ဂျာမနီ ၂ – ၁ နယ်သာလန်
ပြိုင်ပွဲအတွင်း ဖလားရယူဖို့ ခြေစွမ်းပြနေတဲ့ ဂျာမနီနဲ့ နယ်သာလန် အသင်းတို့ အုပ်စုတွင်း ဒုတိယပွဲစဉ်မှာ ဂျာမနီအသင်းက မာရီယို ဂိုးမက်စ်ရဲ့ ဂိုးတွေနဲ့ နယ်သာလန် အသင်းကို အနိုင်ရရှိပြီး နောက်တဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ဂျာမနီအသင်းဟာ ပထမပွဲစဉ်ကအတိုင်း လူစာရင်း အပြောင်းအလဲမရှိခဲ့ဘဲ နယ်သာလန်အသင်းကတော့ နောက်တန်းမှာ မာသီဆန် ဝင်ကစားတာကို တွေ့ရပါတယ်။
နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီ ပထမပွဲစဉ်ဖြစ်တဲ့ ဒိန်းမတ်နဲ့တုန်းက ဂိုးသွင်းခွင့် အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တာကြောင့် ဝေဖန်ခံနေရသလို နယ်သာလန်အသင်းရဲ့ ကွင်းလယ်ကစားပုံဟာလည်း ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ တောင်ပံနှစ်ဖက်က ရော်ဘင်နဲ့ အယ်ဖယ်လိုင်းတို့နဲ့ တိုက်စစ်ဆင်ဖို့ကြိုးစားခဲ့ပေမယ့် ရော်ဘင်ဘက်ကသာ ဘောလုံးအထွက်များခဲ့ပါတယ်။ ပထမ ပိုင်းစတယ်ဆိုရင်ပဲ ဗန်ပါစီဟာ အပိုင်အခွင့်အရေး တခါရရှိခဲ့ပေမယ့် အခွင့်အရေးကို အပိုင်အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
ဂျာမနီ အသင်းကတော့ တတ်နိုင်သမျှ ဘောလုံးကိုင်ကစားပြီး တည်တည်ငြိမ်ငြိမ်နဲ့ကစားသွားတာ အလွန်ကောင်းသလို ရတဲ့အခွင့်အရေးကို ရှေ့တန်းတိုက်စစ်မှူး ဂိုးမက်စ် အသုံးချနိုင်ခဲ့တာကြောင့် ၂၄ မိနစ်မှာတင် ဦးဆောင်ဂိုးစတင် ရရှိသွားပါတယ်။ တဆက်တည်းမှာ မူလာ၊ ရှဝိုင်းစတိုင်ဂျာတို့ရဲ့ တွဲလုံးတွေနဲ့ ဂိုးမက်စ်ဟာ ဂိုးသမားရဲ့ အဝေးထောင့်ကို လှလှပပ ကန်သွင်းပြီး ဒုတိယ ဂိုးကို သွင်းယူသွားတာကြောင့် ဂျာမနီအသင်းဟာပိုပြီး တည်တည်ငြိမ်ငြိမ် ကစားလာခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ နယ်သာလန် နည်းပြ ဗန်မာဝစ်ချ်က ကစားသမားနှစ်ဦးကို အပြောင်းအလဲ လုပ်ခဲ့ပြီး အယ်ဖယ်လိုင်းအစား ဟန်တယ်လာ၊ ဗန်ဘွန်မယ်အစား ဗန်ဒါဗတ်တို့ ဝင်လာပြီး တိုက်စစ်ဆင်ကစားဖို့ကြိုးစားလာပါတယ်။ ဒုတိယပိုင်းမှာ ဝင်လာတဲ့ ဗန်ဒါဗတ်ကြောင့် နယ်သာလန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုမှာ ပိုမိုအားသာလာပြီး ဂျာမန်တွေ ခံစစ်နဲ့ပြန်ကစားလာရပါတယ်။
အထူးသဖြင့် ရှနိုက်ဒါ နေရာလွတ်တွေရပြီး အခွင့်အရေးတွေ ပိုမိုဖန်တီးလာနိုင်ကာ နယ်သာလန် ရှေ့တန်းတွေ အခွင့်အရေး ပိုရလာပါတယ်။ ပွဲချိန် ၇၃ မိနစ်မှာတော့ အာဆင်နယ်မှာ ကစားနေတဲ့ နယ်သာလန် တိုက်စစ်မှူး ဗန်ပါစီဟာ တကိုယ်တော် ဆွဲပြေးလာပြီး ဧရိယာအပြင်ကနေ ညာခြေနဲ့ကန်သွင်းယူကာ ချေပဂိုးသွင်းယူပြီး သရေရလဒ် ရဖို့ ပိုမိုကြိုးစားလာပါတယ်။
ဒါပေမယ့် ဂျာမနီအသင်းဟာ လုံး၀ မပြာသွားပဲ နယ်သာလန်အသင်းရဲ့ တိုက်စစ်ကို ခုခံသွားပြီး ပွဲအပြီးမှာ ယူရို ၂၀၁၂ ရဲ့ နောက်တဆင့်ကို တက်ရောက်သွားခဲ့ ပြီဖြစ်ပါတယ်။ နယ်သာလန် အသင်းအတွက်ကတော့ ၂ ပွဲကန် ၂ ပွဲရှုံး ရလဒ်ကြောင့် အုပ်စုအဆင့်ကနေ ထွက်ခွာရဖို့ပိုမိုနီးစပ်လာခဲ့ပေမယ့် တဖက်ပွဲစဉ်မှာ ပေါ်တူဂီအသင်းက ဒိန်းမတ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် နောက်ဆုံးပွဲစဉ်မှာ နယ်သာလန်အသင်းက ပေါ်တူဂီအသင်းကို နိုင်ပြီး ဂျာမနီအသင်းကလည်း ဒိန်းမတ် အသင်းကိုနိုင်ရင် နောက်တဆင့်တက်ဖို့အခွင့်အရေးရှိပါသေးတယ်။
ဒီပွဲရဲ့ ဘောလုံးပိုင်ဆိုင်မှု အနေအထားအရတော့ နယ်သာလန် က ၅၃ % – ဂျာမနီ က ၄၇ % အပြင် ဂိုးပေါက်ခြိမ်းခြောက်မှုမှာ နှစ်ဖက်အသင်းလုံးက (၁၂) ကြိမ်စီရှိခဲ့ပြီး ခြေညီခဲ့တာကို တွေ့ရပါတယ်။
ပေါ်တူဂီ ၃ – ၂ ဒိန်းမတ်
ပေါ်တူဂီအသင်းဟာ ပထမပွဲစဉ်မှာ ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အခု ဒိန်းမတ်နဲ့ပွဲဟာ အုပ်စုကျော်ဖို့ အရေးကြီးတဲ့ပွဲ ဖြစ်ခဲ့သလို ပရိသတ်တွေကို အံ့အားသင့်အောင် နယ်သာလန် အသင်းအား အနိုင်ယူပြခဲ့တဲ့ ဒိန်းမတ်အသင်း အတွက်လည်း ပွဲစဉ်တိုင်းဟာ ခက်ခဲလို့နေပါတယ်။နိုင်ငံတကာ ပြိုင်ပွဲတွေကျရင် ဂိုးပေါက်ပျောက်တတ်တဲ့ ရော်နယ်ဒိုဟာ အစဉ်အလာကို ဆက်ထိန်းခဲ့ပြီး ဂိုးသမားနဲ့ တစ်ဦးတည်း ၂ ကြိမ်တိုင် အခွင့်အရေးရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကို တွေ့ရပါတယ်။
ပေါ်တူဂီအသင်းကတော့ လူအင်အားသာတာကြောင့် ကွင်းလယ်ကို စိုးမိုးထားခဲ့ပြီး ပထမပိုင်း ၂၄ မိနစ်မှာ ပီပီက ကော်နာ ကနေတဆင့် အဖွင့်ဂိုး၊ ၃၆ မိနစ်မှာ ပေါ့စတီဂါက တဂိုးစီသွင်းယူပြီး ဦးဆောင်ဂိုးသွင်းနိင်ခဲ့ပေမယ့် ပထမပိုင်းပြီးခါနီး ၄၁ မိနစ်မှာ ဘန်နာက ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပေါ်တူဂီအသင်းက ဆက်လက်ဖိကစားပြီး အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့သလို ဒိန်းမတ်အသင်းကလည်း တတ်နိုင်သမျှ ဘောလုံးကိုင်ကစားကာ တန်ပြန်တိုက်စစ်ဖြင့် ဆက်လက်ကစားလာခဲ့ရာ ပွဲပြီးခါနီးမိနစ် ၈၀ မှာ ဘန်နာက ခေါင်းတိုက်၍ လှလှပပ သွင်းယူသွားပြန်တာကြောင့် ပွဲဟာ ပိုမိုကြည့်ကောင်းလာပါတယ်။
ပေါ်တူဂီနည်းပြ ဘန်တိုက မီရာလက်စ် ကိုထုတ်ပြီး ဗယ်လာရိုကို ထည့်ကစားစေကာ ဝင်ဝင်လာချင်းမှာပဲ ဗယ်လာရိုက ဂိုးသွင်းယူသွားတာကြောင့် ပေါ်တူဂီအသင်းဟာ ၃ – ၂ ဂိုးဖြင့် ဒိန်းမတ်အသင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။
ဘောလုံးပိုင်ဆိုင်မှုမှာတော့ ဒိန်းမတ် အသင်းက ၅၈ % နဲ့ ၆ ခါတိတိ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သလို ပေါ်တူဂီအသင်းက ဘောလုံးပိုင်ဆိုင်မှု ၄၂ % နဲ့ ဂိုးပေါက်ကို ၁၇ ကြိမ်တိတိ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်တွေကျရင်တော့ ပေါ်တူဂီ၊ ဒိန်းမတ်နဲ့ဟော်လန် အသင်းတွေဟာ နောက်တဆင့်တက်ရေး မျှော်လင့်ချက်ကိုယ်စီ ရှိနေပါသေးတယ်။
အုပ်စု (B) နောက်ဆုံးပွဲစဉ်များ ( ဇွန်လ ၁၇ ရက်နေ့)
ဂျာမနီ – ဒိန်းမတ်
နယ်သာလန် – ပေါ်တူဂီ