ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန်နိုင်ငံက ချယ်ဆီးအသင်းတို့ဟာ မနက်ဖြန် စနေနေ့ မေ ၁၉ ရက်မှာ ဗိုလ်လုပွဲစဉ်အဖြစ် ဂျာမနီနိုင်ငံ မြူးနစ်ကွင်းမှာ ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဟာ ဖိုင်နယ်ပွဲစဉ်ကို အိမ်ကွင်းမှာ ၄ သင်းမြောက် ကစားရတဲ့အသင်းဖြစ်လာပြီး ယခုလို ကြီးကျယ်တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကြီးကို အိမ်ကွင်းပရိသတ်တွေရဲ့ရှေ့မှာ ကန်ရတော့မှာဖြစ်ပါတယ်။
ဖိုင်နယ်ကိုတက်ရောက်လာတဲ့ နှစ်သင်းလုံးဟာ ဆီးမီးဖိုင်နယ်ပွဲစဉ်တွေမှာ စပိန်အင်အားကြီး ဖြစ်တဲ့ ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကို ဖြုတ်ချခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းကတော့ ချန်ပီယံလိဂ် သက်တမ်းတလျှောက် ဖိုင်နယ်ပွဲစဉ်ကို ၉ ကြိမ်ထိရောက်ဖူးထားပြီး ၄ ကြိမ်တိတိ ဖလားယူထားနိုင်တဲ့ အစဉ်အလာကြီးမားတဲ့ အသင်းဖြစ်ပါတယ်။
တဖက်မှာတော့ ချယ်ဆီးအသင်းဟာ ၂၀၀၈ ခုနှစ်တုန်းက ပြည်တွင်းပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ဖိုင်နယ်ပွဲစဉ်မှာ တွေ့ဆုံခဲ့ပြီ သမိုင်းတလျှောက် တကြိမ်သာ ချန်ပီယံလိဂ် ဖိုင်နယ်သို့ တက်ရောက်ဖူးပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဟာ ချန်ပီယံလိဂ် သက်တမ်းတလျှောက် ရှုံးထွက်ပွဲစဉ်တွေမှာ အင်္ဂလိပ် အသင်းတွေနဲ့ရလဒ်ကောင်းကို ပိုင်ဆိုင်ထားပေမယ့် ဖိုင်နယ်ပွဲစဉ်တွေမှာတော့ အင်္ဂလန်ကလပ် အက်စတွန်ဗီလာကို ၁၉၈၂ က တကြိမ်၊ မန်ချက်စတာ ယူနိုက်တက်အသင်းကို ၁၉၉၉ မှာတကြိမ် အားလုံးပေါင်း နှစ်ကြိမ် ရှုံးနိမ့်ဖူးထားပါတယ်။
ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ် အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးခြေစွမ်းကို ရရှိထားသလို အိမ်ကွင်းမှာလည်း ယှဉ်ပြိုင်ရမှာမို့ အဖက်ဖက်မှာ တပန်းသာနေပါတယ်။ ဒါပေမယ့် ပြည်တွင်းပွဲစဉ်တွေမှာ ဘော့ရုရှား ဒေါ့မွန်ကို မယှဉ်နိုင်ဘဲ လိဂ် ပြိုင်ပွဲမှာကော၊ ဂျာမန်ရှုံးထွက်ပွဲစဉ်မှာပါ အရေးနိမ့်ထားပါတယ်။ အရင်တပတ်က ကျင်းပတဲ့ ဂျာမန် ရှုံးထွက် ဖိုင်နယ်ပွဲစဉ်မှာ ဒေါ့မွန်အသင်းကို ၅- ၂ နဲ့အရေးနိမ့်ခဲ့တာက ယခုလာမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကို စိတ်ဓာတ်ပိုင်းဆိုင်ရာ မထိခိုက်အောင် နည်းပြ ဂျုပ် ဟေးနက်စ်အနေနဲ့ ကိုင်တွယ်ဖို့ လိုနေပါတယ်။
ဘိုင်ယန်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ရီးရဲယ်မက်ဒရစ်နဲ့ပွဲစဉ်မှာ မိနစ် ၁၂၀ အထိ ကန်ခဲ့ရသလို ဂိုးအရေအတွက်တူ သရေရလဒ် ဖြစ်နေခဲ့တာကြောင့် ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ကစားသမား ရော်နယ်ဒိုနဲ့ ကာကာတို့ရဲ့ ပယ်နတီတွေကို ဂိုးသမား နူအာက ကာကွယ်နိုင်ခဲ့တာကြောင့် ဖိုင်နယ်ပွဲစဉ်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ရှေ့တန်းမှာတော့ ဂျာမန်တိုက်စစ်မှူး ဂိုးမက်စ်က ခြေစွမ်းပြနေပြီး သူ့ကိုဝန်းရံထားတဲ့ ရစ်ဘာရီ၊ မူလာ၊ ရော်ဘင်နဲ့တိုရီ ခရူးစ်၊ ရှဝန်းစတိုင်ဂျာတို့ဟာ အလွန်အတွဲညီခဲ့တာကို ချန်ပီယံလိဂ် ပွဲစဉ်တလျှောက် တွေ့ခဲ့ရမှာပါ။ ဒါပေမယ့် နောက်တန်းမှာ ခြေစွမ်းပြနေတဲ့ ဘက်စတူဘာနဲ့အလာဘာတို့ဟာ ပွဲပယ်ပြစ်ဒဏ်ထိထားသလို ကွင်းလယ်ခံစစ်ကစားတဲ့ ဂက်စတာဗိုလည်း ပွဲပယ်ထိထားတာကြောင့် ခံစစ်ပိုင်းမှာ အားနည်းဖွယ်ရာ ရှိနေပါတယ်။
ချယ်ဆီး
ယာယီနည်းပြတွေရဲ့ လက်အောက်မှာ ကံကောင်းလေ့ရှိတဲ့ ချယ်ဆီးအသင်းဟာ ယခုအခါမှာလည်း ယာယီနည်းပြ ဒီမက်တီယိုရဲ့ လက်အောက်မှာ ဒုတိယအကြိမ် ဖိုင်နယ်ပွဲစဉ်ကို တက်ရောက်လာတာဖြစ်ပါတယ်။ ၂၀၀၈ တုန်းကတော့ ပထမအကြိမ်အနေနဲ့ ဂရန် ရဲ့လက်အောက်မှာ ဖိုင်နယ်တက်ရောက်ခဲ့တာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ပယ်နတီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယခု ယာယီနည်းပြ ဒီမက်တီယိုရဲ့ လက်အောက်မှာတော့ ချယ်ဆီး အသင်းက အက်ဖ်အေ ဖလား ဖိုင်နယ်ပွဲစဉ်မှာ လစ်ဗာပူးလ်အသင်းကို အနိုင်ရခဲ့ပြီး လတ်တလော အက်ဖ်အေ ဖလားချန်ပီယံ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ အဆင့် ၆ သာ ရခဲ့တာကြောင့် ယခု ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ဟာ ချန်ပီယံသရဖူ ဆွတ်ခူးနိုင်ဖို့အပြင် နောက်နှစ်ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ပါ အရေးကြီးလာပြီ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လက်ရှိချန်ပီယံ ဘာစီလိုနာကို အံ့သြဖွယ်ခြေစွမ်းနဲ့ ဖြုတ်ချနိုင်ခဲ့ပေမယ့် တယ်ရီ၊ အီဗာနိုဗစ်၊ ရာမီးရက်စ်နဲ့ မီရားလက်စ်တို့ဟာ ပွဲပယ်ပြစ်ဒဏ်ကျခံရလို့ ဖိုင်နယ်ပွဲစဉ်မှာ ဝင်ရောက် မကစားနိုင်တော့ပါဘူး။ နောက်ခံ ကစားသမားတွေဖြစ်တဲ့ လူးဝစ်နဲ့ကာဟေးလ်ဟာလည်း ဒဏ်ရာအသီးသီး ကိုယ်စီရထားတာကြောင့် ဖိုင်နယ်ပွဲစဉ်မှာ ဝင်ကန်နိုင်ဖို့ မကျိန်းသေပါဘူး။
ဖြစ်နိုင်ဖွယ်ရာလူစာရင်း
ဘိုင်ယန်မြူးနစ် (၄-၂-၃-၁) – (ဂိုး) နူအာ၊ ရာဖင်ဟာ၊ တီမိုရှုပ်၊ ဘုတ်တန်၊ လမ်း၊ ခရူးစ်၊ ရှဝန်းစတိုင်ဂျာ၊ ရော်ဘန်၊ မူလာ၊ ရစ်ဘာရီ၊ ဂိုးမက်စ်
ချယ်ဆီး (၄-၃-၃) – (ဂိုး) ပီတာချက်၊ ဘော့စင်ဝါ၊ လူးဝစ်၊ ကာဟေးလ်၊ ကိုးလ်၊ မီခေးလ်၊ လန်းပတ်၊ အက်ဆီယန်၊ ကာလူး၊ ဒရော့ဘာ၊ မာတာ
သုံးသပ်ချက်
နှစ်သင်းလုံးဟာ နောက်တန်းမှာ ပွဲပယ် ပြစ်ဒဏ်တွေနဲ့လူအင်အား နည်းနေတာကြောင့် တိုက်စစ် ဦးစားပေးအနေနဲ့ပွဲထွက်လာနိုင်ပါတယ်။ ကွင်းလယ်အင်အားချင်းယှဉ်ရင် ဘိုင်ယန်မြူးနစ်က အသာရနေပြီး ရာမီးရက်စ်နဲ့မီရာလက်စ်တို့ မပါနိုင်တဲ့ ချယ်ဆီး ကွင်းလယ်ဟာ အားနည်းနေပါတယ်။ ရှေ့တန်းမှာ ချယ်ဆီးအသင်းဟာ တောရက်စ်နဲ့ဒရော့ဘာတို့တွဲဖက်ပွဲထွက်လာဖို့နည်းပြီး ရာမီးရက်စ်နေရာမှာ အက်ဆီယန် ဝင်ကစားဖွယ်ရှိနေပါတယ်။ ဂိုးသမား ချင်းယှဉ်ရင်တော့ ဂျာမန် ဂိုးသမားတွေဟာ ပယ်နတီဖမ်းရာမှာ ထူးချွန်သလို ဘိုင်ယန်အသင်းရဲ့ ဂိုးသမား နူအာ လက်စွမ်းဟာ အကောင်းဆုံးမှာ ရှိနေပါတယ်။ ချယ်ဆီးအသင်းအတွက် သတင်းကောင်းကတော့ လူးဝစ်နဲ့ ကာဟေးလ် တို့ဟာ လေ့ကျင့်ခန်း ပြန်ဆင်းနေတယ်လို့သိရပါတယ်။ အာလုံးခြုံကြည့်ရင်တော့ ဘိုင်ယန်မြူးနစ် အသင်းဟာ အိမ်ကွင်းမြူးနစ်မှာ ကန်ရမှာမို့အဖက်ဖက်ဆိုင်ရာမှာ အသာရနေသလို မထင်မှတ်တာတွေ လုပ်ပြနေတဲ့ ချယ်ဆီး အသင်းကိုလည်း လျှော့တွက်လို့မရပါဘူး။ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလိပ်ကလပ် ချယ်ဆီးအသင်းတို့ရဲ့ စီးချင်းထိုးပွဲမှာ ဘယ်သူအနိုင်ရသွားမယ်ဆိုတာ ဒီအပတ်စနေနေ့ညမှာ စောင့်ကြည့်ရတော့မှာပါ။