မနေ့ညက အုပ်စု C ပွဲစဉ်တွေ ဆက်ကစားခဲ့ရာမှာ အီတလီ – ခရိုအေးရှား နဲ့ လက်ရှိချန်ပီယံ စပိန် – အိုင်ယာလန် အသင်းတို့ ယှဉ်ပြိင်ခဲ့ကြပါတယ်။ ပထမပွဲမှာ စပိန်အသင်းနဲ့သရေကျခဲ့တဲ့ အီတလီအသင်းက ယခုပွဲစဉ်မှာလည်း ဦးဆောင်ဂိုး ရရှိခဲ့ပြီးမှ ခရိုအေးရှားရဲ့ချေပဂိုး သွင်းယူခြင်းခံခဲ့ရပြီး သရေ တမှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ စပိန် အသင်းကတော့ ချယ်ဆီး တိုက်စစ်မှုး တောရက်စ် ပြန်ပါလာပြီး ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိကာ အိုင်ယာလန် အသင်းကို စောစောစီးစီး အိမ်ပြန်သွားအောင် လုပ်လိုက်ပါတယ်။
အီတလီ ၁ – ၁ ခရိုအေးရှား
ခရိုအေးရှား အတွက်တော့ ဒီပွဲဟာ နောက်တဆင့်တက်ဖို့အလွန် အရေးပါတဲ့ပွဲစဉ်ပါ။ သရေ၊ တမှတ်သာ ရယူနိုင်ခဲ့လို့နောက်ဆုံး စပိန် အသင်းနဲ့ထိပ်တိုက် တွေ့ဆုံတဲ့ပွဲစဉ်မှာ အုပ်စုကနေ တက်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်ရအုံးမှာဖြစ်ပါတယ်။
အလားတူ အီတလီ အသင်းဟာလည်း ခရိုအေးရှားကို နိုင်ရင် နောက်တဆင့်တက်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကန်ပြီးခဲ့တဲ့ နှစ်ပွဲစလုံး ဆက်တိုက် သရေကျခဲ့တာကတော့ အီတလီအသင်းရဲ့ ကံခေမှုပါပဲ။ ဒါကြောင့် နောက်ဆုံးပွဲစဉ်ကို အုပ်စုတွင်းကထွက်ခွာသွားရပြီဖြစ်တဲ့အိုင်ယာလန်အသင်းနဲ့ခြေကုန်ထုတ် ကစားရတော့မှာ ဖြစ်ပါတယ်။
နှစ်သင်းစလုံးဟာ ပထမပွဲစဉ်ကအတိုင်း လူစာရင်း ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိပါဘူး။ အရန်ခုံမှာထိုင်ရဖွယ်ရှိတယ်လို့ သတင်း ထွက်နေတဲ့ အီတလီတိုက်စစ်မှုး ဘာလော့တယ်လီ ပြန်လည် ပါဝင်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဘာလော့တယ်လီက ဂိုးသွင်းခွင့် သုံးကြိမ်တိုင် ထပ်ပြီး ဆုံးရှုံးခဲ့ပါတယ်။ တိုက်စစ်မှူးရဲ့ ရှော်ချက်ကြောင့် အီတလီ နည်းပြ ပရန်ဒယ်လီလည်း စိတ်ပျက်သွားမှာ အသေအချာပါပဲ။
နှစ်ဖက် အသင်းဟာ ခံစစ်ကိုအားပြုပြီး ကစားတာကြောင့် ပွဲဟာ ထင်သလောက်ကြည့်မကောင်းခဲ့ပါဘူး။ အီတလီ ဝါရင့် ကွင်းလယ်လူ ပီယာလိုရဲ့ လှပတဲ့ ဖရီးကစ် ကန်ချက်နဲ့အီတလီ အသင်း ဦးဆောင်ဂိုး စတင် ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဒီပြိုင်ပွဲအတွင်း ဂိုးမြူးနေတဲ့ ခရိုအေးရှား တိုက်စစ်မှုး မန်ဂျုကစ်က ယူရိုပြိုင်ပွဲ ရဲ့၃ ဂိုးမြောက်ကို (၇၂) မှာ သွင်းယူခဲ့ပြီး အီတလီ အသင်းရဲ့ဦးဆောင်ဂိုးကို ချေပလိုက်ပါတယ်။
လက်ကျန်မိနစ်တွေမှာတော့ နှစ်ဘက် ထပ်မံ ဂိုးမသွင်းနိုင်တော့ပါဘူး။ အီတလီ အသင်းဟာ အခု သရေရလဒ်ကြောင့် နောက်ပွဲစဉ်မှာ အိုင်ယာလန် အသင်းနဲ့ ရေကုန်ရေခန်း ကစားရတော့မှာဖြစ်သလို ခရိုအေးရှား အသင်းကလည်း လက်ရှိချန်ပီယံ စပိန် အသင်းနဲ့ အဆုံးအဖြတ် ပွဲစဉ် ကစားရတော့မှာပါ။
ဒီပွဲမှာ ခြေစွမ်းချင်း သိပ်မကွာခဲ့ကြတာကို တွေ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကတော့ ခရိုအေးရှားက ၅၁ % နဲ့ အီတလီ အသင်းက ၄၉ % ရှိခဲ့ပါတယ်။
စပိန် ၄ – ၀ အိုင်ယာလန်
လက်ရှိချန်ပီယံ ဖြစ်တဲ့ စပိန်အသင်းဟာ ပထမ ပွဲစဉ်မှာ ရှေ့တန်းတိုက်စစ်မှူးစစ်စစ် မပါဘဲကန်ခဲ့လို့ ဝေဖန်ခံခဲ့ရပြီး အခုပွဲစဉ်မှာတော့ ဖာဘရီဂက်စ် အစား ချယ်ဆီး တိုက်စစ်မှုး တောရက်စ် ပါဝင်လာတာကို တွေ့ရပါတယ်။ အိုင်ယာလန် နည်းပြ ထရာပက်တိုနီကတော့ ရော်ဘီ ကင်း၊ ဒပ်ဖ် အစရှိတဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားတွေနဲ့ပွဲထွက်လာပြီး ပထမပွဲ ရှုံးကြွေးကိုဆပ်ဖို့ ပြင်ဆင်ခဲ့တာကို တွေ့ရပါတယ်။
စပိန်အသင်းဟာ ယခုပွဲစဉ်မှာ အချိတ်အဆက် ပိုမိလာပြီး တိုက်စစ်မှုး တောရက်စ်ဟာလည်း ၄ မိနစ်မှာတင် စပိန် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
အိုင်ယာလန် အသင်းဟာ စပိန် အသင်းရဲ့ ကွင်းလယ်ကစားသမားတွေ ဖြစ်တဲ့ ဇာဗီ၊ အလွန်ဆို၊ အင်နီယေစတာ၊ ဆေးဗား တို့ရဲ့ ကွင်းလယ်ကစားပုံကို မယှဉ်နိုင်ဘဲ ခံစစ်နဲ့ပဲ ကစားခဲ့ရတာပါ။ အိုင်ယာလန်ဟာ စပိန်တိုက်စစ်ကို ပထမပိုင်းပြီးချိန်အထိတော့ တောင့်ခံနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဒီပွဲမှာ ဂိုးတွေကို အကောင်းဆုံး ဖန်တီးပေးခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗားက ဒုတိယ ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ အိုင်ယာလန် ပြန်လည် တိုက်စစ်ဆင်ဖို့တောင် အခွင့်အရေးမရှိ ဖြစ်ခဲ့ရပါတယ်။
တဆက်တည်းမှာ တောရက်စ်က တတိယမြောက်ဂိုးကို မိနစ် ၇၀ မှာ သွင်းလိုက်ပါတယ်၊ လူစားဝင်လာတဲ့ ဖာဘရီဂက်စ်ကလည်း ထပ်မံ ဂိုးသွင်းယူသွားပြီး အိုင်ယာလန်ကို ခြေအသာနဲ့ နိုင်သွားတာပါ။
အိုင်ယာလန် အသင်း နည်းပြ ထရာပက်တိုနီ ကတော့ သူ့ရဲ့နိုင်ငံ အီတလီအသင်းနဲ့နောက်ဆုံးပွဲစဉ်မှာ အားစမ်းရတော့မှာပါ။ အိုင်ယာလန် အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ယူရို အပြီး နှုတ်ထွက်မယ့်နည်းပြအဖြစ် ရေပန်းစားနေပါတော့တယ်။
ဒီပွဲရဲ့ ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်းကို ပြန်ကြည့်ရင် စပိန်က ၇၈၊ အိုင်ယာလန်က ၂၂ % သာ ရှိခဲ့တာကြောင့် ခြေစွမ်းခြင်း အင်မတန် ကွာဟနေတာကို တွေ့ရပါတယ်။
အုပ်စု C နောက်ဆုံးပွဲစဉ်များ (ဇွန်လ ၁၈ ရက်၊ တနင်္လာနေ့)
အီတလီ – အိုင်ယာလန်
စပိန် – ခရိုအေးရှား