၂၀၁၁ – ၂၀၁၂ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ ယခုအချိန်မှာတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်တွေ ဖြစ်တဲ့အပြင် ချန်ပီယံသရဖူကို လုနေတဲ့ မန်ချက်စတာမြို့ခံ ပြိုင်ဘက်နှစ်သင်းဟာ နောက်ဆုံးမိနစ်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသလို ချန်ပီယံလိဂ် ဝင်ရေးအတွက် အာဆင်နယ်၊ စပါး၊ နယူးကာဆယ် တို့ဟာလည်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

ဒါ့အပြင် တန်းဆင်းဇုန်မှာ ရောက်ရှိနေတဲ့ ကျူပီအာနဲ့ဘော်လ်တန်တို့ဟာလည်း နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ခဲ့တာကိုတွေ့ရပြီး စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေတဲ့ နေ့တနေ့ဖြစ်ခဲ့ပါတယ်။ ဒီထဲမှာမှ ပရီးမီးယားလိဂ်သရဖူကို ပြန်လည်ရယူဖို့ ၄၄ နှစ်ကြာ စောင့်စားနေခဲ့ရတဲ့ မန်စီးတီးအသင်းနဲ့ အတန်းဆင်းဇုံက လွတ်မြောက်ဖို့ ရုန်းကန်ဖို့ ကြိုးစားနေတဲ့ ကျူပီအာအသင်းတို့ ကစားတဲ့ပွဲစဉ်ဟာ ဒီရာသီမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲဆိုရင် ဘယ်သူမှ ငြင်းနိုင်မယ်မထင်ပါဘူး။
ချန်ပီယံ သရဖူ လုသူ မန်စီးတီး နှင့် တန်းမဆင်းရရန် ကြိုးစားတဲ့ ကျူပီအာ
ကျူပီအာကို အနိုင်ရတာနဲ့ ချန်ပီယံဖြစ်မယ့် မန်စီးတီးဟာ အိမ်ကွင်းမှာ ဖလားရဖို့ တော်တော်ကြိုးစားခဲ့ရပါတယ်။ ပထမပိုင်း ပွဲစတည်းက ကျူပီအာအသင်းကို ဖိကစားခဲ့ပေမယ့် အဖွင့်ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်း ၃၉ မိနစ်မှာ ဇာဘလက်တာ သွင်းယူတဲ့ ဂိုးကြောင့် မန်စီးတီး အနိုင်ရဖို့ နီးစပ်လာခဲ့ပေမယ့် ဒုတိယပိုင်းအစမှာ လက်စကော့ရဲ့ အမှားကနေ ကျူပီအာ တိုက်စစ်မှူး ဆစ်ဆီက အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချသွားတာကြောင့် ချေပဂိုး ရရှိသွားပြီး တန်းမဆင်းဖို့ ပိုပြီးကြိုစား ကစားလာခဲ့ပါတယ်။
ဒီပွဲမတိုင်ခင် ကျူပီအာ အသင်းပိုင်ရှင်တွေက အသင်းတန်းမဆင်းရလျှင် နည်းပြ မာ့ဟူးဂျ်ကို ပေါင် ၁ သန်း ဆုကြေး ချီးမြှင့်မယ်လို့ ကြေညာခဲ့သလို ကစားသမားတွေကိုလည်း ဆုကြေးငွေ ချီးမြှင့်မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ကျူပီအာအသင်းဟာ နောက်တန်းမှာ ဇုန်အလိုက် စနစ်တကျ ဖြတ်ထုတ်ခဲ့သလို မန်စီးတီး တိုက်စစ်မှူးတွေရဲ့ ကန်ချက်ကိုလည်း ကျူပီအာ ဂိုးသမား ကန်နီပက်ဒီက လက်စွမ်းပြ ကာကွယ်ခဲ့တာကို တွေ့ရပါတယ်။
ချေပဂိုးရပြီး မကြာခင်မှာပဲ ဘောလုံးလူမိုက်လို့ နာမည်ကြီးတဲ့ ဂျိုအီဘာတန်က တေးဗက်စ်ကို တံတောင်နဲ့တွတ်လိုက်တာကြောင့် အနီကတ်ပြခံရပြီး ထွက်သွားရပါတယ်။ ကျူပီအာအသင်းဟာ လူတယောက် လျော့သွားတာကြောင့် ခံစစ်ကို ပိုမိုအားပြုကစားလာပြီး တချက်တချက်မှသာ တိုက်စစ်ဆင်ကစားတော့ပါတယ်။ ၆၆ မိနစ်မှာတော့ ကျူပီအာအသင်းက တန်ပြန်တိုက်စစ်ကို မက်ကီက ကောင်းစွာအသုံးချပြီး မန်စီးတီးဘက်ကို အနိုင်ဂိုးသွင်းယူလိုက်ပါတယ်။
ဒုတိယပိုင်း ပြီးဆုံးဖို့ရန် ၂၅ မိနစ်သာ လိုတော့တာကြောင့် မန်စီးတီးအသင်းနည်းပြ မန်ချီနီနဲ့ ပရိသတ်တွေဟာ စိုးရိမ်မှုတွေနဲ့ ပြည့်နှက်နေခဲ့တာကို မျက်နှာမှာ အတိုင်းသားတွေ့ရပါတယ်။ ပရိတ်သတ်တချို့ မှာဆိုရင် မျက်ရည်ကျနေတာကို တွေ့မြင်ရပါတယ်။
မန်ချီနီဟာ ဘယ်ရီကို ထုတ်ပြီး တိုက်စစ်မှူး ဒီဂျစ်ကို အားထည့်ကစားစေသလို တေးဗက်စ်အစားလည်း ဘာလော့တယ်လီကို ထည့်ကစားပြီး ရှေ့မှာနေရာပိုချောင်လာအောင် လုပ်ကစားစေခဲ့ပါတယ်။ ပွဲချိန်မိနစ် ၉၀ အထိ မန်စီးတီးဟာ အရှုံးရလဒ်ကို မပြောင်းနိုင်သေးဘဲ ဒိုင်လူကြီးက နာကျင်ချိန်ပို ၅ မိနစ် ပေးထားရာ နာကျင်ချိန်ပို ၁ မိနစ်မှာ ထောင့်ကန်ဘောကို ဒီဂျက်ကိုက ခေါင်းတိုက်သွင်းယူပြီး ၂း၂ သရေဖြစ်သွားပါတယ်။ အဲဒီအချိန်မှာပဲ တဖက်က မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်းဒါးလန်းအသင်းကို ၁း၀ နဲ့နိုင်ပြီး ပွဲပြီးသွားခဲ့ပေမယ့် အောင်ပွဲမခံနိုင်သေးဘဲ မန်စီးတီးရဲ့ အဖြေကို စောင့်မျှော်နေကြပါတယ်။
ဘောလုံးလောကမှာ ပြောနေကြတဲ့ ဘောလုံးဟာ ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ စကားအတိုင်း နာကျင်ချိန်ပို ၄ မိနစ်မှာတော့ မန်ချက်စတာ တမြို့လုံးအပြင် ကမ္ဘာ့ဘောလုံးပရိသတ်တွေကိုပါ အံသြသွားစေတဲ့ ဂိုးတဂိုးကို အဂူရိုက တကိုယ်တော် လှလှပပ ကန်သွင်းယူမှုကြောင့် ၃-၂ နဲ့အနိုင်ရရှိပြီး မိုးပြာရောင်တပ်သားတွေဟာ နောက်ဆုံးမိနစ်မှ ချန်ပီယံသရဖူကို မိမိရရ ဖမ်းဆုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျုပီအာအသင်းဟာလည်း တဖက်ပွဲစဉ်မှာ စတုတ်အသင်းက ဘော်လ်တန် အသင်းကို သရေကစားခဲ့တာကြောင့် ၁ မှတ်အသာ နဲ့ပရီးမီးယားလိဂ်မှာ ဆက်နေခွင့်ရသွားခဲ့ပါတယ်။
နည်းပြ ဖာဂူဆန်ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းက မိနစ် ၉၀ အချိန်အထိ ဆန်းဒါးလန်းကို အဝေးကွင်းမှာ ရွန်းနီရဲ့ ဂိုးဖြင့် အနိုင်ရရှိနေခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ မန်ယူပရိသတ်တွေဟာ မထင်မှတ်တဲ့ မန်စီးတီး ရှုံးနိမ့်နေခဲ့တာကြောင့် ဖလားယူဖို့ ရန်အောင်ပွဲခံဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး နောက်ဆုံး ကျူပီအာကို မထင်မှတ်ဘဲ အချိန်ပို ၅ မိနစ် အတွင်း ၂ ဂိုးသွင်းယူခဲ့တဲ့ မန်စီးတီးကြောင့် ဘောလုံးပရိသတ်တွေ ရင်ခုန်သံ အတက်အကျ ရောယှက်နေတဲ့ နေ့တနေ့ ဖြစ်ခဲ့ပါတယ်။