အက်သလက်တီ ဘီဘာအိုက ဥရောပဖလား ၁၆ သင်းရှုံးထွက်မှာ နှစ်ကျော့စလုံး ပိုကောင်းခဲ့ပါတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်း မန်နေဂျာ ဆာ အဲလက်စ် ဖာဂူဆန်က မှတ်ချက်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ရောက်ခဲ့တဲ့ မန်ယူအသင်းဟာ စပိန်ကလပ်ကို အိမ်ကွင်းမှာ ၂-၃ ဂိုး၊ အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ပြီး ၁၆ သင်းအဆင့်မှာ ပြုတ်ကျန်ခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ဝိန်းရူနီက မိနစ် ၈၀ မှာ လှပတဲ့ ဂိုးတဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လာလီဂါ အဆင့် ၇ က အသင်းရဲ့ ကြိုးစားမှုတွေ ကျွမ်းကျင်မှုတွေက အင်္ဂလိပ်ချန်ပီယံအသင်းကို အလဲထိုး အနိုင်ယူသွားတာပါတယ်။
“ကျနော်တို့ ဒါကို လက်ခံနိုင်ပါတယ်။ ခင်ဗျားရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ဘောလုံးပွဲတိုင်းဟာ သင်ခန်းစာတွေပါပဲ။ ကျနော်တို့ ချန်ပီယံလိဂ်ရဲ့ ပြိုင်ပွဲထဲ မပါတော့တာတွေ၊ အခု ဥရောပဖလားပွဲက ထွက်ခဲ့ရတာတွေဟာ အရာအားလုံးထက်ပိုပြီး စိတ်ပျက်စရာကောင်းပါတယ်” လို့ ဆာ အဲလက်စ် ဖာဂူဆန်က သတင်းဌာနတခုကို ပြောဆိုသွားပါတယ်။
သူက ဆက်လက်ပြီး “ဒီရာသီမှာ တခြားအသင်းတွေကို ရင်ဆိုင်ဖို့ သုံးသပ်ပြင်ဆင် ကြိုးစားတဲ့နေရာမှာ ခက်ခဲမှုတွေ ရှိနေပါတယ်။ အနိုင်အတွက်လိုအပ်တဲ့ ဂိုးတွေကိုလည်း ကျနော်တို့ မသွင်းယူနိုင်ခဲ့ဘူး။ အသင်းဟာ နည်းနည်း အားနည်းနေခဲ့ပါတယ်။ ဒီနှစ်ကတော့ စိတ်ပျက်စရာ နှစ်တနှစ်ပါပဲ။ ဒုတိယပိုင်းမှာ တဦးချင်းအနေနဲ့ ဘီဘာအိုအသင်းက ပိုကောင်းခဲ့ပါတယ်” လို့ ပြောပါတယ်။
ဒီလို အဝေးကကန်တင်ပေးပြီး သွင်းယူသွားတဲ့ဂိုးကြောင့် အင်္ဂလိပ်အသင်းတသင်း ရှုံးနှိမ့်ခဲ့ရတယ်ဆိုတာ ခင်ဗျားတို့ ယုံကြည်နိုင်မှာ မဟုတ်ပါဘူး၊ ဒါနဲ့ပတ်သက်ပြီး ပြန်လုပ်ပြနိုင်ဖို့ ကျနော်တို့ အရမ်းနောက်ကျသွားခဲ့ပြီလို့လည်း ဖာဂူဆန်က ဆိုပါတယ်။
သူက “ဘီဘာအိုက ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။ သူတို့အသင်းဟာ ဥရောပမှာ ကျနော်မြင်ခဲ့ဖူးတဲ့ တခြားအသင်းတွေထက် ပိုကောင်းအောင် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာ ဒီညနဲ့ ပြီးခဲ့တဲ့ အပတ် ကြာသပတေးညကို ကြည့်ခြင်းဖြင့် ကျနော်တို့ သိနိုင်ခဲ့ပါတယ်” လို့လည်း ပြောပါတယ်။
ဘီအာအိုရဲ့ ဖန်တီးနိုင်စွမ်း၊ အနိုင်ရဖို့အတွက် မမြင်နိုင်တဲ့ စွမ်းအားများနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကိုလည်း ဖာဂူဆန်က ချီးကျုးသွားပါတယ်။
ဘီဘာအိုနည်းပြ မာဆယ်လို ဘိုင်စာက “မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုးကို အနိုင်ယူနိုင်ခဲ့တာကို အသိအမှတ်မပြုလို့ မရပါဘူး။ ဒါပေမယ့် ဒီဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး စဉ်းစားဖို့ အကြောင်းပြချက် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်ဘောလုံးလောကက အရမ်းရိုးရှင်းလွန်းလို့ပါ” လို့ ပြောဆိုသွားပါတယ်။
ရှုံးနိမ့်ခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ မန်စီနီ
စပို့တင်းအသင်းကို နှစ်ကျော့ပေါင်း အဝေးဂိုးရလဒ်နဲ့ ရှုံးနိမ့်ပြီး မန်ချက်စတာ စီးတီးအသင်း ဥရောပဖလား ပြိုင်ပွဲမှ ထွက်ခဲ့ရတဲ့အပေါ် အပြစ်တင်မှုကို နည်းပြ ရောဘတ်တို မန်စီနီက လက်ခံခဲ့ပါတယ်။
စီးတီးအသင်းဟာ နှစ်ဂိုး ရှုံးနိမ့်ရာကနေ နောက်ဆုံး နာရီဝက်မှာ သုံးဂိုးပြန်သွင်းပြီး ၃-၂ ဂိုးနဲ့ အီတီဟတ်မှာ အနိုင်ယူနိုင်ခဲ့ပေမယ့် နှစ်ကျော့ပေါင်း ၃-၃ ဂိုးရလဒ်ထွက်ပြီး အဝေးဂိုး စည်းမျဉ်းကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။
သူတို့ဟာ ဆာဂျီယို အဂွေရိုရဲ့သွင်းဂိုး နှစ်ဂိုးနဲ့ မာရီယို ဘာလော့တယ်လီရဲ့ ပယ်နယ်တီ ဂိုးတွေကြောင့် ပြန်လာဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်တဆင့် တက်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
စပို့တင်းဟာ ပထမကျော့တုန်းက စီးတီးအသင်းကို ၁-၀ ဂိုးနဲ့ နိုင်ထားတာကြောင့် အခု ဒုတိယကျော့မှာတော့ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ မာတီးအားစ် ဖာနန်ဒက်ဇ်နဲ့ ရက်ကီဗန်ဝုဖ်စဝင်းကယ်လ်ရဲ့ ဂိုးတွေနဲ့တင် လုံလောက်တဲ့ အခြေအနေရောက်သွားတာပါ။
မန်စီနီကတော့ “ပထမပိုင်းမှာ ကျနော်တို့ မကစားနိုင်ခဲ့ဘူး။ ဒါပေမယ့် ကျနော်က မန်နေဂျာပါ။ ဒါဟာ ကစားသမားတွေကြောင့် မဟုတ်ပါဘူး၊ ကျနော့်ကြောင့်ပါ၊ ကျနော်အမှားတွေ လုပ်ခဲ့တာပါ။ ကစားသမားတွေက အဆုံးအထိ တိုက်ပွဲဝင်ခဲ့ကြတာပါ၊ မန်နေဂျာက ပြိုင်ပွဲအတွက် ကောင်းကောင်း မပြင်ထားရင်တော့ ဒီလိုဖြစ်မှာပဲ” လို့ ဆိုပါတယ်။
သူက ဆက်လက်ပြီး “ဘော်လုံးလောကမှာ ပြိုင်ပွဲတိုင်းက ခက်ခဲပါတယ်။ ဥရောပဖလားပွဲနဲ့ ချန်ပီယံလိဂ် ပွဲတွေမှာ ပိုလို့တောင် ခက်ခဲပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းတိုင်းက အနိုင်ရအောင် ကစားကြလို့ပါပဲ။ တခါတလေ ကျနော်တို့အမှားလုပ်မိတယ်။ ဒါပေမယ့် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ကတော့ မန်နေဂျာရဲ့အလုပ်ပါ နောက်ပြီး ကျနော် ဒီ်ပွဲနှစ်ပွဲစလုံးမှာ အမှားတွေလုပ်မိခဲ့ပါတယ်” လို့ ပြောပါတယ်။
ဖလားလုပွဲတွေကနေ ထွက်ခဲ့ရတဲ့ မန်စီးတီးအသင်းဟာ အခုဆိုရင် ဒီရာသီအတွက် ပရီးမီးယားလိဂ်ဖလား တခုသာ ကျန်ခဲ့ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ ချယ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
“ကျနော်က ကျနော့်ကိုယ်ကျနော် စိတ်ပျက်တာပါ။ ကစားသမားတွေကို စိတ်မပျက်ပါဘူး။ ဒီနှစ် ချယ်ဆီးအသင်းနဲ့ ရင်ဆိုင်တဲ့အချိန်မှာ ဒုတိယအကြိမ်အဖြစ် အမှားထပ်မလုပ်မိဖို့ ကျနော်မျှော်လင့်ပါတယ်” လို့ မန်စီနီက ဆိုပါတယ်။
ပရီးမီးယားလိဂ်ဖလားအတွက် မန်စီနီက ယုံကြည်မှုအပြည့်ရှိကြောင်း၊ ဘာကြောင့်လဲဆိုတော့ သူတို့ ဇယားထိပ်ဆုံးမှာ ၇ လတိတိနေခဲ့လို့ ဖြစ်ကြောင်း မန်စီနီက ပြောပါတယ်။
“ကျနော်ထင်တယ် အခုဆိုရင် ကျနော်တို့ ရာသီကုန်တဲ့အထိ ကောင်းကောင်းတိုက်ပွဲဝင်သွားဖို့ လိုလာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ မျှော်လင့်စရာ ဒီပရီးမီးယားလိဂ် ဖလားတခုဘဲကျန်ပါတော့တယ်။ ကျနော်တို့ရဲ့ ရှိသမျှစွမ်းအားတွေကို အဲဒီအတွက် အသုံးချရတော့မယ်။ အဲဒါက ကျနော်တို့အတွက် ကောင်းတယ်လို့ ကျနော်ထင်တယ်” လို့ မန်စီနီက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က မန်စီးတီးအသင်း ဒီအဆင့်မှာဘဲ ဒိုင်နမိုကိဗ် နဲ့တွေ့ပြီး ဥရောပဖလားပွဲမှ ထွက်ခွာခဲ့ရတဲ့တုန်းက ဗီလိန်ဖြစ်ခဲ့သူ ဘာလော့တယ်လီကြောင့် ဖြစ်ပါတယ်။ အခုပွဲမှာလည်း စပို့တင်းအသင်းဘက်ကို မလိုအပ်ဘဲ ဖြတ်ထုတ်မှုကြောင့် အလွတ်တည်ကန်ဘော ပေးလိုက်ရပြီး အဲဒီကတဆင့် အဖွင့်ဂိုး ပေးလိုက်ရတဲ့အပေါ်မှာ မန်စီနီက စိတ်ဆိုးပြီး ခေါင်းခါနေခဲ့ပါတယ်။
ဒါပမေယ့် မန်စီနီက သူစိတ်ပျက်ခဲ့တာ အဲဒီ စည်းကမ်းပိုင်း အားနည်းတဲ့ အီတလီ တိုက်စစ်မှူးကြောင့် မဟုတ်ဘူးဆိုတာ ပြောဆိုခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ရှုံးနှိမ့်မှုအတွက် မန်စီနီက ဘာလော့တယ်လီကို အပြစ်မတင်ခဲ့ပါဘူး။