ပရီးမီးယားလိဂ် သက်တမ်းတလျှောက် အကြိတ်အနယ်အရှိဆုံး ရင်ခုန်စရာ အကောင်းဆုံးလို့ဘောလုံး ပရိသတ်တွေ တညီတညွတ်ထဲ ထောက်ခံနေတဲ့ ယခုရာသီ ပွဲစဉ်တွေဟာ အင်မတန် စိတ်လှုပ်ရှားဖို့ကောင်းခဲ့ပါတယ်။ ဖလားနဲ့ ၄၄ နှစ်ကြာ ကွာဝေးနေတဲ့ မန်ချက်စတာစီးတီး အသင်းဟာ အီတလီနည်းပြ မန်ချီနီရဲ့ ဦးဆောင်မှုနဲ့အခက်အခဲများကြားမှာ ပရီးမီးယားလိဂ် သက်တမ်းတလျှောက် ကာလကြာရှည် လွှမ်းမိုးထားတဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့်အထိ တိုက်ပွဲဝင်ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။
ဒီနှစ် ချန်ပီယံလိဂ် ဖိုင်နယ်ရောက် ချယ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ်မှာ အဆင့် ၆ သာ ရရှိခဲ့တာကြောင့် လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက် သဲ့သဲ့အနေနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကိုသာ အနိုင်ရခဲ့လျှင် နောက်နှစ် ချန်ပီယံလိဂ်ကို ဝင်ခွင့်ရရှိသွားမှာဖြစ်ပြီး အဆင့် (၄) ရခဲ့တဲ့ စပါး အသင်းအနေနဲ့ ယူရိုပါလိဂ်ကိုသာ ဆင်းကန်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ချန်ပီယံလိဂ်နေရာအတွက် အာဆင်နယ်၊ စပါး၊ နယူးကာဆယ်တို့ဟာ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ခဲ့တာကို တွေ့ရပါတယ်။
မန်ချက်စတာစီးတီး
၂၀၁၁-၂၀၁၂ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်သွားတဲ့ မန်ချက်စတာစီးတီး အသင်းဟာ ရာသီကုန်ခါနီးမှာ မန်ယူ အသင်းရဲ့ ၈ မှတ်ဖြတ်ပြီး ဦးဆောင်မှုခံခဲ့ရသလို အဝေးကွင်းပွဲစဉ် ၅ ပွဲ ကို ရှုံးနိမ့်ခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။ ရာသီအစ ပွဲဦးထွက် ကောင်းသလောက် ဇန်နဝါရီ အာဖရိကဖလား ကန်ချိန်မှာ တိုးရေး ညီအစ်ကို နှစ်ယောက်ကို ဆုံးရှုံးခဲ့ရတာဟာ အသင်းဟန်ချက်ကို ပျက်ပြားစေခဲ့သလို လူဆိုးတယောက်လို့နာမည်ကြီးတဲ့ ဘာလော့တယ်လီရဲ့ အမှားတွေကြောင့် အသင်းသားတွေ စိတ်ဝမ်းကွဲစရာတွေ ဖြစ်ခဲ့ပေမယ့် အသင်းကို တတ်နိုင်သမျှ ဟန်ချက်ညီအောင်ထိန်းပြီး နည်းပြ ဖာဂူဆန်နဲ့ မီဒီယာတွေမှာ စကားစစ်ထိုးပွဲကို ရှောင်ရှားကာ နောက်ဆုံးအချိန်ထိ အသင်းသားတွေကို ပဲ့ကိုင်ခဲ့တဲ့ မန်ချီနီရဲ့ အရည်အချင်းဟာ ပြောစမှတ်တွင်ခဲ့ပါတယ်။ တနှစ်ပတ်လုံး တေးဗက်စ်၊ ဘာလော့တယ်လီ တို့ကြောင့် အသင်းဟာ ပြသနာများစွာနဲ့ကြုံတွေ့ခဲ့ရပေမယ့် သူတို့နှစ်ဦးလုံးကို နောက်ဆုံးအချိန်မှာ အကျိုးရှိအောင် ကိုင်တွယ်နိုင်တာကိုလည်း တွေ့ရပါတယ်။
မန်ချက်စတာယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်ထပ် ချန်ပီယံ နှစ်တနှစ်ဖြစ်ဖို့လိုတော့တဲ့အချိန် တဖက်ပွဲစဉ်မှာ မိနစ်ပိုင်းအတွင်း ချေပဂိုးနဲ့အနိုင်ဂိုး သွင်းယူခဲ့တဲ့ မန်စီးတီးကြောင့် မန်ယူပရိသတ်တွေ နောက်ဆုံးအချိန်ကျမှ မျှော်လင့်ချက်တွေ ပြိုပျက်ခဲ့ရတဲ့ နှစ်ဖြစ်ခဲ့ပါတယ်။ အကောင်းဘက်က ကြည့်ရင်တော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ လူငယ်အင်အား ကောင်းကောင်းနဲ့ ရာသီကုန်အထိ ချန်ပီယံဖြစ်ဖို့ တာဆူနေခဲ့တာဖြစ်ပြီး ရာသီပြီးဆုံးချိန်မှာလည်း ၈၉ မှတ်စီ အမှတ်တူနေခဲ့တာပါ။ ဂိုးကွာခြားချက်ကြောင့် ချန်ပီယံနဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ တိုက်စစ်မှူး ရွန်နီကတော့ တရာသီလုံး အကောင်းဆုံး ကစားသွားခဲ့ပြီး သက်ကြီးကစားသမား ဂစ်၊ စခိုးလ် တို့နဲ့အတွဲမိမိ ကစားနိုင်ခဲ့သလို လူငယ်ကစားတွေဖြစ်တဲ့ ဂျုန်းစ်၊ ဝယ်ဘက်တို့ကိုလည်း ကောင်းကောင်းတွဲခေါ်နိုင်ခဲ့ပါတယ်။ နောက်ရာသီမှာတော့ မန်ယူအသင်းက လူအင်အား ထပ်မံဖြည့်တင်းဖို့လိုနေတယ်လို့ မန်ယူပရိသတ်တွေက တောင်းဆိုနေကြပြီ ဖြစ်ပါတယ်။ နည်းပြ ဖာဂူဆန် လူအင်အားထည့်ဖြည့်နိုင်ဖွယ် ရှိမရှိကတော့ လာမယ့် နွေရာသီ အပြောင်းအရွေ့ကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်
အာဆင်နယ်အသင်းရဲ့ သက်တမ်းရင့်နည်းပြ အာဆင်ဝင်းဂါးက ယခုအချိန်အထိ ဖလားတွေနဲ့ဝေးကွာနေတာကို စိတ်ရှည်ပုံရနေပေမယ့် ပရိသတ်တွေကတော့ ဒီထက့်ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို တောင်းဆိုနေပါတယ်။ အဆင့် (၃) ရခဲ့တာကြောင့် ချန်ပီယံလိဂ် တနေရာစာ ရခဲ့ပေမယ့် ပရိသတ်တွေ တောင်းဆိုနေတာက ကာလကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားတွေကို ထိန်းသိမ်းထားနိုင်ရေး ဖြစ်ပါတယ်။ ရာသီအစတုန်းက အခြေအနေ ဆိုးတွေကြားထဲမှာ ရုန်းကန်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ ပြိုင်ဘက်အသင်း ချယ်ဆီး၊ လီဗာပူးလ်တို့ ပိုမိုပြီး ခြေချော်နေခဲ့တာကြောင့်ရော ကွင်းလယ်ကစားသမား အာတီတာ၊ တိုက်စစ်မှူး ဗန်ပါစီရဲ့ မှော်ဝင်ဂိုးတွေကြောင့် ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ် တနေရာကို ဆုပ်ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စပါး
စပါးအသင်းဟာ ၂၀၁၁ ဒီဇင်ဘာ ကုန်အထိ ချန်ပီယံနေရာကို ခြိမ်းခြောက်နိုင်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။ ဟယ်ရီရက်နက် အင်္ဂလန် နည်းပြဖြစ်ဖို့ရန်ရေပန်းစားချိန်ကစပြီး အသင်းရလဒ်တွေဟာ ကမောက်ကမ ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် နေရာဝင်ဖို့တောင် မနည်း ပြန်ကြိုးစားခဲ့ရပါတယ်။ ကံကောင်းထောက်မစွာဖြင့် အဒီဘာယော၊ ဘေးလ်၊ မော်ဒရစ် တို့ရဲ့ ခြေစွမ်းတည်ငြိမ်မှုကြောင့် ချယ်ဆီး၊ နယူးကာဆယ်၊ လီဗာပူးလ် စတဲ့အသင်းတွေကို ကျော်ပြီး အဆင့် (၄) နေရာကို ရပ်တည်နိုင်ခဲ့ပေမယ့် တဖက်မှာ ချယ်ဆီးအသင်းက ချန်ပီယံလိဂ်မှာ ဖလားရယူနိုင်ခဲ့ပါက ယူရိုပါလိဂ်သို့သာ ဝင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။
နယူးကာဆယ်
နယူးကာဆယ် အသင်းရဲ့နည်းပြ အလန်ပါဂျူးဟာ ယခုနှစ် ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုကိုရရှိခဲ့ပြီး နယူးကာဆယ်အသင်းကို အမှတ်ပေးဇယား အဆင့် (၅) မှာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒမ်ဘာဘ၊ ဆစ်စီတို့ရဲ့ တိုက်စစ်ဟာ ကမ္ဘာ့အဆင့်မီခဲ့သလို ကွင်းလယ်မှာလည်း ကာဘီယီ၊ ဘန်အာဖာ တို့ဟာလည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်အတွဲတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
ချယ်ဆီး
ချယ်ဆီးအသင်းရဲ့ အတက်အကျတွေကတော့ ဒီနှစ်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ နည်းပြသစ် ဘိုးအာ့ရှ် ကို ခန့်ပြီး ပြင်ဆင်မှုတွေလုပ်ခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် ဇန်နဝါရီ အကုန်မှာထုတ်ပယ်ခဲ့ပြီး လက်ထောက်နည်းပြ ဒီမက်တီယိုကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အပြောင်းအလဲအနေနဲ့ ဒီမက်တီယိုရဲ့ လက်အောက်မှာ ချယ်ဆီး အသင်းဟာ ပြန်လည်ဦးမော့လာပြီး ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ဖြုတ်ချကာ ဖိုင်နယ်တက်ရောက်နိုင်ခဲ့သလို၊ အက်ဖ်အေ ဖလားမှာလည်း လစ်ဗာပူးအသင်းကို အနိင်ရကာ ချန်ပီယံအဖြစ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တောရက်စ်၊ ဒရော့ဘာ တို့ဟာ ပိုမိုခြစွမ်းပြလာနိုင်သလို ကွင်းလယ်က ရာမီရက်စ်ဟာလည်း ကမ္ဘာ့အဆင့်မီ ခြေစွမ်းမျိုးနဲ့ အသင်းကို အကျိုးရှိစေခဲ့ပါတယ်။ လာမယ့် ၁၉ ရက်နေ့မှာတော့ ဒီမက်တီယိုရဲ့ ချယ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ မြူးနစ်ကွင်းမှာ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ချယ်ဆီးအသင်းအတွက် ပထမဦးဆုံး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
လီဗာပူးလ်
ဒီနှစ်ရာသီမှာ ပရိသတ်ကို အတက် အကျတွေနဲ့ရင်ခုန်အောင် လုပ်တဲ့ အသင်းတွေထဲမှာ လီဗာပူးလ် အသင်းဟာလည်း အပါအဝင် ဖြစ်ပါတယ်။ ၆ နှစ်ကြာ ဖလား လက်မဲ့ဖြစ်မှုကို နည်းပြကြီး ကန်နီက ကာလင်းဖလားနဲ့နှစ်သိမ့်ခဲ့ပေမယ့် ပရိသတ်တွေ လိုချင်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပရီးမီယားလိဂ်မှာ ချန်ပီယံ ခြေစွမ်းပြန်ရရေးတွေနဲ့ဝေးကွာနေခဲ့ပါတယ်။ တပွဲတိုး ရှုံးထွက်ပြိုင်ပွဲတွေဖြစ်တဲ့ အက်အေဖလား၊ ကာလင်းဖလားတို့တွေမှာ ရလဒ်တွေကောင်းခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ အဆင့် (၈) သာ ရရှိခဲ့တာက လီဗာပူးလ် ပရိသတ်တွေအတွက် လက်မခံနိုင်စရာ ဖြစ်ခဲ့ပါတယ်။ လာမယ့်ရာသီ အတွက်တော့ အမေရိကန်ပိုင်ရှင်တွေဟာ ကန်နီနဲ့ လက်ထောက်နည်းပြ ကလက်ခ် တို့ကို အမေရိကန်ကို ဆင့်ခေါ်ပြီး အသင်းအနာဂတ် အတွက်ဆွေးနွေးနေပြီလို့သိရပါတယ်။ လာမည့်ရာသီမှာ အပြောင်းအလဲများစွာနဲ့ လီဗာပူးလ် အသင်းပြန်လာနိုင်မလားဆိုတာ စောင့်ကြည့်ရုံမှတပါး အခြားမရှိပေ။