၁၄ ကြိမ်မြောက် ဥရောပဖလား ချန်ပီယံရှစ် ဘောလုံးပွဲတွေကို ၂၀၁၂ ခုနှစ် ဇွန် လ ၈ ရက်နေ့မှာ ပိုလန်နိုင်ငံနဲ့ ယူကရိန်းနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ယခု ပြိုင်ပွဲသမိုင်းကြောင်းအရ ၁၉၂၇ မှာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဟန်နရီ ဒီလောနေက ဥရောပနိုင်ငံ ဘောလုံးအသင်းတွေ တပေါင်းတစည်းထဲ ကျင်းပဖို့ စတင်စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ ထောက်ပံ့မှုမရလို့ ၁၉၆၀ ခုနှစ်မှသာ ဥရောပ ဖလားအိပ်မက်ကို စတင်အကောင်အထည် ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၀ အထိ ဥရောပဖလား အုပ်စုပွဲစဉ်တွေ မရှိဘဲ နောက်ဆုံးအဆင့်သာရှိပြီး ၄ သင်းသာ ပါဝင်ယှဉ်ပြိုင်ခွင့် ပြုခဲ့တာဖြစ်တယ်။ ယခုအချိန်မှာတော့ ခြေစစ်ပွဲအောင် ၁၆ အသင်းအထိ ခွင့်ပြုပြီး အုပ်စု ၄ စုခွဲကာ ကျင်းပနေခဲ့ပြီ ဖြစ်ပါတယ်။
ဥရောပဖလား ပြိုင်ပွဲ သမိုင်းအကျဉ်း
၁၉၆၀ – ပထမဆုံးအကြိမ်အဖြစ် ဥရောပဖလား ချန်ပီယံရှစ်ပြိုင်ပွဲကို ပြင်သစ်နိုင်ငံမှာ စတင်ကျင်းပခဲ့ပြီး ဆိုဗီယက်ယူနီယံနိုင်ငံက ဗိုလ်စွဲခဲ့ပါတယ်။ ၁၉၆၆ မှာ ကမ္ဘာ့ဖလားရရှိမယ့် အင်္ဂလန်အသင်း ပါဝင်ခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ဘဲ ဂိုသမား ဂေါ်ဒန်ဘန့်ကတော့ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ ဂိုးသမားအဖြစ် ဘောလုံးပရိသတ်တွေရဲ့ အားပေးမှု ကိုရရှိခဲ့ပါတယ်။
၁၉၆၄ – ယခု အချိန်မှာ နာမည်ကြီး ရေပန်းစားနေတဲ့ စပိန်အသင်းဟာ ဥရောပ ဖလားကြီးကို ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ၁၉၆၄ နှစ်မှာပဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ စပိန်အသင်းက အိမ်ကွင်းမြေမှာ လူးဝစ် ဆွာရက်စ် ဆိုတဲ့ ကစားသမားရဲ့ ဦးဆောင်မှုအောက်မှာ ဖလားရယူနိုင်ခဲ့ပါတယ်။ ၁၉၆၄ ကစပြီး နိုင်ငံတကာ ပွဲစဉ်တွေမှာ စပိန်အသင်းဟာ အောင်မြင်မှုနဲ့ ဝေးနေခဲ့ပြီး ၂၀၀၈ ခုနှစ်မှသာ ပြန်လည်အောင်မြင်မှု ရရှိနေတဲ့အသင်း ဖြစ်ပါတယ်။
၁၉၆၈ – အိမ်ကွင်း အားသာချက်နဲ့အတူ အီတလီအသင်းဟာ ရှေ့ချန်ပီယံတွေဖြစ်တဲ့ ဆိုဗီယက်နဲ့စပိန်နည်းတူ အိမ်ရှင်လုပ်ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ နာမည်ကြီး အင်္ဂလန်ကတော့ နောက်ဆုံး ၄ သင်းအဆင့်ကို ရောက်ခဲ့ပေမယ့် ယူဂိုစလားဗီးယားနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့သလို အင်္ဂလန်ကစားသမား အလန် မူလာရီဟာ အနီကတ် ပြခံရပြီး ပွဲချိန်အတွင်း အထုတ်ခံခဲ့ရပါတယ်။
၁၉၇၂ – လက်ရှိချန်ပီယံ အရှေ့ဂျာမနီ အသင်းက ဘယ်ဂျီယန်မြေမှာ ဖလားယူနိုင်ခဲ့ပြီး ယခုလက်ရှိ ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌ ဖရန့် ဘက်ခမ်ဘောင်ဝါက အရှေ့ဂျာမနီ အသင်းနဲ့အတူ နာမည်ကျော်ကြားလာခဲ့ပါတယ်။
၁၉၇၆ – ချက်ကိုစလိုဗက်ကီးယားဟာ လက်ရှိချန်ပီယံ အေနောက်ဂျာမနီကို ပယ်နတီ အဆုံးအဖြတ်နဲ့ ဖလားရယူသွားပြီး ထူးထူးခြားခြားအဖြစ် ဝေလ ဘောလုံးအသင်းကလည်း ပြိုင်ပွဲအတွင်း ခြေစွမ်းပြနိုင်ခဲ့ကာ ဆီးမီးဖိုင်နယ်အဆင့်ထိ ရောက်ခဲ့ပါတယ်။
Ref: BBC
၁၉၈၀ – ပြိုင်ပွဲပုံစံကို ပြန်လည်ပြောင်းလဲခဲ့ပြီး ဖိုင်နယ်အုပ်စုပွဲတွေမှာ အသင်း ၈ အထိ ပါဝင်လာပါတယ်။ အရှေ့ဂျာမနီမှာ ဥရောပတလျှောက် ဆက်လက် ကြီးစိုးခဲ့ပြီး ဖလားရယူနိုင်ခဲ့သလို ဘယ်ဂျီယမ် အသင်းဟာလည်း ဖိုင်နယ်အထိ တက်ရောက်ပြီး ဖလားရခါနီးမှ အရှေ့ဂျာမနီကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
၁၉၈၄ – ပြင်သစ်အသင်းဟာ အိမ်ကွင်းမြေမှာ ဥရောပဖလားကို ပြန်လည်ဆုပ်ကိုင်နိုင်ခဲ့ပြီး ၁၉၈၂ ကမ္ဘာ့ဖလားမှာ ပြိုင်ဖက် အရှေ့ဂျာမနီကို ရှုံးနိမ့်ခဲ့မှုကို ခြေဖျက်နိုင်ခဲ့ပါတယ်။ ယခု လက်ရှိ ဥရောပ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မစ်ရှယ် ပလာတီနီဟာ ၁၉၈၂ ချန်ပီယံ ပြင်သစ်အသင်းကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ – ဥရောပမှာ နယ်သာလန်တို့ တစခန်းထနိုင်ခဲ့ပြီး နယ်သာလန်အသင်းမှ မာကို ဗန်ဘက်စတန်ဆိုတဲ့ ဂန္ထဝင် ကစားသမား ပေါ်ထွက်လာခဲ့ပါတယ်။ ဗန်ဘက်စတန်ဟာ ယခု ကမ္ဘာ့အကောင်းဆုံးကလပ်လို့ဆိုတဲ့ ဘာစီလိုနာ အသင်းမှာလည်း ကစားခဲ့ဖူးပြီး ကလပ်အသင်းရဲ့ ဂန္ထဝင် ကစားသမားအဖြစ်လည်း သတ်မှတ်ခြင်းခံထားရပါတယ်။
၁၉၉၂ – ဒိန်းမတ်အသင်းအတွက် ဆန်းကြယ်စရာတွေ ဖြစ်လာခဲ့နှစ်ပါ။ ဒိန်းမတ်အသင်းဟာ ဆွီဒင်မြေမှာ ကျင်းပတဲ့ ဥရောပဖလားခြေစစ်ပွဲကို မအောင်မြင်ခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ ယူဂိုစလားဗီးယား နိုင်ငံရဲ့ ပြည်တွင်းစစ် အခြေအနေတွေကြောင့် အစားထိုး ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် ဖိုင်နယ်အထိ တက်ရောက်လာခဲ့ပြီး အင်အားကြီး ဂျာမနီကို အနိုင်ယူကာ ထိုက်ထိုက်တန်တန် ဖလားရယူနိုင်ခဲ့ကာ ဒိန်းမတ်နိုင်ငံသားတွေ ပျော်ရွှင်ခဲ့ရတဲ့နှစ် ဖြစ်ခဲ့ပါတယ်။
၁၉၉၆ – ဘောလုံးအားကစား စတင်မွေးဖွားရာလို့ဆိုတဲ့ အင်္ဂလန်မြေမှာ ကျင်းပခဲ့ပြီး အင်္ဂလန်အသင်းဟာ ဆီးမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ပြီးမှ ဂျာမနီအသင်းကို ပယ်နတီဖြင့် ရှုံးနိမ့်ကာ ဖလားနဲ့ ပွတ်ကာသီကာ လွဲခဲ့ရပါတယ်။ ဂျာမနီအသင်းက ဖိုင်နယ်မှာ ချက်ဇ်အသင်းကို ဝင်ဘလေ ကွင်းကြီးမှာ အနိုင်ယူပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။
၂၀၀၀ – အင်္ဂလန်အသင်းဟာ အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်က ဥရောပ သရဖူကို ပူးတွဲ အိမ်ရှင်နိုင်ငံတွေဖြစ်တဲ့ ဘယ်ဂျီယန်နဲ့ ဟော်လန်နိုင်ငံတို့မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
၂၀၀၄ – ဘောလုံးဝါသနာရှင်တွေ မထင်မှတ်ထားတဲ့ အသင်းချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ အိမ်ကွင်းမှာ ဖလားယူဖို့ရန် ဖိုင်နယ်အထိ ရောက်ရှိခဲ့ပေမယ့် ဂရိအသင်းရဲ့ ခံစစ်ကျစ်လစ်တဲ့ နောက်တန်းကို အရေးနိမ့်ခဲ့ပြီး ဂျာမနီ နည်းပြ အော်တို ရီဟေးဂယ်ရဲ့ ဦးဆောင်မှုနဲ့ ဂရိအသင်း ချန်ပီယံဖြစ်ခဲ့ပါတယ်။
၂၀၀၈ – အသင်းအားလုံးဟာ ခြေစွမ်းချင်း သူမသာကိုယ်မသာနဲ့ ပွဲစဉ်တော်တော်များများဟာ ကြည့်ကောင်းခဲ့ပါတယ်။ သြစတြီးယားနဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဥရောပ ချန်ပီယံလုပွဲမှာ စပိန်အသင်းဟာ ၄၄ နှစ်ကြာ စောင့်မျှော်နေခဲ့ရတဲ့ ဖလားကြီးကို စပိန်မြေသို့ သယ်ဆောင်နိုင်ခဲ့ပါတယ်။
မကြာမီ ကျင်းပတော့မည့် ယူရို ၂၀၁၂ အုပ်စုဇယား
အုပ်စု (A)
ချက်ဇ်
ဂရိ
ပိုလန် (အိမ်ရှင်)
ရုရှား
အုပ်စု (B)
ဒိန်းမတ်
ဂျာမနီ
ပေါ်တူဂီ
နယ်သာလန်
အုပ်စု (C)
ခရိုအေးရှား
အီတလီ
အိုင်ယာလန်
စပိန်
အုပ်စု (D)
အင်္ဂလန်
ပြင်သစ်
ဆွီဒင်
ယူကရိန်း (အိမ်ရှင်)