ထွန်းတောက်ဆုံး ရှေ့တန်းကစားသမား လီယွန်နယ် မက်ဆီက ဘာစီလိုနာရဲ့လက်ရှိ အောင်မြင်မှုတွေမှာ နည်းပြ ပက်ဂွါဒီယိုလာရဲ့အခန်းကဏ္ဍက အဓိကကျတယ်လို့ ယုံကြည်နေပါတယ်။
ဘာစီလိုနာဟာ ဂွါဒီယိုလာ စတင်နည်းပြခဲ့တဲ့ ၂၀၀၈-၀၉ ရာသီကစပြီး ဖြစ်နိုင်ခြေရှိတဲ့ ဆုဖလားပေါင်း ၁၆ ခုမှာ ၁၃ ခု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံးဆု ၃ ကြိမ်တိုင်တိုင် ရရှိထားပြီး ပြီးခဲ့တဲ့ တပတ်အတွင်းမှာ ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ မက်ဆီက “ဂွါဒီယိုလာဟာ ဘာစီလိုနာရဲ့ စီမံကိန်းကို အခြေခံအုတ်မြစ်ချသူ ဖြစ်ပါတယ်” လို့ ပြောဆိုသွားပါတယ်။
အသင်းအတွက် ခင်ဗျားက ပိုအရေးကြီးသလားလို့ မေးတဲ့အပေါ်မှာ မက်ဆီက “ဘာကာ အတွက် ဂွါဒီယိုလာက ပိုအရေးကြီးပါတယ်” လို့ ပြန်ပြောခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် နာမည်ကျော် အာဂျင်တီးနားသား မက်စီက “ဒီအသင်းကို သူရောက်ရှိလာခြင်းက အရာရာကို ပြောင်းလဲသွားစေခဲ့ပါတယ်။ နောက်ပြီး အခုရရှိနေခဲ့တဲ့ အောင်မြင်မှုတွေ အားလုံးဟာ သူ့ကြောင့်ရခဲ့တဲ့ အောင်မြင်မှုတွေပါ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်မှာ ဘိုင်ယန်လီဗာကူဆင်ကို ၇ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲမှာ မက်ဆီဟာ သူတယောက်တည်း ၅ ဂိုးသွင်းခဲ့ပြီး တနင်္ဂနွေနေ့က လာလီဂါပြိုင်ပွဲမှာလည်း ရေဆင်း ဆန်တင်ဒါး အသင်းဘက်ကို သူ့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။
ဒီရာသီမှာ ဘာစီလိုနာအတွက် ဂိုး ၅၀ သွင်းယူထားတဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဂိုးသွင်းအပြီးမှာတော့ အသင်းရဲ့ စံချိန်တင် ကစားသမား ဆီဇာရွတ်ဒီဂွက်ဇ်ရဲ့ အသွင်းဂိုး စုစုပေါင်း ၂၃၅ ဂိုးကို လိုက်မှီဖို့ ၅ ဂိုးသာ လိုပါတော့တယ်။
ဒီရာသီအကုန်မှာ စာချုပ်ကုန်ဆုံးတော့မယ့် ဂွါဒီယိုလာဟာ စာချုပ်အသစ်အတွက် လက်မှတ် မထိုးသေးပါဘူး။ တကယ်လို့သာ ဂွါဒီယိုလာဟာ နူးကမ့်က ထွက်ခွာသွားရင်တော့ အသင်းအနေနဲ့ သူ့နေရာကို အစားထိုးဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မက်ဆီက ယုံကြည်နေပါတယ်။
“အသင်းနဲ့ ကစားသမားတွေဟာ နားလည်မှုတွေနဲ့ ရှင်းရှင်းလင်းလင်း ရှေ့ကိုဆက်ပြီး ချီတက်နိုင်ပါတယ်။ ဒါပေမယ့် သူမရှိရင်တော့ အခက်အခဲတွေတွေ့မှာ ကျိန်းသေပါပဲ” လို့ မက်ဆီက ပြောပါတယ်။
“သူ့လိုမျိုး အသင်းကိုလမ်းညွန်ပေးနိုင်တဲ့၊ အောင်မြင်မှုတွေ ယူပေးနိုင်တဲ့ တခြားနည်းပြတဦးကိုရှာမယ်ဆိုရင် ဒါဟာအလွန်ခက်ခဲ့တဲ့ကိစ္စပါ၊ ဒီအသင်းဟာ သူ့အသင်းပါဘဲ” လို့ မက်ဆီက ဆက်လက်ပြောဆိုသွားပါတယ်။
ဂွါဒီယိုလာ လက်ထက်မှာ ဘာစီလိုနာရဲ့ အောင်မြင်မှုများ
-လာလီဂါဖလား ၃ ကြိမ် (၂၀၀၈-၀၉၊ ၂၀၀၉-၁၀၊ ၂၀၁၀-၁၁)
-စပိန် စူပါကိုပါဖလား ၃ ကြိမ် (၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁)
-ဥရောပ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် (၂၀၀၈-၀၉၊ ၂၀၁၀-၁၁)
-ဥရောပ စူပါဖလား ၂ ကြိမ် (၂၀၀၉၊ ၂၀၁၁)
-ကမ္ဘာ့ကလပ်များ ချန်ပီယံဖလား ၂ ကြိမ် (၂၀၀၉၊ ၂၀၁၁)
-စပိန်ဘုရင့်ဖလား ၁ ကြိမ် (၂၀၀၈-၀၉)
ဒါဘီပြိုင်ပွဲက ဇယားထိပ်ဆုံးအတွက် အဆုံးဖြတ်ပေးမယ်ဆိုတဲ့ မန်စီနီ
မန်ချက်စတာစီးတီးနည်းပြ ရောဘတ်တို မန်စီနီက ပရီးမီးယားလိဂ် ဇယားထိပ်ဆုံးနေရာအတွက် ရာသီမကုန်ခင် သုံးပွဲအလို သူတို့ကွင်းမှာ ရင်ဆိုင်မယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပြိုင်ပွဲရလဒ်က အဆုံးဖြတ်ပေးသွားလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။
မန်စီနီရဲ့ အသင်းဟာ ဆွမ်ဆီး အသင်းကို ရှုံးနိမ့်ပြီး ဇယားထိပ်ဆုံးနေရာကို သူ့မြို့ခံအသင်းထံ လွှဲပေးခဲ့ရပါတယ်။
ဒါပေမယ့် လာမယ့် ဧပြီလ ၃၀ ရက်နေ့မှာ ယူနိုက်တက်အသင်းကို အီတီဟတ်မှာ လက်ခံကစားမယ့်ပွဲဟာ ဇယားထိပ်ဆုံးနေရာအတွက် သက်သေပြမယ့် ပွဲဖြစ်လိမ့်မယ်လို့ မန်စီနီက ယုံကြည်နေပါတယ်။
“ဒီနေ့ကတော့ ပြဿနာမဟုတ်သေးပါဘူး၊ ရာသီမကုန်ခင် သုံးပွဲအလို ပွဲစဉ်ကတော့ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ကျနော်ထင်တယ်” ဆိုပြီး ဘီဘီစီ အားကစားသတင်းဌာနကို မန်စီနီက ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးဟာ ၁-၀ ရလဒ်နဲ့ ဆွမ်းဆီးရဲ့ ချေမှုန်းခြင်းကို ခံနေခဲ့ရတဲ့အချိန်မှာပဲ ယူနိုက်တက်အသင်းက ဝက်စ်ဘရွန်းအသင်းကို ၂-၀ ရလဒ်နဲ့ အနိုင်ယူပြီး ဇယားထိပ်ကို တက်လာခဲ့တာပါ။ ဒါပေမယ့် မန်စီနီကတော့ ထိပ်ဆုံးနေရာကို လက်လွတ်လိုက်ရတဲ့အတွက် မစိုးရိမ်ပါဘူး။ ရာသီကုန်ဖို့ ၁၀ ပွဲကျန်နေသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး အီတလီသား နည်းပြက ၄၄ နှစ်အတွင်း စီးတီးအသင်း ပထမဆုံး ချန်ပီယံဖြစ်နိုင်တယ်လို့ သူယုံကြည်ကြောင်း ပြောဆိုသွားပါတယ်။
“ကျနော်တို့ဟာ ရာသီကုန်ဆုံးတဲ့အထိ သူတို့ကို တိုက်ပွဲဝင်သွားရပါမယ်။ ကျနော်တို့မှာ ဒီချန်ပီယံ လုပွဲအတွက် နောက်ထပ် ၁၀ ပွဲကစားဖို့ ကျန်ပါသေးတယ်။ ဘောလုံးရာသီက ရှည်လျားတယ်။ နောက်ပြီး အပတ်တိုင်း အပတ်တိုင်းမှာ အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်။ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ကျနော်ယုံကြည်နေဆဲပါ” လို့ မန်စီနီက ဆိုပါတယ်။
မန်စီနီက ဆက်လက်ပြီး “ကျနော်တို့ဟာ ဇယားထိပ်ဆုံးမှာ လပေါင်းများစွာရှိနေခဲ့ပြီး အခု လက်ကျန် ၁၀ ပွဲ လိုမှ ဒုတိယနေရာကို ဆင်းပေးခဲ့ရတာပါ။ ဇယားထိပ်ဆုံးနားမှာ ရှိနေဖို့ကတော့ အရေးကြီးတာပေါ့။ ယူနိုက်တက်ဟာ ကျနော်တို့လိုပဲ ဇယားထိပ်ဆုံး ရောက်လာခဲ့တယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမယ့် အခုချိန်မှာ ကျနော်တို့ဟာ ပိုမိုအားစိုက်ဖို့လိုအပ်ပြီး ဒါဟာ ကျနော့် ကစားသမားတွေအတွက် စမ်းသပ်မှုတခုပါ။ ပြီးခဲ့တဲ့ ၄ ရက်ဟာ ကျနော့်အတွက် ခက်ခဲ့တဲ့ အခိုက်အတန့်ပါ။ ဒါပေမယ့် ဘောလုံးပွဲဟာ ဒီလိုပါပဲ။ ဘောလုံးရာသီက ရှည်လျားပါတယ် နောက်ပြီး ဒီနေ့ အဖြစ်အပျက်မျိုး ယူနိုက်တက်လည်း ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။
မန်စီနီက သူ့အသင်းဟာ တနင်္ဂနွေတုန်းက ကစားပုံ မကောင်းခဲ့ဘူးဆိုတာကို လက်ခံခဲ့ပြီး “ကျနော်တို့ တန်ပြန်တိုက်စစ်မှာ အခွင့်အရေး ၃၊ ၄ ကြိမ်လောက် ဖြုန်းတီးခဲ့ပါတယ်” လို့ ဆိုပါတယ်။
အင်္ဂလန်အလယ်တန်း ကစားသမား ဂါရတ်ဘာရီက သူ့ကို လူစားလဲတာကို လက်ထောက်မန်နေဂျာ ဒေးဗစ်ပလတ်အပေါ် ရိုင်းစိုင်းစွာ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ စီးတီး မန်နေဂျာက ငြင်းဆန်သွားပါတယ်။
လူစားအလဲခံရလို့ မပျော်မရွှင်ဖြစ်နေတဲ့ ဘယ်ရီ အကြောင်း မေးကြည့်တဲ့အခါ မန်စီနီက “ဒါကပုံမှန်ပါပဲ။ ဒါကို ကျနော်ဆုံးဖြတ်တာပါ၊ ကျနော်က မန်နေဂျာပါ” လို့ ပြန်ဖြေခဲ့ပါတယ်။
တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီနဲ့ ကွင်းလယ်ကစားသမား ယာယာတိုရေးတို့ ပထမပိုင်းအပြီးမှာ ပြဿနာတက်ခဲ့တဲ့ သတင်းနဲ့ပတ်သက်ပြီး မန်စီနီက သူမသိပါဘူးလို့ ပြောဆိုခဲ့ပါတယ်။
ကားလို့စ်တီဗက်ဇ် နဲ့ပတ်သက်ပြီး သူ့ဆီက နောက်ဆုံးသိရတာကတော့ အာဂျင်တီးနား တိုက်စစ်မှူးဟာ ပထမအသင်းကြီးမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ကစားဖို့အတွက် ၁၀ ရက်လောက် လေ့ကျင့်ရဦးမယ်လို့ မန်စီနီက မှတ်ချက်ပြုသွားပါတယ်။
မန်ယူနဲ့ မန်စီးတီးတို့ရဲ့ နောက်ဆုံး ၁၀ ပွဲ
မန်ယူ | ကစားမည့်ရက် | မန်စီးတီး |
ဝုဗ် (အဝေး)ဖူဟန် (အိမ်)ဘလက်ခ်ဘန်း (အဝေး)
ကျူပီအာ (အိမ်) ဝီဂန် (အဝေး) အက်စတွန်ဗီလာ (အိမ်) အဲဗာတန် (အိမ်) မန်စီးတီး (အဝေး) ဆွမ်ဆီး (အိမ်) ဆန်ဒါးလန်း |
၁၈/၂၁ မတ်၂၆/၂၄ မတ်၂ ဧပြီ/၃၁ မတ်
၈ ဧပြီ ၁၁ ဧပြီ ၁၅/၁၄ ဧပြီ ၂၂ ဧပြီ ၃၀ ဧပြီ ၆ မေ ၁၃ မေ |
ချယ်ဆီး (အိမ်)စတုတ် (အဝေး)ဆန်ဒါးလန်း (အိမ်)
အာဆင်နယ် (အဝေး) ဝက်စ်ဘရွန်း (အိမ်) နော့ဝှစ်ချ် (အဝေး) ဝုဗ် (အဝေး) မန်ယူ (အိမ်) နယူးကာဆယ် (အဝေး) ကျူပီအာ (အိမ်) |