာ ရှုံးပွဲ ထပ်ကြုံသွားခဲ့ပါတယ်။ ဘီဘာအို အသင်းဟာ ပျမ်းမျှ ဘောလုံးပိုင်ဆိုင်မှု ၅၅ ရာခိုင်နှုန်းရှိခဲ့ပြီး မန်ယူအသင်းကတော့ ၄၅ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ယခုပွဲမှာတော့ ဘီဘာအိုရဲ့ ကန်ချက်တော်တော်များများကို ဂိုးသမား ဒီဂီယာ ကြိုးစားကာကွယ်ပြီး အကောင်းဆုံး ကစားသွားနိုင်ခဲ့ပါတယ်။ ဒုတိယအကျော့မှာ ဘီဘာအိုကွင်းမှာ သွားကန်ရမှာမို့ မန်ယူအသင်းဟာ ရှုံးပွဲမှ ပြန်လည်ရုန်းထပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
စပေါ့တင်း လစ်စဘွန်း ၁ – ၀ မန်စီးတီး
မန်ယူ အသင်းနည်းတူ ရှုံးပွဲကြုံခဲ့တဲ့ နောက်ထပ် အင်္ဂလန် ကလပ်အသင်းကတော့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်း ဖြစ်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ နောက်တဆင့် ကွာတား ဖိုင်နယ်ရောက်ဖို့ အိမ်ကွင်းမှာ အနိုင်ကန်ရတော့မှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဖလားတိုင်းကို ပစ်မှတ်ထားနေတာမို့ဒီပွဲကိုလည်း လူအင်အား အတောင့်တင်းဆုံးနဲ့ ပွဲထွက်လာပါတယ်။ ဂိုးသမား ဟက်၊ ကွန်ပနီ၊ ကိုလာရော့ဗ်၊ ကလစ်ချီ၊ ကိုလိုတိုရေး၊ မယ်နာ၊ ဘယ်ရီ၊ ဆေးဗား၊ ဒီဂျွန်၊ ချက်ကို၊ အဂူရိုတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။
စပေါ့တင်း လစ်စဘွန်း အသင်းဟာ အိမ်ကွင်းဖြစ်တာကြောင့် ရဲရဲတင်းတင်းနဲ့ အတင်းဝင် အတင်းဖျက် ကစားသွားခဲ့ပြီး မန်စီးတီးအသင်းဟာ အကွက်တည်လို့မရခဲ့ဘဲ အိမ်ရှင်အသင်းရဲ့ စိုးမိုးမှုအောက်မှာသာ ကျရောက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ စပေါ့တင်း လစ်စဘွန်းရဲ့ အနိုင်ဂိုးကိုတော့ ဇန်ဒိုက ပြစ်ဒဏ်ဘောမှ အံကျလာတဲ့ ဘောလုံးကို သွင်းယူသွားခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမား ဒေးဗစ် ဆေးဗားကတော့ လူကပ် ကစားခံရတာကြောင့် ပွဲချိန် အတွင်းဘာမှ မဖန်တီးပေးနိုင်သလို ရှေ့တန်း ကစားသမားတွေဖြစ်တဲ့ အဂူရိုနဲ့ ချက်ကိုတို့အတွဲဟာလည်း ဂိုးသွင်းဖို့ အခွင့်အရေး မရခဲ့ပါဘူး။
ယခုရှုံးပွဲကြောင့် လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ကန်မယ့် ဒုတိယအကျော့ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ခြေမကွာတဲ့ စပေါ့တင်း လစ်စဘွန်းအသင်းနဲ့ အကြိတ်အနယ် ကန်ရတော့မှာ ဖြစ်ပါတယ်။
ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ် ပထမအကျော့ ရလဒ်များ
အက်သလက်တီကို ၃ – ၁ ဘက်ဆီတက်စ်
တွမ်တီး ၁ – ၀ ရှော်ကေး
ကာကစ်ဗ် ၀ – ၁ အိုလန်ပီယာကော့စ်
စပေါ့တင်း လစ်စဘွန်း ၁ – ၀ မန်ချက်စတာစီးတီး
အက်ခမာ ၂ – ၀ အူးဒီးနီးစ်
မန်ချက်စတာ ယူနိုက်တက် ၂ – ၃ အက်သလက်တီကို ဘီဘာအို
စတန်းဒက် လီဂီ ၂ – ၂ ဟန်နိုဗာ
ဗလင်စီယာ ၄ – ၂ ပီအက်စ်ဗွီ
Sources: BBC, Goal