၂၀၁၁-၂၀၁၂ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကြီးကို ဂျာမနီမြေ မြူးနစ်ကွင်းမှာ ကျင်းပခဲ့ရာ အင်္ဂလိပ်ကလပ် ချယ်ဆီးအသင်းက အိမ်ကွင်းမှာကန်ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အချိန်ပိုအထိ သရေကစားပြီး ပယ်နတီနဲ့ အနိုင်ရကာ ပိုင်ရှင် အေဗရာမိုဗစ်ရဲ့ အိပ်မက်၊ လန်ဒန်သား အပြာရောင် ခြင်္သေပရိသတ်တွေရဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးလိုက်ပြီ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းက (ဂိုး) နူယာ၊ ဘုတ်တန်၊ လမ်း ကွန်တန်တို၊ ရစ်ဘာရီ၊ ရှဝိုင်းစတိုင်ဂျာ၊ ခရူးစ်၊ တီမိုရှုချ်၊ ရော်ဘန်၊ မူလာ၊ ဂိုးမက်စ်တို့နဲ့ပွဲထွက်လာပါတယ်။ ချယ်ဆီး အသင်းကတော့ (ဂိုး) ပီတာချက်၊ ဘော့စင်ဝါ၊ ကာဟေးလ်၊ လူးဝစ်၊ ကိုး၊ ဘားထရန့်၊ လန်းပတ်၊ မီခေးလ်၊ မာတာ၊ ဒရော့ဘာ၊ ကာလူးတို့နဲ့ပွဲထွက်လာပြီး လူငယ်ကစားသမား ဘားထရန့်ဟာ ပွဲအစမှာတင် ကွင်းလယ်မှာ အံ့အားသင့်ဖွယ် ပါလာတာကို တွေ့ရပါတယ်။
ပွဲစတာနဲ့ ဘိုင်ယန်အသင်းဟာ ကွင်းလယ်မှာ စိုးမိုးထားခဲ့ပြီး ချယ်ဆီးအသင်းဟာ ဘာစီလိုနာနဲ့ပွဲမှာ ကစားခဲ့တဲ့ပုံစံအတိုင်း ခံစစ်သက်သက်သာ ဆော့သွားတာကို တွေ့ရပါတယ်။ ဘိုင်ယန်တိုက်စစ်မှူး ဂိုးမက်စ်ဟာ ဒီပွဲမှာ အပိုင်အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ဘိုင်ယန်အသင်းအတွက် အလွန်နစ်နာခဲ့ပါတယ်။
ရစ်ဘာရီ၊ ရော်ဘင်တို့ရဲ့ တောင်ပံတွေဟာ ချယ်ဆီးအသင်းကို တချိန်လုံး တိုက်စစ်ဆင် အခွင့်အရေးတွေ ဖန်တီးပေးခဲ့ပေမယ့် အသင်းတိုက်စစ်မှူးတွေ ဂိုးပေါက်လွဲချော်နေခဲ့သလို ချယ်ဆီးအသင်းရဲ့ ခံစစ်ကစားပုံဟာလည်း အထူးကောင်းမွန်ခဲ့တာကို တွေ့ရပါတယ်။ ချယ်ဆီးအသင်းကတော့ ပွဲပယ်ခံထားရတဲ့ တယ်ရီ၊ ရာမီးရက်စ်၊ မီရာလက်စ်၊ အီဗာနိုဗစ်တို့ မပါဝင်နိုင်ခဲ့ပေမယ့် လန်းပတ်ရဲ့ ခေါင်းဆောင်မှုအောက်မှာ စည်းစနစ်တကျ ကစားခဲ့တာကို တွေ့ရပါတယ်။
ပွဲပြီးခါနီး ၈၃ မိနစ်မှာ ဘိုင်ယန်တိုက်စစ်မှူး သောမက်စ် မူလာရဲ့ ခေါင်းတိုက်ဂိုးကြောင့် ဘိုင်ယန်အသင်း အနိုင်ရဖို့ နီးစပ်နေခဲ့ပြီးမှ ပွဲချိန်အတွင်း ၈၈ မိနစ်မှာ ချယ်ဆီးအသင်းအတွက် ပထမဦးဆုံးရတဲ့ ထောင့်ကန်ဘောကို ဒရော့ဘာက အပိုင်ခေါင်းတိုက်ချက် ပြင်းပြင်းနဲ့ ချေပဂိုးသွင်းယူသွားတာကြောင့် ပွဲရဲ့အရှိန် မြင့်လာခဲ့ပြီး အချိန်ပို မိနစ် ၃၀ ထပ်မံကစားစေပါတယ်။ အချိန်ပိုအစမှာတော့ ဒီပွဲမှာ ဟီးရိုး ဖြစ်ခဲ့တဲ့ ဒရော့ဘာက မလိုအပ်ဘဲ ရစ်ဘာရီကို ပယ်နတီ ဧရိယာအတွင်း ဖျက်ထုတ်ခဲ့တာကြောင့် ပယ်နတီပေးရပါတယ်။ ဒါပေမယ့် ရော်ဘန်ကန်တဲ့ ဘောလုံးကို ပီတာချက်က လက်စွမ်းပြပြီး ကာကွယ်သွားလို့ချယ်ဆီးအသင်းဟာ ပိုမို အားတက်လာပါတယ်။
အချိန်ပို အထိ ၁-၁ ရလဒ် ဆက်ရှိနေတာကြောင့် ပယ်နတီအဆုံးအဖြတ် ကန်သွင်းရာမှာလည်း ချယ်ဆီးအသင်း အတွက် မာတာက လွဲ၍ လူးဝစ်၊ လန်းပတ်၊ ကိုး၊ ဒရော့ဘာတို့က ဝင်အောင်သွင်းနိုင်ခဲ့ပြီး ဘိုင်ယန်အသင်းကတော့ လမ်း၊ ဂိုးမက်စ်၊ နူယာတို့ ပထမ ၃ ကြိမ်ဝင်အောင်ကန်နိုင်ပြီးမှာ နောက်ဆုံး ၂ ကြိမ်ကန်တဲ့ အိုလစ်နဲ့ ရှဝိုင်းစတိုင်ဂျာတို့ရဲ့ ပယ်နတီလွဲကို ပီတာချက်က ကာကွယ်ခဲ့တာတွေကြောင့် ချယ်ဆီးအသင်းဟာ ပယ်နတီ ရလဒ် ၄-၃ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ယခုအနိုင်ပွဲကြောင့် ချယ်ဆီးအသင်းရဲ့ သက်တမ်း ၁၀၇ နှစ် အတွင်း အကြီးမားဆုံး အောင်မြင်မှုဖြစ်လာသလို ၂၀၀၈ ခုနစ်က မော်စကိုမှာ ပြိုင်ဖက် မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ရတဲ့ အိမ်မက်ဆိုးကိုလည်း ချေဖျက်ပစ်နိုင်ပြီ ဖြစ်ပါတယ်။ ပွဲအပြီးမှာ အသင်းခေါင်းဆောင် တယ်ရီ၊ လန်းပတ်၊ ဒရော့ဘာတို့ဟာ အောင်ပွဲအတူတူခံခဲ့တာကို တွေ့ရပါတယ်။ မော်ရင်ညို လက်ထက် ထွန်းထောက်လာခဲ့တဲ့ ဒီ စီနီယာ ကစားသမား ၃ ယောက်ဟာ အသင်းနဲ့စွဲမြဲစွာရှိနေခဲ့ပြီး နောက်ဆုံးမှာတော့ ချန်ပီယံလိဂ်ဖလားကို ဆုပ်ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်ရှိပြီး ဖြစ်တဲ့ ဒရော့ဘာကိုတော့ ချယ်ဆီးအသင်းက ယခုပွဲအပြီးမှာ ဆုကြေးအနေနဲ့ စာချုပ်သက်တမ်း တိုးသွားမယ်လို့သတင်းတွေထွက်လာသလို ယာယီနည်းပြအနေနဲ့ ဖလား ၂ လုံး ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဒီမက်တီယိုကိုလည်း အမြဲတမ်း မန်နေဂျာအဖြစ် ခန့်အပ်ဖို့စဉ်းစားနေပြီလို့ ဆိုပါတယ်။ ချယ်ဆီးအသင်းဟာ တနှစ်အတွင်း အက်အေဖလား၊ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာကြောင့် ၁ ရာသီအတွင်း အဓိက ဆုဖလားနှစ်ခုကိုဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက် အင်္ဂလိပ် ကလပ်အသင်းအဖြစ် စံချိန် ရယူသွားခဲ့ပါတယ်။