စပိန် – ပြင်သစ် (ဇွန်လ ၂၃ ရက်၊ GMT 19:45)
လက်ရှိချန်ပီယံ စပိန်အသင်းဟာ ၂၀၀၈ ခုနှစ်တုန်းက စပိန်အသင်းလိုပဲ လူအင်အားတောင့်တင်းဆဲ ဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ အသင်းသားအများစု ပါဝင်နေတဲ့ စပိန်အသင်းဟာ ယခုနှစ် ယူရို ၂၀၁၂ အဖွင့်ပွဲမှာ အီတလီအသင်းနဲ့ ယှဉ်ပြိုင်ကစားပြီး သရေကျခဲ့တာဖြစ်ပါတယ်။ အီတလီအသင်းရဲ့ ဦးဆောင်ဂိုးကို အရင်သွင်းခံရပြီးမှ နောက်ကလိုက်ချေပြီး ဖာဘရီဂက်စ်ရဲ့ဂိုးနဲ့သရေတမှတ် ရယူနိုင်ပါတယ်။ အဖွင့်ပွဲမှာ တိုက်စစ်မှူးစစ်စစ် တဦးမျှမပါဘဲ ဖာဘရီဂက်စ်ကို အထောင်ထား ကစားတာကြောင့် ဝေဖန်သံတွေဆူညံခဲ့ပါတယ်။
ဒုတိယပွဲစဉ်မှာတော့ တိုက်စစ်မှူး တောရက်စ်ဟာ ဖာနန်ဒို လောရန်တေးကို ကျော်လွန်ပြီး ပွဲထွက်လာခဲ့ကာ အိုင်ယာလန်အသင်းကို ၄ ဂိုး ပြတ်နဲ့ အနိုင်ရရှိတာကြောင့် အုပ်စုတက်ရေး ပိုပြီးခိုင်မာလာခဲ့ပါတယ်။ အထောင်တိုက်စစ်မှူးအဖြစ် ပြန်လည်ပါဝင်လာတဲ့ တောရက်စ်ဟာ ၂ ဂိုး သွင်းယူနိုင်ခဲ့သလို ဖာဘရီဂက်စ်ကလည်း ဒုတိယပိုင်းမှာ ဝင်လာပြီး သူရဲ့ ယူရို ဒုတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ အုပ်စုတက်ရေး အဆုံးအဖြတ် ပွဲစဉ်မှာတော့ ခရိုအေးရှားနဲ့ထိပ်တိုက်တွေ့ဆုံရာမှာ ပွဲပြီးခါနီးမှ နေးဗက်စ်က အနိုင်ဂိုးသွင်းယူပြီး အုပ်စုဗိုလ်အဖြစ် တက်လာခဲ့တာဖြစ်ပါတယ်။ စပိန်အသင်းဟာ နောက်ဆုံး အုပ်စုပွဲစဉ် ၂ ပွဲမှာတော့ အထောင်တိုက်စစ်မှူးဖြင့် ၄-၂-၃-၁ ကစားကွက်ကို ပုံဖော်ကာ ပြန်လာကစားလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် စပိန်အသင်းအတွက် ပြောစမှတ်တွင်စေတာက နောက်ဆုံးပွဲစဉ် ၂ ပွဲ မှာ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းကျော်ရှိကာ တဖက်အသင်းကို ကွင်းလယ်ကနေ အင်နီယေစတာ၊ ဇာဗီ၊ အလွန်ဆို၊ ဆေးဗားတို့ရဲ့ လူအင်အားနဲ့ဖိအားပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။
ပြင်သစ်အသင်းကတော့ ခြေစွမ်းပိုင်းမှာ တည်ငြိမ်ဖို့လိုအပ်နေတဲ့အသင်း ဖြစ်ပါတယ်။ ပထမပွဲစဉ်မှာ အင်္ဂလန်အသင်းကို သရေကျခဲ့ပြီးနောက် အိမ်ရှင် ယူကရိန်းကို ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အုပ်စုတွင်း ရှုံးပွဲ ၂ ပွဲကြုံထားတဲ့ ဆွီဒင်အသင်းကို နောက်ဆုံးပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရပြီး တဖက်အသင်းမှ ယူကရိန်းအသင်းပါ ရှုံးနိမ့်ခဲ့တာကြောင့်သာ ကံကောင်းစွာဖြင့် ကွာတားဖိုင်နယ်ကို တက်ရောက်လာနိုင်တဲ့အသင်း ဖြစ်ပါတယ်။ အုပ်စုပွဲစဉ် ၃ ပွဲကန်ပြီး ၃ ဂိုးသာ သွင်းယူထားနိုင်ပြီး ဘန်ဇီမာတို့လို နာမည်ကြီး တိုက်စစ်မှူးတွေ ဂိုးမသွင်းနိုင်ဘဲ ဖြစ်နေသေးပါတယ်။
ကွင်းလယ်မှာ ကာဘာယေး၊ နာစရီတို့လို ကစားသမားတွေ ခြေစွမ်းပြနေပေမယ့် ပြင်သစ်အသင်းရဲ့ တိုက်စစ်နဲ့နောက်တန်းဟာ ထောက်ပြစရာတွေရှိနေပါတယ်။ အထူးသဖြင့် တောင်ပံတကြောမှ တိုက်စစ်ဆင်လာတဲ့ ဘောလုံးတွေကို ဖျက်ထုတ်တာ အားနည်းပြီး တဖက်အသင်း တိုက်စစ်မှုးတွေကို အခွင့်အရေးပေးသလို ဖြစ်နေပါတယ်။ ဒါပေမယ့် ပြင်သစ်အသင်းဟာ ဥရောပဖလား သမိုင်းတလျှောက် အစဉ်အလာကောင်းတဲ့ အသင်းဖြစ်နေပြီး ယခု ပြင်သစ်နည်းပြ လောရန့်ဘလန့်လက်အောက်မှာ လူငယ်ကစားသမားအများစုနဲ့ဖွဲ့စည်းထားကာ အရည်အသွေးရှိတဲ့ ကစားသမားများစွာ ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်နေပါတယ်။
သုံးသပ်ချက်
နှစ်ဖက်အသင်းလုံးမှာ ကွင်းလယ်ကစားသမား ကောင်းများစွာ ပိုင်ဆိုင်ထားပါတယ်။ ဘာစီလိုနာကစားသမား အများစုနဲ့ဖွဲ့စည်းထားတဲ့ စပိန်ကွင်းလယ်ဟာ အလွန်တောင့်တင်းနေသလို တဖက်အသင်းမှာလည်း ရစ်ဘာရီ၊ နာစရီ၊ အမ် ဗီလာ၊ ဒီယာရာစတဲ့ ကစားသမားတွေက တိုက်စစ်၊ ခံစစ်မျှနေပါတယ်။ ဒါပေမယ့် စပိန်အသင်းသား အများစုဟာ တဦးနဲ့တစ်ဦး နားလည်မှုပြည့်ဝနေပြီး ပြင်သစ်အသင်းကတော့ အခုချိန်ထိ ကွင်းလယ်မှာ ပုံမှန်လူစာရင်း မရှိသေးဘဲ ဆွီဒင်နဲ့ပွဲမှာ အပြောင်းအလဲတွေ ရှိခဲ့တာကို တွေ့ရပါတယ်။ နှစ်သင်းစလုံးဟာ ကွင်းလယ်မှာ ဘောလုံးကိုင်ရင်း တိုက်စစ်ဆင် ကစားပုံချင်းတူတာကြောင့် တဖက်အမှားကို စောင့်ကြည့်ကာ ကစားသွားဖွယ်ရှိပြီး ရတဲ့အခွင့်အရေးကို အသုံးချနိုင်တဲ့ တိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းပိုင်နိုင်မှုက ဒီပွဲရဲ့အဖြေ ဖြစ်သွားနိုင်ပါတယ်။
အင်္ဂလန် – အီတလီ (ဇွန်လ ၂၄ ရက်၊ GMT 19:45)
အင်္ဂလန်အသင်းဟာ ပြိုင်ပွဲမတိုင်ခင်က အုပ်စုမှပင် ထွက်ရနိုင်တယ်လို့အပြောခံခဲ့ရတဲ့အသင်း ဖြစ်ပါတယ်။ ဥရောပပြိုင်ပွဲမတိုင်ခင် ၁ လ အလိုမှသာ နည်းပြ ဟော့ဆန် ရောက်ရှိလာပြီး နည်းပြသစ် လက်အောက်မှာ ခြေစမ်းပွဲ ၂ ပွဲသာ သာကစားခဲ့ရတဲ့အသင်း ဖြစ်ပါတယ်။ ယူရို ၂၀၁၂ အုပ်စု ပထမပွဲစဉ်မှာ ပြင်သစ်အသင်းနဲ့သရေကျခဲ့ပြီး ဒုတိယပွဲစဉ်ဖြစ်တဲ့ ဆွီဒင်နဲ့ပွဲစဉ်မှာတော့ အကြိတ်အနယ်ကန်ရင်း ၃-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
နောက်ဆုံးကစားတဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ယူကရိန်းအသင်းကို ၁ ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် တက်ရောက်လာနိုင်ခဲ့တယ်။ အင်္ဂလန်အသင်းရဲ့ ကစားပုံဟာ တပွဲနဲ့တပွဲ မတူတာကြောင့် ပြိုင်ဘက်အသင်းတွေ ခန့့်မှန်းရခက်တဲ့အသင်း ဖြစ်နေပါတယ်။ ပြင်သစ်နဲ့ပွဲစဉ်မှာ ကွင်းလယ်မှာ တသင်းလုံး ပိတ်ပြီး ခံစစ်သက်သက်သာ ကစားသွားခဲ့ပေမယ့် ဒုတိယပွဲစဉ်ဖြစ်တဲ့ ဆွီဒင်နဲ့ပွဲစဉ်မှာတော့ တောင်ပံတွေကို အထူးပြုပြီး ကစားသွားခဲ့တာကို တွေ့ရပါတယ်။
ယူကရိန်းနဲ့ ပွဲစဉ်မှာကျတော့ ကစားသမားကောင်းများစွာ ရှိပေမယ့် ခံစစ်ပုံစံဖြင့်သာ ဆက်လက်ကစားသွားခဲ့ပြီး ကွင်းလယ်မှာ ဘောလုံးရရင် အဝေးဘောတွေနဲ့ တောင်ပံနှစ်ဖက်ကိုဖြန့်ကာ တဖက်အသင်း အလစ်ကို စောင့်ကစားတာ တွေ့ရပါတယ်။
ဒါကြောင့် တဖက်အသင်းတွေ အင်္ဂလန်အသင်းရဲ့ ကစားဟန်ကို သတိမပြုမိဘဲ အင်္ဂလန်အသင်း ကတ်ပတိန် ဂျာရတ်ရဲ့ အဝေးဘောတွေနဲ့ပြင်သစ်၊ ဆွီဒင်၊ ယူကရိန်းနဲ့ပွဲစဉ် ၃ ပွဲစလုံးမှာ ဂိုးတွေရရှိခဲ့တာကို တွေ့ရမှာပါ။ တဖက်အသင်းတွေ မည်မျှ တိုက်စစ်ဆင်နေပါစေ၊ အင်္ဂလန်အသင်းဟာ ခံစစ်ကို မပြာဘဲ ခုခံနိုင်စွမ်းရှိနေပြီး ကွင်းလယ်က ပါးကားနဲ့ဂျာရတ်ဟာ အသင်းရဲ့ ပဲ့ကိုင်ရှင်တွေ ဖြစ်နေပါတယ်။ အင်္ဂလန်အသင်းရဲ့ ဝှက်ဖဲတွေအဖြစ် ချိန်ဘာလိန်နဲ့ဝယ်ကော့တို့ကလည်း နည်းပြဟော့ဆန်ရဲ့ ဗျုဟာနဲ့အသုံးတည့်နေပါတယ်။
အီတလီ အသင်းကတော့ ကမ္ဘာ့အကောင်းဆုံး နောက်တန်းကစားဟန် ရှိတယ်လို့နာမည်ကြီးတဲ့အသင်း ဖြစ်ပါတယ်။ အမြဲတမ်း ခံစစ်ကို လုံခြုံအောင်ကစားတဲ့ အီတလီအသင်းဟာ လက်ရှိချန်ပီယံ စပိန်အသင်းကို အဖွင့်ပွဲစဉ်မှာ သရေရအောင် ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပွဲစဉ်ဖြစ်တဲ့ ခရိုအေးရှားနဲ့ပွဲစဉ်မှာလည်း တဖက်အသင်းရဲ့ တိုက်စစ်ကိုသာ ခုခံကစားပြီး တန်ပြန် တိုက်စစ်ဖြင့် ကစားခဲ့တာကြောင့် သရေသာရရှိခဲ့ပြီး အုပ်စုမှကျော်ဖို့ကြိုးစားခဲ့ရပါတယ်။
နောက်ဆုံးပွဲစဉ်မှာတော့ အိုင်ယာလန်အသင်းကို ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သလို တဖက်ပွဲစဉ်မှ ခရိုအေးရှားလည်း စပိန်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စု ဒုတိယအဖြစ် တက်ရောက်လာတဲ့အသင်း ဖြစ်ပါတယ်။ အီတလီအသင်းဟာ လက်ရှိမှာ ကစားသမားသစ်တွေနဲ့ဖွဲ့စည်းထားတဲ့အသင်းဖြစ်ပြီး ကစားသမားဟောင်းဆိုလို့ဂိုးသမား ဘူဖွန်၊ ကွင်းလယ်လူ ပီယာလို၊ ဒီရော့စီနဲ့ရှေ့တန်းက ကာဆာနိုတို့သာ ရှိပါတော့တယ်။ အီတလီအသင်းဟာ နောက်တန်းကစားပုံ ကောင်းမွန်ပြီး ကမ္ဘာ့အကောင်းဆုံး ဂိုးသမားလို့နာမည်ကြီးတဲ့ ဘူဖွန်လည်း ရှိနေပါတယ်။ ကွင်းလယ်မှာ အသက် ၃၃ နှစ်ရှိ ပီယာလိုက လက်ရှိအချိန်အထိ ခြေစွမ်းပြနေသလို တိုက်စစ်မှာလည်း မန်စီးတီး တိုက်စစ်မှူး ဘာလော့တယ်လီနဲ့ ကာဆာနိုတို့အတွဲညီနေတာကို တွေ့ရပါတယ်။ အီတလီအသင်းဟာ ၃-၅-၂ ကစားဟန်ကို လိုသလိုပြောင်းပြီး ကစားတတ်တဲ့အသင်းဖြစ်ပြီး ခံစစ်၊ တိုက်စစ်ကို ပွဲအပေါ်မူတည်ပြီး ပြောင်းကစားတာကို တွေ့ရပါတယ်။
သုံးသပ်ချက်
နှစ်ဖက်အသင်းလုံးဟာ ခံစစ်ကစားပုံနဲ့ကွာတားဖိုင်နယ် တက်ရောက်လာခဲ့တာကြောင့် ယခုလို ခံစစ်အထူးပြု နှစ်သင်းထိပ်တိုက် တွေ့ဆုံတာမှာ ဘယ်လိုကန်ကြမလဲဆိုတာ ပရိတ်သတ်တွေအပြင် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကပါ စိတ်ဝင်စားနေကြပါတယ်။ အင်္ဂလန်အသင်းကတော့ မန်ယူတိုက်စစ်မှူး ရွန်းနီ ပြန်လည်ပါဝင်လာတာကြောင့် ကစားပုံ ပိုမိုကောင်းလာဖွယ်ရာရှိပြီး အထောင်တိုက်စစ်မှူးအဖြစ် ဘယ်သူ့ကို ပွဲထုတ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။
ကာရိုးနဲ့ဝယ်ဘက်တို့နှစ်ဦးစလုံးဟာ ၁ ဂိုးစီသွင်းယူထားပြီး ခြေစွမ်းပြနေကြပါတယ်။ အီတလီအသင်းကတော့ ပုံမှန်အတိုင်း ခံစစ်ကစားပုံဖြင့်သာ ကစားပြီး တိုက်စစ်မှူး ကာဆာနိုနဲ့ ဘာလော့တယ်လီတို့ကို ထိန်းချုပ်ဖို့အင်္ဂလန်နောက်တန်းတွေ အလုပ်ရှုပ်ပါလိမ့်မယ်။ ၃-၅-၂ ကစားဟန်ဖြစ်တဲ့ အီတလီအသင်း ကစားပုံကြောင့် တိုက်စစ်ဆင်တဲ့အချိန်မှာ ဟာကွက်တွေရှိနိုင်ပြီး အင်္ဂလန်အသင်းရဲ့ ၄-၄-၂ ကစားဟန်အပြင် တန်ပြန်တိုက်စစ် ကျွမ်းကျင်တဲ့ ရွန်းနီ၊ ယန်းတို့အပြင် ဂျာရတ်ရဲ့ ဘောလုံးဖြန့်ဝေမှုတွေက အီတလီနောက်တန်းကို ဒုက္ခပေးနိုင်ပါလိမ့်မယ်။