မထင်မှတ်တာတွေဖြစ်လေ့ ရှိတဲ့ မှော်ဝင်ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ယခုအခါမှာလည်း ချယ်ဆီးအသင်းက ဒုတိယပိုင်း တခုလုံး လူ ၁၀ ယောက်တည်းနဲ့ကစားပြီး လက်ရှိချန်ပီယံဘာစီလိုနာကို အနိုင်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂျွန်တယ်ရီ အထုတ်ခံရမှု၊ ဒုတိယပိုင်းအစမှာ ပယ်နယ်တီ ပေးခဲ့ရမှုတွေကို ကြံ့ကြံ့ခံပြီး အံ့အားသင့်ဖွယ်ရလဒ်ကို ခြင်္သေပြာတပ်ဖွဲ့က အင်္ဂလိပ်ကလပ်တွေကိုယ်စား သယ်ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဘာစီလိုနာ နည်းပြ ဂါဒီယိုလာကတော့ ပထမ အကျော့က အရှုံးရလဒ်ကို ချေဖျက်နိုင်ဖို့ ဘာစီလိုနာ အသင်းကို (ဂိုး) ဗယ်ဒက်စ်၊ ပူယိုလ်၊ မာရှေရာနို၊ ပီကေး၊ ဖာဘရီဂက်စ်၊ ဇာဗီ၊ ဘက်စကွက်၊ အင်နီယေစတာ၊ ကူအန်ကာ၊ မက်ဆီ၊ ဆန်းချက်စ်တို့ အတွဲနဲ့တိုက်စစ်အသားပေး ပွဲထွက်လာပါတယ်။
ချယ်ဆီးအသင်းမှာတော့ ပထမ အကျော့က လူစာရင်းအတိုင်း မပြောင်းလဲဘဲ (ဂိုး) ပီတာချက်၊ အီဗာနိုဗစ်၊ ကာဟေးလ်၊ တယ်ရီ၊ ကိုးလ်၊ ရာမီရက်စ်၊ လမ်းပတ်၊ မီကယ်၊ မီရာလက်စ်၊ မာတာ၊ ဒရော့ဘာတို့နဲ့ပွဲထွက်လာပြီး တောရက်စ်ဟာ ယခု ပွဲမှာလည်း အရန်ခုံမှာ ထိုင်နေခဲ့ရပါတယ်။
ဘာစီလိုနာဟာ အိမ်ကွင်းအားသာချက်ယူပြီး တိုက်စစ်ဆင်ဖို့ ကြိုးစားပေမယ့် ချယ်ဆီးအသင်းရဲ့ နောက်တန်းဟာ ပွဲစချိန်ကြာလာတာနဲ့ပိုမိုကျစ်လစ်လာပြီး ဘာစီလိုနာရဲ့ အနီးဘောမှန်သမျှကို ရှင်းထုတ်နိုင်တာကြောင့် မက်ဆီရဲ့ တွဲလုံးဟာ ထိရောက်မှုမရှိဘဲ ဖြစ်ခဲ့ရပါတယ်။ ပထမပိုင်း ၁၂ မိနစ်မှာတော့ နောက်ခံလူ ကာဟေးလ် ဒဏ်ရာ ရရှိသွားတာကြောင့် ဆက်လက် မကစားနိုင်တော့ဘဲ လူစားလဲရာမှာ ဘော့စင်ဝါ ဝင်ကစားပါတယ်။
ချယ်ဆီး အသင်းဟာ ပွဲချိန်အတွင်း တိုက်စစ်ကို သိပ်လိုက်မကစားဘဲ ဒရော့ဘာရဲ့ တကိုယ်တော် ထိုးဖောက်မှုကိုသာ အားပြုနေတာကြောင့် ဘာကာအသင်း ပိုမိုဖိကစားလာရာ ၃၅ မိနစ်မှာ မထင်မှတ်ဘဲ ဘက်စကွက်က ပယ်နယ်တီ ဧရိယာအတွင်းမှ ကန်သွင်းယူသွားတာကြောင့် ဦးဆောင်ဂိုး ရသွားပါတယ်။ တဆက်တည်းမှာပဲ ဂျွန်တယ်ရီဟာ အနောက်ကနေ ဆန်းချက်စ်ကို ဒူးနဲ့တိုက်တာကြောင့် ဒိုင်လူကြီး အနီကတ် တိုက်ရိုက်ပြလိုက်တာကြောင့် ပွဲဟာ ပိုလို့ အရှိန်တက်လာပါတယ်။
ပထမ ပိုင်းပြီးခါနီးမှာတော့ ဘာကာအသင်းမှာ အင်နီယေစတာက ဒုတိယ ဂိုးသွင်းလိုက်တကြောင့် ဘာကာအသင်း အားသာချက် ရသွားသော်လည်း ရာမီရက်စ်က ချေပဂိုးကို လူကျွံထောင်ချောက်ကနေ ရုန်းထွက်ပြီး ဂိုးသမားကို ကျော်ကာ လှလှပပ သွင်းသွားကြောင့် ပထမပိုင်းအပြီးမှာ ၂-၁ နဲ့ ရလဒ်ထွက်နေခဲ့ကာ ချယ်ဆီးအသင်းက အဝေးဂိုးနဲ့ အသာရလျက်ရှိခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ပွဲဟာ ပိုမိုမြန်ဆန်လာပြီး ဘောလုံးဟာ ချယ်ဆီး ဂိုးဘက်မှာပဲ ယိမ်းထိုးနေခဲ့ကာ ၄၈ မိနစ်မှာ ပယ်နယ်တီ ဧရိယာအတွင်း ဒရော့ဘာ လှမ်းဖျက်တဲ့ဘောလုံးက ဖာဘရီဂက်စ်ကို ထိမိတာကြောင့် ပယ်နတီရပေမယ့် မက်ဆီရဲ့ ကန်ချက်က တိုင်ထိပြီး ပြန်ထွက်လာတာကြောင့် ချယ်ဆီးအသင်း ပိုမိုအားတက်ကာ နောက်တန်းမှာ ဖျက်ကစားပါတော့တယ်။ ဒုတိယပိုင်းမှာ မာတာအစား ကာလူး ၊ ဒရော့ဘာအစား တောရက်စ်တို့ ဝင်ကစားပြီး နောက်တန်းမှာ အဖျက်အနေနဲ့ ကစားရင်း ဂိုးရဖို့ ကြိုးစားတာကို တွေ့ရပါတယ်။
ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာတော့ တန်ပြန်တိုက်စစ်မှတဆင့် ဖာနန်ဒို တောရက်စ်က ဂိုးသမားကိုပါ လိမ်ခေါက်ပြီး လှလှပပ သွင်းယူသွားခဲ့ကာ ချယ်ဆီးပရိတ်သတ်အတွက် ချိုမြိန်တဲ့ ချန်ပီယံလိဂ်ကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ တောရက်စ်ဟာ ဒီဂိုးကို လူစားလဲကစားရတဲ့ ပွဲချိန် ၁၀ မိနစ်အတွင်းမှာ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခု ပွဲမှာ ၂-၂ ရလဒ် ဖြစ်သွားတာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃-၂ နဲ့ ချယ်ဆီးအသင်းဟာ ဘာစီလိုနာကို အနိုင်ရပြီး ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။
ယခုအခါမှာ ချယ်ဆီးအသင်းဟာ တဖက်မှ တက်လာမယ့် ဘိုင်ယန်မြူးနစ် သို့မဟုတ် ရီးရဲလ်မက်ဒရစ် အသင်းတို့နဲ့ ချန်ပီယံဖိုင်နယ်မှာ ကစားရတော့မှာဖြစ်ကာ ချယ်ဆီးပရိသတ်တွေအတွက် အခုရက်သတ္တပတ်ဟာ ပျော်ရွှင်ဖွယ်ရာနေ့တွေ ဖြစ်နေတော့မှာပါ။