နည်းပြ မော်ရင်ညိုရဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ လက်ရှိချန်ပီယံ ဘာစီလိုနာကို အနိုင်ရရှိပြီး ၂၀၀၈ ခုနှစ်တည်းက ဝေးကွာနေတဲ့ လာလီဂါ ချန်ပီယံ ဆုဖလားကို ရရှိဖို့နီးစပ်လာပြီဖြစ်ပါတယ်။ ယခုပွဲမှာ ခရစ်တီယာနို ရော်နယ်ဒိုရဲ့ အနိုင်ဂိုးနဲ့ ဘာစီလိုနာရဲ့ နူးကမ့်ကွင်းမှာ အနိုင်ယူနိုင်ခဲ့ပါတယ်။ ယခု အနိုင်ပွဲကြောင့် ရီးရဲလ်အသင်းဟာ ဘာကာကို ၇ မှတ် ဖြတ်ထားနိုင်ပြီး ဦးဆောင်နေပြီ ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းဟာ (ဂိုး) ဗောဒက်စ်၊ အယ်ဗက်စ်၊ ပူယိုးလ်၊ မာရှေရာနို၊ အက်ဒရီယာနို၊ ဘက်စကွက်၊ ဇာဗီ၊ သီယာဂို၊ တယ်လို၊ အင်နီယေစတာနဲ့ မက်ဆီတို့ ပွဲထွက်လာပြီး နောက်တန်းမှာ ၃ ယောက်တည်း ထားပြီး ကစားသွားပါတယ်။ အရန်မှာ (ဂိုး) ပင်တို၊ ကီတာ၊ ဖာဘရီဂက်စ်၊ ပီကေး၊ ဆန်းချက်စ်၊ ပက်ဒရို၊ မွန်တိုယာတို့ ပါဝင်လာပါတယ်။
ရီးရဲယ်မက်ဒရစ် အသင်းကတော့ (ဂိုး) ကာဆီးလက်၊ အာဘယ်လိုအာ၊ ပီပီ၊ ရာမိုစ့်၊ ကွန်ထရာအို၊ ခက်ဒီရာ၊ အိုဇေးလ်၊ အလွန်ဆို၊ ဒီမာရီယာ ရော်နယ်ဒို၊ ဘန်ဇီမာတို့ ပါဝင်လာပြီး အရန်ကစားတွေအဖြစ် ကာကာ၊ အယ်ဘီယို၊ ဟီဂူအင်၊ မာဆယ်လို၊ ဂရာနယ်ရို၊ ကာလီယွန်တို့ပါဝင်လာပြီး မော်ရင်ညိုရဲ့ အားသန်တဲ့ ခံစစ်ကစားပုံနဲ့ပွဲထွက်လာပါတယ်။
အသင်း နှစ်ဖက်စလုံးဟာ ယခုတပတ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဖိအားတွေ ဝင်နေတဲ့အပြင် ယခုပွဲရဲ့ ရလဒ်ဟာလည်း လာလီဂါ ချန်ပီယံဖြစ်ဖို့အတွက် အသက်တမျှ အရေးပါတာကြောင့် နည်းပြ နှစ်ဦးစလုံး လူစုံထုတ်ပြီး ဗျုဟာပြိုင်ကြတဲ့ ပွဲဖြစ်ခဲ့ပါတယ်။
ပွဲအစမှာ ဘာကာ ကသာ ဘောလုံးကိုင်ကစားပြီး ရီးရဲလ်အသင်းဟာ ဘောလုံးရမှ တန်ပြန်တိုက်စစ်နဲ့ ကစားဖို့ ကြိုးစားသွားပါတယ်။ ဘာကာအသင်းဟာ ကွင်းလယ်ကစားပုံ ကောင်းမွန်ပေမယ့် ရှေ့တန်းမှာ မက်ဆီ တယောက်တည်းသာ ရှိနေတာကြောင့် ထင်သလောက် တိုးမပေါက်ဘဲ ဖြစ်နေခဲ့ပြီး ရီးရဲလ် အနောက်တန်း ကစားသမားတွေကလည်း မက်ဆီကို ကောင်းကောင်း ထိန်းချုပ်ကစားသွားတာကြောင့် ဘာကာဟာ အရင်ပွဲတွေလို တိုက်စစ်ကို ထိထိရောက်ရောက်မကစားနိုင်ဘဲ ကွင်းလယ်မှာပဲ ဘောလုံးကိုင်ကစားနိုင်ခဲ့ပါတယ်။
ယခုလိုပွဲမှာ ဒေးဗစ် ဗီလာလို တိုက်စစ်မှူးဒဏ်ရာကြောင့် မကန်နိုင်ခြင်းဟာ ဘာကာအတွက် အလွန်နစ်နာစေပါတယ်။ ရီးရဲလ်အသင်းမှာတော့ ရှေ့တန်း ကစားသမား ဘန်ဇီမာ၊ ရော်နယ်ဒိုနဲ့ အိုဇေးလ်တို့ရဲ့တိုက်စစ်ဟာ တချက်တချက်မှာသာ ထိုးဖောက်ပေမယ့် ပိုမိုထိရောက်ခဲ့ပြီး ထောင့်ကန်ဘောရတဲ့ ဘောလုံးကို ရော်နယ်ဒို တိုက်ရာမှာ ဂိုးသမား ပုတ်ပြီး ပြန်ထွက်လာစဉ် နောက်ခံလူ ပူယိုးလ် မရှင်းထုတ်နိုင်တာကြောင့် ဂျာမန် ကွင်းလယ်လူ ခက်ဒီရာက ပြေးဝင်ပြီး ပိတ်ရာမှ ရီးရဲလ်တို့ အဖွင့်ဂိုးကို ၁၇ မိနစ်မှာတင် ရရှိသွားပါတယ်။ ရီးရဲလ် ဂိုးရရှိသွားတာကြောင့် ပွဲဟာ ပိုမိုအရှိန်တက်လာပြီး ဘက်စကွက်နဲ့ ပီပီတို့ဟာ အဝါကတ်ပြ သတိပေးခံခဲ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ ဘာစီလိုနာ နည်းပြ ဂွါဒီယိုလာက ခြေစွမ်းမပြနိုင်တဲ့ ဇာဗီအစား ဆန်းချက်စ်ကို ပွဲချိန် ၆၈ မိနစ်မှာ လဲကစားစေခဲ့ပါတယ်။ ဒီပွဲမှာ ထူးခြားတာက ပွဲချိန် မိနစ် ၇၀ အထိ တိုက်စစ်ကောင်းတဲ့ ဘာစီလိုနာဟာ ရီးရဲလ် အသင်းရဲ့ ဂိုးပေါက်ကို ထိထိရောက်ရောက် မကန်သွင်းနိုင်ခဲ့ပါဘူး။ ဆန်းချက်စ် ဝင်ဝင်လာချင်းပဲ မက်ဆီတကိုယ်တော် ဆွဲပြေးလာပြီး ထိုးပေးတဲ့ ဘောလုံးကို တယ်လို ကန်ရာမှာ ဂိုးသမားနဲ့ ပြန်ထွက်လာတာကို အက်ဒရီယာနို အပြင်းပြန်ကန်သွင်းရာ နောက်ခံလူတွေနဲ့ထိပြီး ရှုပ်ရှက်ခတ်နေတဲ့ကြားကနေ ဆန်းချက်စ် ပိတ်သွင်းယူပြီး ချေပဂိုး သွင်းသွားပါတယ်။
ရီးရဲလ် အသင်းဟာလည်း ချေပဂိုး ရအပြီးမှာပဲ ရုတ်တရက် တိုက်စစ်ပြန်တင်တာမှာ အိုဇေးလ်ရဲ့ အဝေးလှိမ့်ဘော ပေးချက်ဟာ လှလှပပနဲ့ ရော်နယ်ဒိုရဲ့ ပြေးလမ်းကြောင်းတည့်တည့်ကို ရောက်ရှိပြီး ဂိုးသမား ဗောဒက်စ်ကိုကျော်ကာ သွင်းယူသွားတာကြောင့် ဘာစီလိုနာရဲ့ နူးကမ့်ကွင်းမှာ ရုတ်ချည်း ငြိမ်သက်သွားခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ အနိုင်ဂိုး ရသွားတာနဲ့အမှားမခံတော့ဘဲ ခံစစ်ကို လုံခြုံအောင်ကစားပြီး ဘာကာအသင်းရဲ့ တိုက်စစ်ကို စနစ်တကျ ခုခံသွားတာကြောင့် ပွဲအပြီးမှာ ရီးရဲယ်အသင်းဟာ ဘာကာကွင်းမှာ အနိုင်ရပြီး လာလီဂါ ချန်ပီယံ ပြန်လည်ဆွတ်ခူးဖို့ ပိုပြီးနီးစပ်လာပြီး လက်ကျန်ပွဲ သုံးပွဲမှာ တပွဲနိုင်လိုက်တာနဲ့ ရီးရဲလ်ဟာ လာလီဂါ ချန်ပီယံဖလားကို ရရှိတော့မှာ ဖြစ်ပါတယ်။
ယခုအနိုင်ပွဲ ရရှိသွားတာကြောင့် မော်ရင်ညိုရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဂွါဒီယိုလာရဲ့ ဘာစီလိုနာတို့တွေ့ဆုံတဲ့ပွဲစဉ် ၁၁ ပွဲမှာ မော်ရင်ညိုက ဒုတိယ အကြိမ်မြောက် နိုင်ပွဲရရှိဖူးသွားသလို ချန်ပီယံဖြစ်ဖို့အတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်တာကြောင့် ရီးရဲလ် အသင်းသားတွေ အားတက်စရာဖြစ်ခဲ့ပြီး လာမယ့်တပတ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘာနေဗျူးကွင်းမှာ အနိုင်ရရှိဖို့ အားတက်ဖွယ်ရာ ဖြစ်လာပါတယ်။ ဘာစီလိုနာအသင်းအတွက်တော့ တပတ်အတွင်း ချယ်ဆီးနဲ့ ရီးရဲလ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာကြောင့် အသင်းသားတွေ စိတ်ဓာတ်ကျဖွယ်ရှိနေပြီး လာမယ့်တပတ် နူးကမ့်ကွင်းမှာ ချယ်ဆီးကို အနိုင်ကန်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။