ချန်ပီယံလိဂ် ဖလားပြီးလျှင် နောက်ထပ် ဥရောပဖလားတခု ဖြစ်တဲ့ ယူရိုပါလိဂ် ဖလားဗိုလ်လုပွဲကို ယမန်နေ့က ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့မှာရှိတဲ့ နေရှင်နယ် အာရီနာကွင်းမှာ ယှဉ်ပြိုင်ရာ စပိန်ကလပ် အသင်းနှစ်သင်းဖြစ်တဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ အက်သလက်တိ ဘီဘာအိုတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။
အက်တလက်တီကို မက်ဒရစ်အသင်းဟာ လာဇီယို၊ ဘက်စိတက်စ်၊ ဟန်နိုဗာ၊ ဗလင်စီယာတို့လို အသင်းတွေကို ရှုံးထွက်အဆင့်မှာ အနိုင်ရရှိလာတာဖြစ်ပြီး ဘီဘာအိုအသင်းကတော့ လိုကိုမိုတစ် မော်စကို၊ နာမည်ကြီး မန်ချက်စတာယူနိုက်တက်၊ ရှော်ကေး၊ စပေါ့တင်း လစ်စဘွန်းတို့လို အသင်းတွေကို ခြေစွမ်းပြ အနိုင်ယူပြီး ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။
ယခုပွဲမှာ ရာဒါမယ် ဖယ်ကာအိုရဲ့သွင်းဂိုး ၂ ဂိုး နဲ့အတူ အက်တလက်တီကို အသင်းရဲ့ တိုက်စစ်ကြောင့် ဘီဘာအို အသင်းကို ၃ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။ ယူရိုပါလိဂ် ဖလားကို နှစ်ကြိမ်ဆက်တိုက် ဆွတ်ခူးပြီး ဗိုလ်လုပွဲ နှစ်ခုစလုံး ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကိုတော့ ကိုလံဘီယာ ကစားသမား ဖယ်ကာအိုက စံချိန်တင်ရယူသွားခဲ့ပြီ ဖြစ်ပါတယ်။ ဖယ်ကာအိုဟာ ပေါ်တိုအသင်းနဲ့ ယခင်နှစ်က ယူရိုပါဖလားကို ဆွတ်ခူးထားခဲ့ဖူးတာ ဖြစ်ပါတယ်။ အက်တလက်တီကို မစ်ဒရက်အသင်းဟာလည်း သုံးနှစ်အတွင်းမှာ ယူရိုပါလိဂ်ဖလား နှစ်ကြိမ်ရခဲ့တာ ဖြစ်ပါတယ်။
ပွဲစတယ်ဆိုရင်ပဲ နှစ်ဖက်အသင်းစလုံးက အပြန်အလှန် တိုက်စစ်ဆင်ကစားကြသလို အပိုင်အခွင့်အရေးတွေကို ဘီဘာအိုက အရင်ရရှိခဲ့ပါတယ်။ မာကယ် ဆူဆေတာဟာ အပိုင်အခွင့်အရေး ၂ ကြိမ်ရရှိခဲ့ပေမယ့် အသုံးမချမနိုင်ခဲ့ဘဲ အက်တလက်တီကို မက်ဒရစ်ကတော့ တန်ပြန်တိုက်စစ်နဲ့ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
မန်ယူနဲ့ရင်ဆိုင်ခဲ့စဉ်က အပေးအယူ ညက်ညောတယ်လို့ နာမည်ကြီးခဲ့တဲ့ ဘီဘာအိုဟာ ယခုပွဲမှာ အက်တလက်တီကို မက်ဒရစ်ရဲ့ လျှင်လျှင်မြန်မြန် ထိုးဖောက်ကစားဟန်တွေကြောင့် ထင်သလောက် တိုးမပေါက်ဘဲ ဖြစ်ခဲ့ရပါတယ်။ အက်တလက်တီကိုရဲ့ တန်ပြန်တိုက်စစ်ဟာ အင်မတန်ကောင်းခဲ့တာကြောင့် ကွင်းလယ်ကစားသမား ဒီယေဂိုရဲ့ ထောက်ပံ့မှုတွေနဲ့ ဖယ်ကာအိုဟာ ပထမပိုင်း ၇ မိနစ်နဲ့ ၃၄ မိနစ်မှာတင် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
နောက်တဂိုးရရင် ဟက်ထရစ် ဂိုးသွင်းရှင်အဖြစ် စံချိန်တင်နိုင်မယ့် ဖယ်ကာအိုဟာ ဘီဘာအိုနောက်တန်းကို ခဏခဏ ဒုက္ခပေးခဲ့ပြီး ပွဲချိန်ကြာလာတာနဲ့အမျှ ဘီဘာအိုအသင်း ကွင်းလယ်မှာ ခြေပြန်ငြိမ်လာတာကြောင့်သာ ဂိုးထပ်မပေးခဲ့ရတာပါ။ ပွဲပြီးခါနီး အလိုမှာတော့ ကွင်းလယ်မှာ ခြေစွမ်းပြနေခဲ့တဲ့ ဘရာဇီးကစားသမား ဒီယေဂိုက အသင်းအတွက် အနိုင်ရလဒ်ကျိန်းသေစေမယ့် ဂိုးကိုသွင်းယူပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အက်တလက်တီကို မက်ဒရစ်အသင်းက ၃ ဂိုးပြတ်ဖြင့် ဘီဘာအိုအသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ယခုပွဲမှာ ဘီအာအိုအသင်းမှ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဂျာဗီ မာတီနက်စ်၊ လိုရန်တေး၊ ဆူဆေတာနဲ့ မြူနီယန်တို့ဟာ ကြိုးစားကစားခဲ့ပေမယ့် ကစားကွက်ချင်း မယှဉ်နိုင်တာကြောင့် ဖယ်ကာအိုနဲ့ ဒီယေဂိုတို့အုပ်စုကို အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာတော့ အက်တလက်တီကို မက်ဒရစ်အသင်းက ၄၀ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဘီဘာအို အသင်းက ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားဆုကိုတော့ အက်တလက်တီကိုအသင်းအတွက် ခြေစွမ်းပြပြီး အနိုင်ဂိုးနှစ်ဂိုးသွင့်ခဲ့တဲ့ ဖယ်ကာအိုက ရရှိခဲ့ပါတယ်။
ဘီဘာအိုအသင်းကတော့ ယခုပွဲမှာ ရှုံးနိမ့်ခဲ့ရပေမယ့် ဘာစီလိုနာအသင်းနဲ့ ကိုပါဒယ်ရေး ဖလားဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ရဦးမှာဖြစ်ပြီး ဖလားတခုယူနိုင်ရေး အိပ်မက် ဆက်မက်ခွင့် ရှိနေဆဲဖြစ်ပါတယ်။