ဝိုက်ဟန်လိန်းကွင်းမှာ ဖါဘရိစ် မူအမ်ဘ မေ့လဲသွားပြီးနောက် သူတို့ရဲ့ ကစားသမားတွေကို ထောက်ပံ့မှုတွေ လုပ်ပေးဖို့ အကြံပြု တောင်းဆိုထားတယ်လို့ စပါးအသင်းနည်းပြ ဟယ်ရီ ရက်နက်က ပြောဆိုလိုက်ပါတယ်။
ဘော်လ်တန်ကွင်းလယ် ကစားသမားအတွက် အသက်ကယ်ဖို့ ဆေးဝန်ထမ်းတွေက ကြိုးစားနေမှုအပေါ်မှာ နှက်ဖက်ကစားသမားတွေဟာ အတော်ကို စိတ်ထိခိုက်ခံစားခဲ့ရပါတယ်။
၂၃ နှစ်အရွယ် မူအမ်ဘဟာ လန်ဒန် ချက်ဆေးရုံမှာ အတွင်းလူနာအဖြစ်ရှိနေဆဲပါ။
မန်နေဂျာ ရက်နက်က “ဖြစ်ပျက်ခဲ့တဲ့ အခြေအနေအပေါ်မှာ ကစားသမားတွေအတွက် လိုအပ်တဲ့အကူအညီ အထောက်အပံ့မှန်သမျှကို ကျနော်တို့ ဖြည့်ဆည်းပေးသွားနိုင်လိမ့်မယ်” လို့ ပြောဆိုသွားပါတယ်။
“မူအမ်ဘရဲ့အဖြစ်အပျက်ဟာ လူတိုင်းကို တုန်လှုပ်သွားစေပါတယ်။ ဒီအဖြစ်အပျက်ဟာ တခြားဟာတွေထက် မြန်မြန်ဆန်ဆန် ရိုက်ခတ်မှုရှိနိုင်ပါတယ်၊ နောက်ပြီး ဒီလိုခက်ခဲတဲ့ အခြေအနေတွေကို ကျော်လွှားပြီး ကျနော်တို့အားလုံး အတူတကွ လက်တွဲကာ ကျနော်တို့ ဘောလုံးရာသီကို ဆက်သွားဖို့ လိုပါတယ်”
တနင်္လာနေ့က စပါးအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ဆေးအဖွဲ့တွေလာရောက် ကြည့်ရှုတဲ့အချိန်မှာ ကစားသမားတွေရဲ့ နှလုံးကို ဓာတ်မှန်ရိုက်ပြီး ပုံမှန်စစ်ဆွေးမှုတွေ လုပ်ဆောင်သွားဖို့ ရက်နက်က အကြံပြုခဲ့ပါတယ်။
“ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သံသယကင်းအောင် ဓာတ်မှန်ရိုက်ပြီး စစ်ဆေးချင်တဲ့ ဘယ်ကစားသမားကိုမဆို စမ်းသပ်ပေးဖို့ ကျနော်တို့ ဖိတ်ခေါ်ပါတယ်” လို့ အသက် ၆၅ နှစ်အရွယ်ရှိ နည်းပြ ရက်နက်က ပြောဆိုခဲ့ပါတယ်။
မူအမ်ဘ မေ့လဲတဲ့အချိန်မှာ သူနဲ့ ၁၀ ကိုက်အကွာမှာရှိတဲ့ စပါးကွင်းလယ် တိုက်စစ်ကစားသမား ဟော်လန်နိုင်ငံသား ရာဖေးဗန်ဒါဗတ်က “တနင်္ဂနွေနေ့က FA ဖလား ကွာတားဖိုင်နယ် ပွဲစဉ်ကို ရပ်နားလိုက်ရတဲ့ အဲဒီအဖြစ်အပျက်ဟာ တကယ်ကို နားမလည်နိုင်စရာပါပဲ။ လူငယ်ကစားသမားတယောက် ကွင်းထဲမှာ အသက်ရှင်နိုင်ဖို့အတွက် မနည်းရုန်းကန် ကြိုးစားခဲ့ရတာကို မြင်ရတာဟာ တကယ့်ကို တုန်လှုပ်ခြောက်ခြားစရာပါပဲ” လို့ သူ့ကိုယ်ပိုင် ဝက်ဆိုဒ်မှာ ပြောဆိုထားပါတယ်။
“သူလဲကျသွားတာကို ကျနော် မမြင်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော်လှည့်လိုက်တဲ့အချိန်မှာ ဒါဟာ အခြေအနေမကောင်းဘူးဆိုတာ ကျနော် ချက်ချင်းသိလိုက်ပါတယ်။ အဲဒီအချိန်မှာ ကွင်းထဲမှာ ရှိတဲ့ ကစားသမားအားလုံးဟာ အံသြတုန်လှုပ်နေကြတယ်။ ဒါဟာ ကျနော့် ကစားသမားဘဝမှာ တကယ်ဆိုးဝါးခဲ့ပြီး ပြန်ပြောဖု့ိ တော်တော်ခက်ခဲ့တဲ့ အရာပါ” လို့ ဗန်ဒါဗတ်က ဆိုပါတယ်။
ဘော်လ်တန်အသင်းကစားဖော် ဘင်နွိုက်အက်ဆူအီကိုတိုက “မူအမ်ဘ မြက်ခင်းပြင်ပေါ် လဲကျသွားတာကို မြင်လိုက်ရတဲ့အချိန်က အကြောက်လန့်ဆုံး အခိုက်အတန့်ပါပဲ။ ကျနော်ကြောက်လန့်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျနော့်လိုပဲလေ။ သူဟာ ငယ်ရွယ်တယ်၊ သန်မာတယ်၊ ကစားသမားအင်္ဂါရပ်နဲ့ ပြည့်စုံတဲ့သူတယောက်ဖြစ်တယ်။ ပြီးခဲ့တဲ့ မိနစ်အနည်းငယ်အတွင်းမှာပဲ ကျနော့်လိုပဲ ကွင်းထဲမှာ တက်လိုက်ဆင်းလိုက် ပြေးနေခဲ့တယ်” လို့ လန်ဒန်ညနေခင်းသတင်းစာကို ပြောဆိုသွားခဲ့ပါတယ်။
ဆက်လက်ပြီးသူက “ဒီအဖြစ်အပျက်ဖြစ်ပြီးနောက် အဝတ်လဲခန်းထဲမှာ ကျနော်တို့ထိုင်ပြီး မူအမ်ဘ အကြောင်းပဲ ပြောဖြစ်ခဲ့ကြတယ်” လို့ ဆိုပါတယ်။
စပါးကတော့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အစီအစဉ်အတိုင်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စတုတ်စီးတီးအသင်းနှင့် သူတို့ကွင်းမှာကစားဖို့ အတည်ပြုခဲ့ပါတယ်။ ဘော်လ်တန်ကတော့ ဗီလာနဲ့ ကစားမယ့် အင်္ဂါနေ့ပွဲကို ရွှေ့ဆိုင်းခဲ့ပြီးပါပြီ။ ဘော်လ်တန်အသင်းရဲ့ ကြေညာချက်ထဲမှာ “ဒီအချိန်မှာ သူတို့ကို နားလည်ပေးပြီး ကူညီပေးတဲ့အတွက် အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ကို အသင်းအနေနဲ့ ကျေးဇူးတင်ပါတယ်”
ဗီလာအသင်းကလည်း ဘော်လ်တန်အသင်းရဲ့ တောင်းဆိုမှုကို တုံ့ဆိုင်းမှုမရှိဘဲ ချက်ချင်း သဘောတူညီခဲ့ပါတယ်။
ဘော်လ်တန်အသင်းအတွက် နောက်ပွဲစဉ်ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ဘလက်ဘန်းအသင်းနဲ့ ရီးဘွတ်ကွင်းမှာ ကစားရမှာပါ။ ဘလက်ဘန်း အသင်းနည်းပြ စတိဗ်ကိန်းကလည်း တကယ်လို့ ဘော်တန်အသင်းက အချိန်ယူဖို့ လိုအပ်မယ်ဆိုရင် ကျနော်တို့လည်း အဲဒီပွဲကို ရက်ရွှေ့ပေးဖို့အတွက် အသင့်ပါပဲလို့ တနင်္လာနေ့က ပြောဆိုသွားပါတယ်။
“ကျနော်တို့မှာ ဘာပဲလုပ်စရာရှိနေပါစေ။ လာမယ့်အပတ်အတွက် ဘော်လ်တန်အသင်းက ကျနော်တို့ကို ဘာလုပ်စေချင်လဲဆိုတာကို ဦးစားပေးပြီးတော့ ကျနော်တို့လုပ်သွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
ဘော်လ်တန် အရန်အသင်းကလည်း ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ဝက်စ်ဘရွန်းဝက်ချ်နဲ့ပွဲကိုပါ ရက်ရွှေ့ဆိုင်းထားပါတယ်။
ဖာဘရိစ် မူအမ်ဘရဲ့ ကိုယ်ရေးအကျဉ်း
-၁၉၈၈ ခု ဧပြီလ ၆ ရက်နေ့မှာ ပြည်ထောင်စု ဒီမိုကရက်ကွန်ဂိုနိုင်ငံ ကင်ဆာစာ ဒေသမှာ မွေးဖွား။
-အာဆင်နယ် လူငယ်သင်တန်းကျောင်းမှာ ဘောလုံးပညာ သင်ကြားခဲ့ပြီး အင်္ဂလန်အသက် ၁၆ နှစ်အောက်ကနေ အသက် ၂၁ နှစ်အောက်အထိ သက်တမ်းလိုက် အသင်းတိုင်းမှာ ပါဝင်ကစားခဲ့။
-၂၀၀၇ မှာ ဘာမင်ဂမ်အသင်းမှာ အငှားသွားရောက် ကစားခဲ့ပြီးနောက် ဘော်လ်တန်အသင်းကို ပြောင်းရွှေ့ကစားခဲ့။
-ဒိန်းမတ်မှာ ကျင်းပသော ၂၀၁၁ ခုနှစ် အသက် ၂၁ နှစ်အောက် ဥရောပဖလားပွဲမှာ အင်္ဂလန်အသင်းတွင် ပါဝင်ကစားခဲ့ပြီး စုစုပေါင်း ၃၃ ပွဲကစားပေးခဲ့။