ရင်ခုန်စရာ ကောင်းတဲ့ ချန်ပံယံလိဂ် ပွဲစဉ်တွေဟာ ဆီးမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိလာပြီ ဖြစ်ပြီး အခုဆိုရင် ဥရောပအင်အားကြီးနိုင်ငံ ၂ ခုဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ရီးရဲယ် မက်ဒရစ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံပွဲမှာ ဂျာမန်တိုက်စစ်မှူး ဂိုးမက်စ်ရဲ့ နောက်ကျဂိုးနဲ့အဖိုးတန် အနိုင်ကို ဂျာမနီမြေမှာ ရယူပေးနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းမှာ (ဂိုး) နူယာ၊ ဖိလစ် လမ်း၊ ဘုတ်တန်၊ ဘက်စ်တူဘာ၊ အလာဘာ၊ ရှဝိုင်းစတိုင်ဂျာ၊ ဂက်စတာဗို၊ ရော်ဘန်၊ တိုနီ ခရော့စ်၊ ရီဘာရီ၊ မာရီယို ဂိုးမက်စ်တို့နဲ့ပွဲထွက်လာပါတယ်။ အရန်စာရင်းမှာတော့ဘတ်၊ အိုလစ်၊ ရာဖင်ဟာ၊ ပရန်ဂျစ်၊ မူလာ၊ ကွန်တန်တိုတို့ပါဝင်လာပါတယ်။
နာမည်ကြီးနည်းပြ မော်ရင်ညိုရဲ့ ရီးရဲယ်အသင်းမှာတော့ (ဂိုး) ကားဆီးလက်စ်၊ အာဘယ်လိုအာ၊ ရားမိုစ့်၊ ပီပီ၊ ကွန်ထရာအို၊ အလွန်ဆို၊ ခက်ဒီရာ၊ ဒီမာရီယာ၊ အိုဇေးလ်၊ ရော်နယ်ဒိုနဲ့ဘန်ဇီမာတို့ ပွဲထွက်လာပါတယ်။ အရန်ခုံမှာတော့ နောက်ပိုင်း ခြေစွမ်းပြန်ပြနေတဲ့ ကာကာ ပါလာပြီး ဂရာနာရို၊ မာဆယ်လို၊ အယ်ဘီအိုတို့ ပါဝင်လာပြီး ကွင်းလယ်ဒိုင်လူကြီး အဖြစ် အင်္ဂလန်နိုင်ငံသား ဟော့ဝက် ဝက်ဘ် က ကိုင်တွယ်သွားပါတယ်။
ပွဲအစမှာတည်းက နှစ်သင်းလုံးဟာ ကမ္ဘာ့အဆင့် ကစားသမားကောင်းတွေ ကိုယ်စီပိုင်ဆိုင်ထားတာကြောင့် တဖက်နဲ့တဖက် အထာနပ်အောင် ကွင်းလယ်မှာသာ ဘောလုံးကိုင် ကစားပေမယ့် တစ်ဦးချင်းမှာ ရီဘာရီနဲ့ ရော်ဘန်ကို မထိန်းနိုင်တာကြောင့် ရီးရဲယ် နောက်တန်းဟာ ပြာယာခတ်နေခဲ့ပြီး ခံစစ်နဲ့သာ အချိန်ကုန်နေခဲ့ပါတယ်။ ပွဲအစမှာလည်း ပွဲကြီးတပွဲရဲ့ ထုံးစံအတိုင်း အငြင်းအခုန် တွေဖြစ်ပွားခဲ့ပြီး ရီးရဲယ်ကစားသမား ကွန်ထရာအို ဖျက်တာ ကြမ်းတမ်းပေမယ့် ဒိုင်လူကြီးက ပြစ်ဒဏ်ဘော မပေးတာကြောင့် အိမ်ရှင်ပရိသတ်များ ပိုမိုအော်ဟစ်လာကြပါတယ်။
ပွဲချိန် ၁၆ မိနစ်မှာတော့ ထောင့်ကန်ဘောမှတဆင့် ကျလာတဲ့ ဘောလုံးကို ရီးရဲယ် မက်ဒရစ် နောက်ခံလူတွေ ဖျက်ထုတ်တာ ညံ့တာကြောင့် ရီဘာရီက အချိန်မဆိုင်းဘဲ အပြင်းကန်သွင်းရာ နောက်ခံလူတွေ ကြားကဖြတ်ပြီး ဂိုးဝင်သွားတာကြောင့် ဘိုင်ယန်မြူးနစ်အသင်း ဦးဆောင်ဂိုး စရသွားပါတယ်။ တချိန်တည်းမှာပဲ ပွဲဟာ ပိုမိုကြမ်းတမ်းလာပြီး ဘိုင်ယန်အသင်းက ဘတ်စ်တူဘာနဲ့ရီဘာရီတို့နှစ်ဦး တဆက်တည်းဆိုသလို အဝါကတ် ပြခံရပါတယ်။ အဲဒါကြောင့် အိမ်ရှင်ပရိသတ်တွေရဲ့ မကျေနပ်သံ ပိုမို ဆူညံပွက်လောရိုက်စေခဲ့ပြီး ပထမ ပိုင်း ဘိုင်ယန် အသင်းက ဦးဆောင်နိုင်နေခဲ့ပါတယ်။
ဒုတိယပိုင်း အစမှာတော့ ရီးရဲယ် မက်ဒရစ် အသင်းဟာ အရှိန်မြှင့်ပြီး ကစားတာကြောင့် ဘိုင်ယန်အသင်း နောက်တန်း အလစ်မိပြီး ရော်နယ်ဒိုရဲ့ ပေးပို့မှုကတဆင့် ဂျာမန် လူငယ် အိုဇေးလ်က ရီးရယ်အသင်းအတွက် ချေပဂိုးကို ရယူပေးသွားခဲ့ပါတယ်။ ပွဲရလဒ် သရေ ကျနေတဲ့နဲ့အမျှ အိမ်ရှင် ဘိုင်ယန်အသင်းဟာ အနိုင်ရဖို့ပိုမိုဖိကစားလာပြီး ရီးရဲယ်အသင်းကတော့ ကွင်းလယ်မှာ အဓိက အဖျက်အနေနဲ့ခံစစ် ပုံစံပြောင်း ကစားလာတာကြောင့် အိမ်ရှင် ဘိုင်ယန်အသင်းကသာ ဖိကစားနိုင်ခဲ့ပါတယ်။ ဘိုင်ယန် ကစားသမားတွေဖြစ်တဲ့ ဖိလစ်လမ်း ၊ ရီဘာရီတို့ရဲ့ ဖြတ်တင်ဘောတွေဟာ ရီးရဲယ် နောက်တန်းကို ပြာယာခတ်စေပြီး ဘိုင်ယန် ရှေ့တန်းလူ ဂိုးမက်စ် ကောင်းကောင်း အသုံးမချနိုင်ခဲ့တာကြောင့် ပွဲဟာ သရေနဲ့သာ ပြီးဆုံးတော့မယ့် အခြေအနေအထိ ရောက်လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပွဲဟာ ပိုမိုကြမ်းတမ်းလာခဲ့ပြီး ရီးရဲယ်အသင်းရဲ့ ကစားသမားတွေဟာ မလိုအပ်ဘဲ ဖျက်ထုတ်မှုတွေ ကြမ်းတမ်းခဲ့တာတွေ ရပြီး အလွန်ဆို၊ ကွန်ထရာအို၊ ရားမိုစ့်၊ ဒီမာရီယာနဲ့ဘန်ဇီမာအတွက် လူစားဝင်လာတဲ့ ဟီဂူအင် အားလုံးပေါင်း ၆ ယောက်တိတိ အဝါကတ် အပြခံခဲ့ရပါတယ်။
ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာတော့ ညာတောင်ပံက ဖိလစ်လမ်းက ကွန်ထရာအိုကို တစ်ဦးချင်း ဖြတ်ကျော်ပြီး ထောင်လိုက်ရာမှတဆင့် ဂိုးမက်စ်က နောက်ခံလူတွေအတွင်း ဝင်ပြေးပြီး ပိတ်ကန်သွင်းယူသွားတာကြောင့် ဂျာမန်မြေမှာ ဘိုင်ယန်အတွက် အဖိုးတန်တဲ့ အနိုင်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ရီးရဲယ်နည်းပြ မော်ရင်ညိုအတွက်လည်း အရှုံးနဲ့ကြုံခဲ့ရပေမယ့် အဖိုးတန်တဲ့အ ဝေးဂိုးတဂိုးရခဲ့တာကြောင့် အိမ်ကွင်း ဘာနေဗျူးမှာ ကန်တဲ့အခါ ဘယ်လိုဗျူဟာတွေသုံးပြီး ဘိုင်ယန်နဲ့အပြိုင် ၂၀၁၂ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက် ဖို့ကြိုးစားမလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာပါ။
ယနေ့ည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်
ချဲယ်ဆီး – ဘာစီလိုနာ