
ချက်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပိုလန်အသင်းကို အနိုင်ရရှိပြီး အုပ်စု (A) ရဲ့ ပထမ အနေနဲ့ ကွာတားဖိုင်နယ်သို့တက်ရောက်လာပြီး တဖက် အုပ်စု (B) မှာတက်လာတဲ့ ပေါ်တူဂီနဲ့တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။
ချက်အသင်းဟာ ပထမ ပွဲဦးထွက်မှာ ရုရှား ကို ၄-၁ ဖြင့် ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် နောက်ဆုံး ပွဲစဉ်တွေမှာ ဂရိကို ၂-၁ ဂိုး၊ အိမ်ရှင် ပိုလန်အသင်းအား ၁ ဂိုးတို့ဖြင့် ကပ်နိုင်ကာ အုပ်စု ပထမ ရရှိလာတဲ့အသင်း ဖြစ်ပါတယ်။ အသင်းရဲ့ အနေအထားကို ကြည့်မယ်ဆိုရင်တော့ ရှေ့လယ်နောက် မျှတတဲ့ စွမ်းဆောင်ရည်ရှိပြီး ကွင်းလယ်က ဂျီရာဆက်နဲ့ အာဆင်နယ်ကစားသမား ရိုဆစ်စကီးက အသင်းရဲ့ ပဲ့ကိုင်ရှင်တွေဖြစ်နေပါတယ်။ နောက်တန်းမှာ အသင်းလိုက် စည်းလုံးမှုရှိပြီး ကမ္ဘာ့အဆင့် ဂိုးသမားဖြစ်တဲ့ ချယ်ဆီး ဂိုးသမား ပီတာချက်ကလည်း လက်စွမ်းပြလို့နေပါတယ်။
ပေါ်တူဂီကတော့ မရဏ အုပ်စုကြားထဲကနေ ခက်ခက်ခဲခဲနဲ့တက်လာတဲ့အသင်း ဖြစ်ပါတယ်။ ချက်အသင်းနဲ့ အဖြစ်ချင်းတူသလို ပထမ ပွဲစဉ်မှာ ရှုံးပွဲနဲ့ကြုံခဲ့ရတဲ့အသင်းဖြစ်ပါတယ်။ အုပ်စု ပထမ ရသွားတဲ့ ဂျာမနီ အသင်းကို မယှဉ်နိုင်ဘဲ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပွဲစဉ်မှာတော့ ဒိန်းမတ်အသင်းကို အကြိတ်အနယ်ကန်ပြီး နောက်ကျဂိုး နဲ့ ၃-၂ ဖြင့် အနိင်ရရှိကာ အုပ်စုတက်ရေး မျှော်လင့်ချက် ပိုမိုတောက်ပလာခဲ့သလို နောက်ဆုံးပွဲစဉ်မှာတော့ နာမည်ကြီး နယ်သာလန် ကို ၂-၁ ဖြင့် ရော်နယ်ဒို ရဲ့ ဂိုးတွေနဲ့အနိုင်ရရှိခဲ့ပါတယ်။
ပေါ်တူဂီ အသင်းရဲ့ ခြေစွမ်းကိုကြည့်မယ်ဆိုရင်တော့ ကွင်းလယ် အင်အားဟာ အကောင်းဆုံးမှာ ရှိနေပါတယ်။ တိုက်စစ်ပုံဖော် ကစားတဲ့ ၄-၃-၃ ကစားကွက်မှာ ရော်နယ်ဒို ဂိုးရဖို့ခက်ခဲနေပေမယ့် ပေါ်တူဂီ ပရိတ်သတ်တွေအတွက် ဝမ်းသာစရာက နောက်ဆုံးပွဲစဉ်မှာ ရော်နယ်ဒို ဂိုးပေါက်ပြန်ရှာတွေ့တာပါပဲ။ တောင်ပံ တိုက်စစ်တွေဟာ တဖက်အသင်းကို အမြဲတမ်း ခြိမ်းခြောက်နေပြီး ကွင်းလယ်မှာ မီရာလက်၊ မော်တင်ဟို၊ ဗီလိုဆိုတို့ဟာ ခံစစ် တိုက်စစ် မျှပြီး ဂျာမနီ အသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်မှာ အသာစီးရခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမယ့် ပေါ်တူဂီ အသင်းရဲ့ အားနည်းချက်က နောက်တန်းဖြစ်နေပြီး အဝေးဘောတွေနဲ့ ခေါင်းတိုက်ဂိုးတွေ ပေးနေရတာပါပဲ။ ဒိန်းမတ်အသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်မှုး ဘန်နာကို မထိန်းနိုင်ဘဲ ခေါင်းတိုက်ဂိုးတွေနဲ့ခြိမ်းခြောက်တာကို ခံခဲ့ရတာကို ပြင်ဖို့လိုအပ်နေပါတယ်။
သုံးသပ်ချက်
နှစ်ဖက် အသင်းစလုံးဟာ တိုက်စစ်ဆင်ကစားတဲ့ အသင်းတွေဖြစ်နေပါတယ်။ ဒါပေမယ့် တသင်းလုံးအနေနဲ့ချက်အသင်းက စည်းစနစ် ကျကျပိုကစားနိုင်ပါတယ်။ နောက်တန်းမှာ လစ်ဟာမှုမရှိစေဘဲ တိုက်စစ်ဆင်တတ်တဲ့ ချက် အသင်းဟာ ပေါ်တူဂီအသင်းကို ကောင်းကောင်း ခြိမ်းခြောက်နိုင်ပါတယ်။ ပေါ်တူဂီအသင်းအနေနဲ့ သတိလက်လွတ် မဖြစ်စေဘဲ ချက်အသင်းကို ထိန်းကစားဖို့လိုနေပြီး အကယ်၍ ဒိန်းမတ်နဲ့ ပွဲစဉ်ကအတိုင်း အတင်းဖောင်ဖျက် ကစားပါက ချက်အသင်းရဲ့ ကောင်တာကို မိနိုင်တာကြောင့် ချက်အသင်းမှာလည်း အခွင့်အရေးအပြည့်ရှိလို့နေပါတယ်။
ဂျာမနီ – ဂရိ (ဇွန် ၂၂ရက်၊ GMT 19:45)

ယခု ယူရို ၂၀၁၂ ရဲ့ အကောင်းဆုံးနဲ့အတည်ငြိမ်ဆုံး အသင်းကိုပြပါဆိုရင် ဂျာမနီအသင်းပါလို့ ဘောလုံးကျွမ်းကျင်သူတွေက တညီတညာ ပြောကြမယ် ထင်ပါတယ်။ ဂျာမနီ အသင်းဟာ ပထမ ပွဲစဉ်ကတည်းက ပေါ်တူဂီအသင်းကို အနိုင်ရရှိခဲ့ကာ ပွဲဦးထွက်ကောင်းခဲ့သလို ဒုတိယပွဲစဉ်မှာလည်း နယ်သာလန်အသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိကာ ပထမဦးဆုံး ကွာတားဖိုင်နယ် တက်တဲ့အသင်း ဖြစ်လာခဲ့ပါတယ်။
အုပ်စုတက်ပြီးဖြစ်ပေမယ့် ဒိန်းမတ်အသင်းကို နောက်ဆုံး ပွဲစဉ်မှာ ၂-၁ ဖြင့်ထပ်မံ အနိုင်ရရှိခဲ့တာကြောင့် ၃ ပွဲကစား ၃ ပွဲနိုင်ဖြင့် အုပ်စုတက်လာတဲ့ တခုတည်းသော အသင်းဖြစ်ပါတယ်။ ဒါကြောင့် ဂျာမနီအသင်းဟာ မရဏအုပ်စုလို့ခေါ်တဲ့ အုပ်စု (B) ရဲ့ ပထမအနေနဲ့ ကွာတားဖိုင်နယ်သို့တက်ရောက်လာပြီး တဖက် အုပ်စု (A) မှ တက်ရောက်လာတဲ့ ဂရိအသင်းနဲ့ကစားရတာဖြစ်ပါတယ်။
ဂျာမနီ ရှေ့တန်းကစားသမား ဂိုးမက်စ်ဟာ ဂိုးမြူးနေပြီး ယူရို ၂၀၁၂ ရဲ့ ဂိုးအများဆုံး သွင်းသူအဖြစ်ရပ်တည်နေပါတယ်။ လောလောဆယ် ၃ ဂိုးသွင်းယူထားကာ ရုရှားအသင်းမှာ ဂျာကော့ဗ်၊ ခရိုအေးရှား မှ မန်ဇူကစ်တို့နဲ့တန်းတူ ဖြစ်နေပါတယ်။ ဒါပေမယ့် ရုရှား နှင့် ခရိုအေးရှား အသင်းတို့ဟာ အုပ်စုအဆင့်မှာတင် ကျေနပ်လိုက်ရတာကြောင့် ဂိုးမက်စ်ဟာ ဂိုးအများဆုံးသွင်းသူ ဆု ရဖို့ရေပန်းစားနေပါတယ်။ ဂျာမနီအသင်းရဲ့ ကွင်းလယ်မှာတော့ ဂိုးတွေကို ဖန်တီးပေးတဲ့ ရှဝိုင်းစတိုင်ဂျာဟာ အကောင်းဆုံးပုံစံမှာ ရှိနေပြီး အိုဇေးလ်၊ ခက်ဒီရာ၊ ပိုဒေါစကီးတို့ရှိနေပါတယ်။ နောက်တန်းမှာလည်း ဘက်စတူဘာ၊ လမ်းတို့ဟာ တည်ငြိမ်စွာနဲ့အသင်းကိုထိန်းထားသလို သူတို့ရဲ့နောက်မှာ ဂိုးသမား နူယာလည်းရှိနေတာကြောင့် ဂျာမနီ အသင်းဟာ ယခု ယူရို ၂၀၁၂ ရဲ့ အကောင်းဆုံး အသင်းဖြစ်လို့နေပါတယ်။
ဂရိ အသင်းကတော့ ယူရို ၂၀၀၄ မှာ မထင်မှတ်ဘဲ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့သာဓက ရှိပါတယ်။ ဖိုင်နယ် တက်ရောက်တဲ့အထိ ပြိုင်ဘက်အသင်းတွေရဲ့ အထင်သေးခြင်း ခံခဲ့ရပေမယ့် ခံစစ်အစွမ်းနဲ့ ဖလားယူနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ယခုနှစ်မှာလည်း ဂရိပရိသတ်တွေဟာ စီးပွားရေးပျက်ကပ်ကြောင့် စိတ်ညစ်နေကြရပေမယ့် ဂရိအသင်း ယူရို ၂၀၁၂ မှာ ကွာတားဖိုင်နယ် တက်သွားလို့တနိုင်ငံလုံး အပျော်တွေကူးဆက်နေပြီး ယူရို ၂၀၀၄ အိပ်မက် တကျော့များ ပြန်လာလေမလားဆိုပြီး စိတ်ကူးယဉ်နေကြပြီဖြစ်ပါတယ်။
ဂရိ အသင်းဟာ ပထမ ပွဲစဉ်ဖြစ်တဲ့ အိမ်ရှင် ပိုလန်နဲ့ပွဲစဉ်မှာ နောက်ကနေလိုက်ပြီး ချေပဂိုး သွင်းယူခဲ့ပြီး အဖိုးတန် ၁ မှတ်ရယူနိုင်ခဲ့ပါတယ်။ ဒုတိယ ပွဲစဉ်မှာတော့ ချက်အသင်းကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုမှ ထွက်ခွာရလုနီးပါး ဖြစ်ခဲ့ပေမယ့် နောက်ဆုံးပွဲစဉ်မှာ မထင်မှတ်ဘဲ အုပ်စုတက်ဖို့ရေပန်းစားနေတဲ့ ရုရှားအသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ရုရှားအသင်းနဲ့ အမှတ်တူနေပေမယ့် head-to-head အရ ကွာတားဖိုင်နယ်သို့တက်ရောက်လာပါတယ်။ ဂရိ အသင်းရဲ့ ပဲ့ကိုင်ရှင်ကတော့ အသင်းခေါင်းဆောင် ကာရာဂူးနစ်ဖြစ်ပြီး အရေးပါတဲ့ ဂိုးတွေကို သွင်းယူပေးနေသလို သူ့ရဲ့ အတွေ့အကြုံနဲ့ ကစားသမားတွေကို ဦးဆောင်နိုင်စွမ်း အပြည့်ရှိနေပါတယ်။ နာမည်ကြီး ကစားသမားတွေ မရှိပေမယ့် ပေါ်တူဂီနည်းပြနဲ့ဂရိအသင်းဟာ စည်းစနစ်ကျနတဲ့ အသင်းဖြစ်တာကို တွေ့ရပါတယ်။
သုံးသပ်ချက်
ဂျာမနီ အသင်းရော ဂရိ အသင်းပါ နှစ်သင်းစလုံး စိတ်ဓာတ်ပိုင်းဆိုင်ရာ မာကျောနေတဲ့ အသင်းတွေ ဖြစ်နေပါတယ်။ ပွဲပြီးတဲ့ထိ ဇွဲမလျှော့ဘဲ ကန်တတ်တဲ့အသင်းတွေ ဖြစ်တာကြောင့် နှစ်သင်းစလုံးဟာ ပွဲကို ထိန်းကစားပြီး တဖက်နောက်တန်း အလစ်ကို စောင့်ကာ ဂိုးသွင်းမယ့် ပုံစံမှာရှိနေပါတယ်။ ဂျာမနီ အသင်းကတော့ လူအင်အားမှာ အလွန်အသာစီး ရှိနေတာကြောင့် ဂရိအသင်းဟာ သူရဲ့ပုံစံအတိုင်း ကွင်းလယ်မှာ ဖျက်ကစားပြီး ခံစစ်အနေနဲ့ကစားဖို့သာ ရှိနေပါတယ်။ နှစ်ဖက်အသင်း ယှဉ်ကြည့်ရင် ရတဲ့အခွင့်အရေးကို အသုံးချနိုင်တဲ့ တိုက်စစ်မှူး ရှိနေတဲ့ ဂျာမနီ အသင်းက အသာရရှိနေသလို ပွဲစဉ်တိုင်းမှာ တည်ငြိမ်စွာ ကစားတတ်တဲ့ ဂျာမနီအသင်း အစဉ်အလာအရ ဆီးမီးဖိုင်နယ် တက်ရောက်မယ်လို့ ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။