ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်တဲ့ ချယ်ဆီးနဲ့ဘာစီလိုနာတိုရဲ့ ပထမအကျော့မှာ ချယ်ဆီးအသင်းက ဒရော့ဘာရဲ့ ဂိုးနဲ့လက်ရှိချန်ပီယံ ဘာစီလိုနာကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂျ်မှာအနိုင်ယူပြီး ကမ္ဘာ့ဘောလုံးပရိသတ်ကို အံ့အားသင့်စေခဲ့ပါတယ်။
ရာသီအစမှာ ခြေစွမ်းမတည်မငြိမ်ဖြစ်ခဲ့တဲ့ ချယ်ဆီး အသင်းဟာ လက်ရှိ ယာယီကိုင်နေတဲ့ နည်းပြသစ် ဒီမက်တီယို လက်ထက်မှာ တဟုန်ထိုး ခြေစွမ်းပြန်တက်လာပြီး အခုလို နာမည်ကြီး ဘာစီလိုနာကို ပထမအကျော့မှာ အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းမှာ (ဂိုး) ပီတာချက်၊ အီဗာနိုဗစ်၊ ကာဟေးလ်၊ တယ်ရီ၊ ကိုးလ်၊ ရာမီရက်စ်၊ လမ်းပတ်၊ မီကယ်၊ မီရာလက်စ်၊ မာတာ၊ ဒရော့ဘာတို့နဲ့ပွဲထွက်လာပြီး တောရက်စ်ဟာ အရန်ခုံမှာ ဘော့စင်ဝါ၊ ကာလူး၊ အက်ဆီယန်၊ မာလူဒါ၊ စတာရစ်ဂျ် တို့နဲ့အတူပါဝင်လာပါတယ်။
နည်းပြ ဂါဒီယိုလာကတော့ ဘာစီလိုနာ အသင်းကို (ဂိုး) ဗယ်ဒက်စ်၊ အဲယ်ဗက်စ်၊ ပူယိုလ်၊ မာရှေရာနို၊ အက်ဒရီယာနို၊ ဖာဘရီဂက်စ်၊ ဇာဗီ၊ ဘက်စကွက်၊အင်နီယေစတာ၊ မက်ဆီနဲ့ဆန်းချက်စ်တို့အတွဲနဲ့ပွဲထွက်လာပါတယ်။
ပထမပိုင်းအစမှာ ဘာစီလိုနာအသင်းက အေးအေးဆေးဆေး ဘောလုံးကိုင်ကစားပြီး ထိုးဖောက်ကစားရာမှာ ဆန်းချက်စ် ဂိုးသမားကို ကျော်ပြီး ကန်တဲ့အလုံးက တိုင်ထိပြီး ပြန်ထွက်လာသလို၊ မက်ဆီ တကိုယ်တော်ပြေးဆွဲလာပြီး ဖြူးပေးလိုက်တဲ့ ဘောလုံးကို ဖာဘရီဂက်စ် ကန်တာ ဂိုးစည်းမကျော်ခင် အက်ရှလေကိုးလ် ကဖျက်ထုတ်တာကြောင့် ပထမ ၁၅ မိနစ်အတွင်းမှာတင် ဘာစီလိုနာ အသင်း ၂ ဂိုး ရမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။
ချယ်ဆီးအသင်းကတော့ ကွင်းလယ်မှာ အကောင်းဆုံး ခံစစ်အနေနဲ့ကစားသွားပြီး ဘောလုံးရရင် တန်ပြန်တိုက်စစ်နဲ့ ဒရော့ဘာ တဦးတည်းကို အထောင်ထားပြီး တိုက်စစ်ဆင် ကစားသွားတာကိုလည်း ဘာစီလိုနာ နောက်တန်းတွေ မနည်းဖျက်ထုတ်ခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာ လမ်းပတ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ရာမီရက်စ် ပြေးပြီး ပြေးလမ်းကြောင်းထဲ ချပေးလိုက်တဲ့ဘောလုံးကို ဒရော့ဘာက အမှားအယွင်းမရှိ ကန်သွင်းသွားတာကြောင့် ချယ်ဆီးအသင်း ဦးဆောင်ဂိုး စတင်ရရှိသွားပါတယ်။
ဒုတိယပိုင်းမှာတော့ ဘာစီလိုနာ အသင်းက ဇာဗီ၊ ဖာဘရီဂက်စ်၊ ဆန်းချက်စ် တို့ကိုထုတ်ပြီး ကူအန်ကာ၊ ပက်ဒရို၊ သီယာဂို တို့ကိုထည့်ပြီး တိုက်စစ်ပိုမြှင့်ခဲ့သလို ချယ်ဆီးအသင်းကလည်း မာတာ၊ ရာမီရက်စ်တို့အစား ကာလူး၊ ဘော့စင်ဝါ တို့ကိုထည့်ကစားပြီး ချေပဂိုး ပြန်မပေးရရေး ပိတ်ကစားသွားပါတယ်။
ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီဟာ ချယ်ဆီး နောက်တန်းကို တကိုယ်တော် ကျော်ဖြတ်ပြေးမှုတွေ လုပ်ခဲ့ပေမယ့် ဘာကာ ရှေ့တန်းကစားသမားတွေ လှုပ်မရတာကြောင့် ချေပဂိုးမသွင်းနိုင်ဘဲ စတမ်းဖို့ဒ်ဘရစ်ဂျ် မှာ ဘာစီလိုနာအသင်း အရှုံးပေးလိုက်ရပါတယ်။
ပွဲအပြီးမှာ ချယ်ဆီးနည်းပြ ဒီမက်တီယိုက “ကျနော်တို့အတွက် အလွန်ကောင်းတဲ့ရလဒ်ပါ။ ဘာစီလိုနာလို အသင်းနဲ့ကစားရင် နောက်တန်းခိုင်မာအောင် ပြုလုပ်ဖို့ လိုပါတယ်။ သူတို့ဟာ ဘောလုံးကိုင်ကစားတာ တအားကောင်းပြီး တတ်နိုင်သမျှ သူတို့ရဲ့ထိုးဖောက်မှုကို ဟန့်တားပြီး အကယ်၍ ကျနော်တို့ တိုက်စစ်ဆင်တဲ့အခါလည်း အခွင့်အရေး တခါဆိုတခါ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ ဒရော့ဘာရဲ့ ဂိုးဟာ ကျနော်တို့အတွက် အရေးပါသလို ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကလည်း တအားကောင်းခဲ့ပါတယ်။ အခု အခွင့်အရေးက ၅၀-၅၀ ရှိတုန်းပါပဲ။ ဒုတိယအကျော့မှာ ကျနော်တို့ ဘာစီလိုနာကွင်း နူးကမ့်မှာ သွားကန်ရင် ဒီ့ထက်ပို ကြိုးစားရဦးမှာပါ” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်တွေကို လာမယ့် တပတ်မှာ ပြန်လည်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များ
ဧပြီ ၂၄ – ဘာစီလိုနာ vs ချယ်ဆီး
ဧပြီ ၂၅ – ရီးယဲမက်ဒရစ် vs ဘိုင်ယန်မြူးနစ်