ဥရောပဖလား ယူရို ၂၀၁၂ အုပ်စု (B) မှာ
၁။ ဒိန်းမတ်
၂။ ဂျာမနီ
၃။ နယ်သာလန်
၄။ ပေါ်တူဂီ အသင်း
တို့ ပါဝင်လာပြီး ဒီနှစ်အုပ်စု တွေထဲမှာ အကျပ်ဆုံးလို့ဆိုရမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွင်း ဖလားရဖို့ရေပန်းစားနေတဲ့ နယ်သာလန် နဲ့ဂျာမနီတို့ပါဝင်နေသလို ကစားသမားကောင်းများစွာ ပိုင်ဆိုင်ထားတဲ့ ပေါ်တူဂီကလည်း လျှော့တွက်လို့မရပါဘူး။ ဒိန်းမတ်အသင်းကလည်း အုပ်စု အတွင်းမှ ရုန်းထွက်နိုင်မယ်လို့ကြုံးဝါးထားသလို ၁၉၉၂ တုန်းက အခက်အခဲတွေကြားကနေ မထင်မှတ်ဘဲ ချန်ပီယံဖြစ်ဖူးတဲ့ သာဓက ရှိပါတယ်။ ဘောလုံး ပရိသတ်ကြီးအတွက်ကတော့ အုပ်စုပွဲစဉ်တိုင်းဟာ အကြိတ်အနယ်ရှိပြီး ရင်ခုန်စရာကောင်းတဲ့ ပွဲစဉ်တွေကို ဒီအုပ်စု (B) မှာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဒိန်းမတ်
(ဂိုး) – အန်ဒါဆန်၊ လင်ဒီဂတ်၊ ရှမိုက်ကယ်
နောက်တန်း – ရှားလ်၊ အက်ဂါ၊ ဂျကော့ဆန်၊ ဝက်စ်၊ ပေါလ်ဆန်
အလယ်တန်း – ပေါလ်ဆန်၊ ဂျော်ဂန်ဆန်၊ အဲရစ်ဆန်၊ ခရွန်ဒယ်လီ၊ ဂျယ်လန်၊ ရှုံးလ်၊ ဆေးဘာဘာ၊ အိုကိုရီ၊ ကာလင်ဘတ်၊ ပေါလ်ဆန်၊ ဇင်လင်း၊ မစ်ကယ်ဆန်
ရှေ့တန်း – ရွန်မန်ဒလ်၊ ဘန်နာ၊ ပက်ဒါဆင်
ဒိန်းမတ်အသင်း ဟာ ၄-၃-၃ ကစားကွက်နဲ့တောင်ပံကို အားပြုပြီး ကစားတဲ့အသင်းဖြစ်ပါတယ်။ နာမည်တူ ကစားသမား ပေါလ်ဆန်အမည်ရှိတဲ့ ကစားသမား ၃ ယောက် ထူးထူးခြားခြားပါဝင်သလို နောက်တန်းနဲ့အလယ်တန်း အင်အားဟာ အသင်းကြီးတွေကို ယှဉ်နိုင်စွမ်းရှိပါတယ်။ အိုင်းယက်စ် လူငယ်ကစားသမား အဲရစ်ဆင် ဦးဆောင်တဲ့ကွင်းလယ်မှာ ဇင်လင်း နဲ့ပက်ဒါဆင်တို့က ပါဝင်အားဖြည့်ထားလို့သတိထားကြည့်ရမယ့် အသင်းတွေထဲမှာ ပါဝင်ပါတယ်။ တခုရှိတာကတော့ ဒိန်းမတ်ပရိသတ်တွေကိုယ်တိုင် အားမရဖြစ်နေတဲ့ ရှေ့တန်း လူစာရင်းပါပဲ။ ရှေ့တန်းမှာ ဂိုးသွင်းဖို ဘန်နာ တယောက်ထဲကိုသာ အားကိုးရမလို ဖြစ်နေတာကြောင့် ဒိန်းမတ်အသင်းအနေနဲ့ နောက်တန်း ၊ အလယ်တန်းတွေ ကောင်းမွန်နေပေမယ့် ဂိုးရဖို့ကြိုးစားရနိုင်ပါတယ်။ ၁၉၉၂ ခုနှစ်တုန်းက ဒိန်းမတ်အသင်းလို ဖြစ်ဖို့ကတော့ အခုရွေးချယ်ထားတဲ့ လူငယ်တွေထဲက ရွှေရောင်မျိုးဆက်သစ်တွေ ထွက်လာမှသာ မျှော်လင့်ချက်ရှိမှာ ဖြစ်ပါတယ်။
ဂျာမနီ
(ဂိုး) – နူအာ၊ ဝိုက်စ်၊ ဇီလာ
နောက်တန်း – ရှမယ်ဇာ၊ ဟောင်းဒက်စ်၊ ဟမ်မယ်စ်၊ ဘက်စတူဘ ၊ လမ်း၊ မာတီဆက်ကာ၊ ဘုတ်တန်
အလယ်တန်း – ဂန်ဒိုဂန်း၊ ခက်ဒီရာ၊ ရှဝိုင်းစတိုင်ဂျာ၊ အိုဇေးလ်၊ ဘန်ဒါ၊ ခရူးစ်၊ ရူးစ်
ရှေ့တန်း – ရှားလ်၊ ပိုဒေါစကီး၊ ကလိုဆေး၊ မူလာ၊ ဂေါ့ဇီ၊ ဂိုးမက်စ်
နာမည်ကြီး ဂျာမနီကတော့ ယခုနှစ် ချန်ပီယံဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်က ကစားသမား အများစုပါဝင်နေသလို ရီးရဲယ်မက်ဒရစ်မှာ ကစားနေတဲ့ ခက်ဒီရာနဲ့အိုးဇေးလ်တို့ဟာလည်း အသင်းမှာ ပါဝင်လာပါတယ်။ ဂိုးသမား၊ ကွင်းလယ်၊ တိုက်စစ် ဘာမျှ ပြောစရာမရှိပေမယ့် ဂျာမနီအသင်းရဲ့ နောက်တန်းဟာ ပြိုင်ဘက် ဟော်လန် ၊ ပေါ်တူဂီရဲ့ လျင်မြန်တဲ့ တိုက်စစ်ဆင်မှုတွေကို သတိထားရမှာ ဖြစ်ပါတယ်။ အနည်းငယ် လေးကန်တဲ့ နောက်တန်း ကစားသမားများ ပါဝင်လာတာကြောင့် နည်းပြ ဂျုချင် လိုးလ် အနေနဲ့ ဘယ်လိုဖြေရှင်းမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကစားကွက်အနေနဲ့ကတော့ ဂျာမနီအသင်းဟာ ၄-၂-၃-၁ ကစားကွက်နဲ့အသားကျနေပြီး ကွင်းလယ်မှာတင် လူအင်အား ကောင်းကောင်းနဲ့တဖက်အသင်းတိုက်စစ်ကို ဖြိုကစားတာတွေ့ရပါတယ်။ စောင့်ကြည့်ရမယ့် ကစားသမားကတော့ ဂျာမနီအသင်းရဲ့ လူငယ်ကစားသမား အသက် ၁၉ နှစ်အရွယ်ရှိ ဂေါ့ဇီ ဖြစ်ပါတယ်။ ဥရောပ မက်ဆီလို့ နာမည်ကြီးနေတဲ့ ဂေါ့ဇီဟာ ယခုနှစ် ယူရို ၂၀၁၂ အပြီးမှာ ထွန်းတောက်လာမယ့် ကစာသမားသမားအဖြစ် ဘောလုံးကျွမ်းကျင်သူတွေက တစ် ပေးထားပါတယ်။
နယ်သာလန်
(ဂိုး) – စတယ်ကလန်ဘက်၊ ဗွန်းလ်၊ ကရူးလ်
နောက်တန်း – ဗန်ဒါဝီးလ်၊ ဟိုက်တင်ဂါ၊ မာသီဆန်၊ ဘိုးမား၊ ဗလာ၊ ဝီလမ်စ်၊ ဘိုလာရုးဇ်
အလယ်တန်း – ဗန် ဘိုးမယ်၊ ဒီဂျွန်း၊ ရှနိုက်ဒါ၊ ရှားစ်၊ စထရူးထ်မန်း၊ နားဆင့်၊ အက်ဖီလေး၊ ဗန်ဒါဗတ်
ရှေ့တန်း – ကောက်ချ်၊ ဟန်တယ်လာ၊ ရော်ဘန်၊ ဗန်ပါစီ၊ ဒီ ဂျွန်
၂၀၁၀ ခုနစ် မှာ ဖိုင်နယ်အထိ တက်ရောက်ပြီးမှ စပိန်အသင်းကို ရှုံးနှိမ့်ခဲ့ရတဲ့ နယ်သာလန်အသင်းဟာ ယခုအချိန်မှာလည်း လူအင်အား တောင့်တင်းဆဲဖြစ်နေသလို ဖလားရဖို့ရေပန်းအစားဆုံး (၃) စာရင်းမှာ ပါဝင်နေပါတယ်။ နည်းပြ ဗန်မာဝစ်ဟာ သူ့အသင်းကို ၄-၂-၃-၁ နဲ့ကစားစေပြီး ရသအပြည့်နဲ့ကစားစေတဲ့အသင်း ဖြစ်ပါတယ်။ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ ရှနိုက်ဒါ၊ ဗန်ဘိုးမယ်၊ ဗန်ဒါဗတ်တို့ဟာ အသင်းမှာ တွဲကစားခဲ့တာ ကြာပြီဖြစ်သလို ရှေ့တန်းမှာလည်း ဝါရင့် တိုက်စစ်မှူးတွေဖြစ်တဲ့ ဟန်တယ်လာ၊ ဗန်ပါစီတို့အပြင် ကောက်ချ်လည်း ရှိနေပါတယ်။ ဂိုးသမား ဗန်ဒါဆား အနားယူသွားလို့အတွေ့အကြုံရင့် ဂိုးသမားမရှိတော့မယ့် လက်ရှိ ဂိုးသမား ၃ ယောက်လုံးဟာ ကလပ်အသင်းတွေမှာ ပုံမှန် လက်စွမ်းပြနေသူတွေ ဖြစ်ပါတယ်။ စောင့်ကြည့်ရမယ့် ကစားသမားကတော့ ကွင်းလယ် လူငယ်ကစားသမား စထရူးထ်မန်းဖြစ်ပြီး ကွင်းလယ်ခံစစ်မှာ ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်တာကြောင့် ဝါရင့် ကစားသမား ဒီဂျွန်းအနေနဲ့နေရာဖယ်ပေးရဖို့တောင် ရှိနေပါတယ်။ မန်ယူအသင်းရဲ့ ရွိုင်ကင်း လက်သစ်လို့နာမည်ကြီးနေတဲ့ ဒီကစားသမားလေးကို နည်းပြ ဖာဂူဆန်က ပေါင် ၁၅ သန်းပေးပြီး ခေါ်ယူဖို့ကြိုးစားနေတယ်လို့အသံထွက်နေတာကြောင့် ယခု ယူရို ၂၀၁၂ မှာ ခြေစွမ်းပြနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
ပေါ်တူဂီ
(ဂိုး) အီဒွာဒို၊ ပက်ထရီစီယို၊ ဘီတို
နောက်တန်း – ဘရူနီ အယ်ဗက်စ်၊ ပီပီ၊ ဖာဘီယို ကွန်ထာအို၊ ရီကာဒို ကော့စတာ၊ ရိုလန်ဒို၊ ပါရီရာ
အလယ်တန်း – ဗီလိုဆို၊ ကက်စတိုဒီယို၊ ရော်နယ်ဒို၊ မော်တင်ဟို၊ ကွာရက်စမ၊ အိုလီဗီယားရာ၊ ရူဘန်၊ မီရားလက်စ်၊ နာနီ၊ လိုပက်စ်၊ ဟူဂို ဗီယာနာ
ရှေ့တန်း – အယ်မေးဒါ၊ ဗာရယ်လာ၊ ပေါ့စတီးဂါ
နည်းပြ ပေါ်လို ဘန်တိုဟာ ပေါ်တူဂီအသင်းကို ကိုင်တွယ်တာ ၁၈ လ တိတိကြာရှိနေပြီဖြစ်ပါတယ်။ အသင်းရဲ့ ကစားကွက်ကို ၄-၃-၃ နဲ့အထိုင်ချကစားစေကာ တောင်ပံလူတွေဖြစ်တဲ့ ရော်နယ်ဒို၊ နာနီတို့ရဲ့ အားနဲ့တိုက်စစ်ဆင်ကစားတာကို တွေ့ရပါတယ်။ ကွင်းလယ် ကစားသမားကောင်းများစွာ ပိုင်ဆိုင်ထားပြီး နောက်တန်းဟာလည်း တောင့်တင်းနေပါတယ်။ ဒါပေမယ့် အားနည်းနေတာက ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ ဂျာမနီက ဂိုးမက်စ်နဲ့ကလိုဆေး ၊ နယ်သာလန်က ဗန်ပါစီတို့လို ဂိုးသွင်းကောင်းတဲ့ အထောင်တိုက်စစ်မှူး ကောင်းကောင်းမရှိဘဲ ဂိုးသွင်းဖို တာဝန်ကို ရော်နယ်ဒို ယူရဖို့ရှိနေတာကြောင့် အရင်တုန်းကလို ဖိအားတွေဝင်ပြီး ရော်နယ်ဒို ခြေစွမ်းပျောက်မှာကို ပရိတ်သတ်တွေက စိုးရိမ်နေကြပါတယ်။ လက်ရှိ အကောင်းဆုံး ခြေစွမ်းရှိနေတဲ့ ရော်နယ်ဒိုနဲ့တွဲဖက်ကစားဖို့ပေါ်တူဂီနည်းပြ ဘန်တိုအနေနဲ့ အသင်းကို ဘယ်လိုပွဲထုတ်လာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အုပ်စု (B) ပွဲစဉ်အချိန်ဇယား
ဇွန်လ ၉ ရက်၊ စနေနေ့
နယ်သာလန် – ဒိန်းမတ်
ဂျာမနီ – ပေါ်တူဂီ
ဇွန်လ ၁၃ ရက်၊ ဗုဒ္ဓဟူး
ဒိန်းမတ် – ပေါ်တူဂီ
နယ်သာလန် – ဂျာမနီ
ဇွန်လ ၁၇ ရက်၊ တနင်္ဂနွေ
ဒိန်းမတ် – ဂျာမနီ
ပေါ်တူဂီ – နယ်သာလန်