မြန်မာ့ လက်ရွေးစင် အသက် ၂၂ အောက် အသင်းဟာ ဇွန်လ၂၃ ရက်နေ့ကစပြီး အာရှ အသက် ၂၂ အောက် အုပ်စု (G) ခြေစစ်ပွဲစဉ်တွေကို ရန်ကုန်မြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မှာ ဖြစ်ပါတယ်။ ၂၀၁၃ မှာ ကျင်းပမယ့် အာရှတိုက်ရဲ့ ဒုတိယမြောက် အထင်ကရ ဖြစ်တဲ့ အသက် ၂၂ အောက် အာရှဖလားပြိုင်ပွဲဟာ လက်ရွေးစင်တွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အာရှဖလား (Asian Cup) ပြီးရင် အာရှနိုင်ငံအလိုက် ဘောလုံးပြိုင်ပွဲတွေထဲမှာ အရေးအကြီးဆုံးလို့ဆိုနိုင်ပါတယ်။
လက်ရွေးစင်အသင်းအတွက် အဓိက ကစားသမားတွေ ပေါ်ထွက်လာမယ့် ယခုလို သက်တမ်းလိုက် လူငယ်ပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်ရေးဟာ နိုင်ငံ့အနာဂတ် လက်ရွေးစင် ဘောလုံးအသင်း အောင်မြင်ဖို့အတွက် အလွန်အရေးပါပါတယ်။ မြန်မာလူငယ်အသင်းရဲ့ အခြေအနေကို လေ့လာကြည့်မယ့်ဆိုရင် မြန်မာအသင်းဟာ အုပ်စု (G) မှာ ပါဝင်နေပြီး အာဆီယံ နိုင်ငံတွင်းမှ ပြိုင်ဘက်တွေ ဖြစ်တဲ့ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်တို့နဲ့တွေ့ဆုံရမှာဖြစ်သလို အာရှဘောလုံး အင်အားကြီးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားအသင်းနဲ့ ထိုင်ဝမ်တို့ပါဝင်လာပါတယ်။
မြန်မာ ယူ-၂၂ အသင်းရဲ့ ပြင်ဆင်မှုကို လေ့လာကြည့်ခြင်း
မြန်မာ ယူ-၂၂ အသင်းကို တောင်ကိုရီးယားနည်းပြ ပက်ဆောင်ဟွာက လက်ရှိ ကိုင်တွယ်နေပါတယ်။ မြန်မာ ယူ-၂၂ ဟာ ယခု ခြေစစ်ပွဲအတွက် တောင်ကိုရီးယားနိုင်ငံအထိ သွားရောက်လေ့ကျင့်ခဲ့ပြီး တောင်ကိုရီးယား တက္ကသိုလ် အသင်းတွေနဲ့ခြေစမ်းပွဲတွေ ကစားထားပါတယ်။ နည်းပြ ပက်ဆောင်ဟွာက တောင်ကိုရီးယားမှာ ရောက်ရှိနေတုန်း “မြန်မာအသင်းဟာ ဘယ်လိုနည်းနှင့်မျှ ကိုရီးယားအသင်းတွေကို ယှဉ်နိုင်ဖွယ် မရှိကြောင်း၊ အခု ခြေစမ်းပွဲတွေမှာ မြန်မာ ယူ-၂၂ နဲ့ခြေစမ်းခဲ့တဲ့အသင်းတွေဟာ တက္ကသိုလ်အဆင့် ဘောလုံးအသင်းတွေသာ ဖြစ်ကြောင်း၊ ကစားသမားတွေရဲ့ နည်းစနစ်ကျွမ်းကျင်မှု ကွာဟချပ်ကြီးမားပြီး ခြေစစ်ပွဲအောင်ဖို့မနည်းရုန်းကန်ရလိမ့်မည်ဖြစ်ကြောင်း “အာဆီယံ ဘောလုံးဝက်ဆိုဒ်မှ သတင်းထောက်ကို တောင်ကိုရီးယားမှာ ကန်ခဲ့တဲ့ ခြေစမ်းပွဲတွေ ရှုံးခဲ့အပြီး ပြောဆိုထားခဲ့ဖူးပါတယ်။
မြန်မာ ယူ-၂၂ ဟာ တောင်ကိုရီးယားက ပြန်လာအပြီးမှာ ရန်ကုန်မှာပဲ ဆက်လက် လေ့ကျင့်ခန်းဆင်းစေခဲ့ပြီး ဇွန်လ ၉ ရက်နေ့မှာ မြန်မာ့ လက်ရွေးစင်အသင်းနဲ့ခြေစမ်းခဲ့ရာမှာ ၃-၁ နဲ့အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းရဲ့ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ကျော်ကိုကို၊ ကျော်ဇေယျာဝင်းနဲ့ကြည်လင်းတို့ဟာ မြန်မာ ယူ-၂၂ မှာ ပါဝင်ကစားခဲ့ပါတယ်။
ဇွန်လ ၁၅ ရက်မှာတော့ မြန်မာ ယူ-၂၂ အသင်းဟာ ထိုင်း၊ မော်လ်ဒိုက်အသင်းတို့နဲ့ချစ်ကြည်ရေး ခြေစမ်းပွဲကစားရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိလာပါတယ်။ ဇွန်လ ၁၇ ရက်နေ့မှာ ထိုင်းအသင်းနဲ့ခြေစမ်းပွဲကစားခဲ့ပြီး ၃-၁ နဲ့အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါခြေစမ်းပွဲမှာ မြန်မာ ယူ-၂၂ အသင်းဟာ လူစာရင်း အပြည့်အစုံနဲ့ပွဲထွက်လာပြီး ပထမ ပိုင်းမှာ ၁ ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှသာ ခြေစွမ်းအနည်းငယ် တည်ငြိမ်လာပြီး ကျော်ကိုကိုရဲ့ ပယ်နတီ ၂ ဂိုး၊ နာကျင်အချိန်ပို မှာ ကျော်ကိုကိုကပဲ ဘယ်တောင်ပံမှ ထိုးပေးလိုက်တဲ့ ဘောလုံးကို ဂိုးသမားကိုကျော်ပြီး အသာအယာ သွင်းကာ ဟက်ထရစ် ရယူခဲ့နိုင်တာကြောင့် မြန်မာအသင်း အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ထိုင်းအသင်းနဲ့ကန်တဲ့ပွဲစဉ်မှာ ပွဲဟာအနည်းငယ် ကြမ်းတမ်းခဲ့ပြီး တဖက်ကို ကစားသမားတယောက်စီ အထုတ်ခံခဲ့ရသလို ပယ်နတီဧရိယာအတွင်း ဖျက်ထုတ်ပုံကြမ်းတဲ့ ထိုင်းအသင်းကြောင့် မြန်မာအသင်း ပယ်နတီ ၂ ဂိုး ရရှိခဲ့ပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာတော့ မော်လ်ဒိုက်အသင်းနဲ့ခြေစမ်းပွဲကစားခဲ့ပြီး မြန်မာအသင်းကတော့ အရန်ကစားသမားတွေနဲ့သာ ပွဲထွက်လာတာကို တွေ့ရပါတယ်။ မော်လ်ဒိုကအသင်းနဲ့ပွဲမှာတော့ မြန်မာ ယူ-၂၂ အသင်းဟာ အရန်ကစားသမားတွေနဲ့ ပထမကစားသမားတွေ ခြေစွမ်းခြင်းကွာဟနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် ကွင်းလယ်မှာ ဘောလုံးမတည်နိုင်ခဲ့ဘဲ တဖက်အသင်းကို တိုက်စစ်ဆင် ခြိမ်းခြောက်မှု မလုပ်နိုင်ခဲ့ပါဘူး။ နည်းပြ ပက်ဆောင်ဟွာကတော့ အရန် ကစားသမားတွေအတွေ့အကြုံရှိစေရန် ကစားသမားတွေ အပြောင်းအလဲတွေ မလုပ်စေဘဲ ကြည်လင်း တဦးတည်းသာ ဒဏ်ရာရရှိသွားတဲ့ ကစားသမားနေရာမှာ ပွဲပြီးခါနီး ဝင်ကစားစေခဲ့ပါတယ်။ ပွဲပြီးရန် မိနစ်ပိုင်းအလိုမှာတော့ မြန်မာနောက်တန်း ဂိုးဧရိယာ အတွင်းဖျက်ထုတ်မှု အားနည်းတာကို အခွင့်အရေးယူကာ မော်လ်ဒိုက်အသင်းမှ ကစားသမားက ဂိုးအဖြစ်ပြောင်းလဲခဲ့ပြီး မြန်မာအသင်းကို ရှုံးပွဲတွေ့စေခဲ့ပါတယ်။
မြန်မာအသင်းရဲ့ လက်ရှိ ကစားပုံကို ကြည့်မယ်ဆိုရင် ကြံ့ခိုင်မှုနဲ့သက်လုံပိုင်းမှာ အားကောင်းတာကို တွေ့ရပါတယ်။ အထူးသဖြင့် ထိုင်းအသင်းနဲ့ပွဲစဉ်ကိုကြည့်လျှင် ဒုတိယပိုင်း ထိုင်းလူငယ်ကစားသမားတွေ ကစားအားကျသွားတဲ့အချိန်မှာ မြန်မာကစားသမားတွေဟာ သက်လုံပိုင်းကောင်းမွန်ခဲ့ပြီး ပွဲပြီးတဲ့အထိ ကစားအားကောင်းခဲ့တာကို တွေ့ရပါတယ်။
ဘောလုံးကျွမ်းကျင်မှုအရ ကြည့်မယ်ဆိုရင်တော့ ထိုင်းအသင်းရဲ့ နည်းစနစ်တွေက ပိုမိုကောင်းမွန်ခဲ့တာကို တွေ့ရပြီး မြန်မာအသင်းဟာ ကွင်းလယ်မှာ ဘောလုံးကိုင်ကစားဖို့ရုန်းကန်ခဲ့ရတာကို တွေ့ရပါတယ်။ နည်းပြ ပက်ဆောင်ဟွာက ဒုတိယပိုင်းမှာ ကစားကွက်အခင်းအကျင်း ပြောင်းခဲ့ပြီး ကျော်ဇေယျာဝင်းကို ကျော်ကိုကိုရဲ့ နောက်မှာ တွဲကစားစေခဲ့၍သာ မြန်မာအသင်း ပြန်လည်ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ပထမ ပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု နည်းပေမယ့် ဒုတိယပိုင်းမှာ ပြန်လည်တည်ငြိမ်ပြီး အရင်ကထက် စိတ်အေးအေးနဲ့တဖက်အသင်းကို ယှဉ်ပြိုင်ကစားလာနိုင်တာကြောင့်သာ ယခုလို ထိုင်းမြေမှာ ၃-၁ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
မော်လ်ဒိုက်နဲ့ပွဲစဉ်မှာတော့ မြန်မာအသင်းဟာ အရန်ကစားသမားတွေကို ပွဲထွက်စေခဲ့ပြီး အတွေ့အကြုံ ယူစေခဲ့တာ တွေ့ရပါတယ်။ မော်လ်ဒိုက်နဲ့ပွဲစဉ်မှာတော့ မြန်မာအသင်းဟာ တဖက်အသင်း ဂိုးပေါက်ကို မခြိမ်းခြောက်နိုင်ခဲ့သလို နှစ်သင်းလုံးဟာ ကွင်းလယ်မှာ ဘောလုံးယှဉ်လုရင်းနဲ့သာ အချိန်ကုန်နေခဲ့ပါတယ်။ ဒီပွဲမှာ အရန်ကစားသမားတွေရဲ့ အတွေ့အကြုံမရှိမှုက သိသာခဲ့ပြီး ဘောလုံးကို ကိုင်မကစားနိုင်ဘဲ ပြာနေခဲ့တာကို တွေ့ရပါတယ်။ ပွဲပြီးတဲ့အထိ အရန်ကစားသမားတွေဟာ ကစားအားမကျပေမယ့် တဖက်အသင်းကို ထိထိရောက်ရောက် တိုက်စစ်မဆင်နိုင်တာကြောင့် မထင်မှတ်ပဲ မော်လ်ဒိုက်အသင်းကို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
ယခု ခြေစစ်ပွဲစဉ်တွေမှာတော့ မြန်မာအသင်းဟာ အသင်းတိုင်းကို ခက်ခက်ခဲခဲ ကစားရဖွယ်ရှိပြီး အသင်းကြီးဖြစ်တဲ့ တောင်ကိုရီးယားကိုလည်း အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိပါတယ်။ မြန်မာ့မြေမှာ ကစားရမှာဖြစ်တာကြောင့် မြန်မာပရိသတ်တွေရဲ့ အားပေးမှုနဲ့စိတ်ဓာတ်ခွန်အားထည့်ပြီး တဖက်အသင်းတွေ အနိုင်ယူကာ ယခုလို အရေးကြီးတဲ့ အသက် ၂၂ အောက် အာရှခြေစစ်ပွဲကို အောင်မြင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
မြန်မာ အသင်းပါဝင်နေတဲ့ အာရှခြေစစ်ပွဲအုပ်စု (G) ပွဲစဉ်အချိန်ဇယား
ပွဲစဉ် ရက် မြန်မာစံတော်ချိန်
၁။ မလေးရှား – တောင်ကိုရီးယား ( ၂၃ ဇွန်လ ၊ ၂၀၁၂ ) ၃း၁၅
၂။ မြန်မာ – ဖိလစ်ပိုင် ( ၂၃ ဇွန်လ ၊ ၂၀၁၂ ) ၆း၁၅
၃။ ဗီယက်နမ် – တရုတ်တိုင်ပေ ( ၂၃ ဇွန်လ ၊ ၂၀၁၂ ) ၃း၁၅
၄။တောင်ကိုရီးယား – တရုတ်တိုင်ပေ ( ၂၅ ဇွန်လ ၊ ၂၀၁၂ ) ၃း၁၅
၅။ဗီယက်နမ် – မြန်မာ ( ၂၅ ဇွန်လ ၊ ၂၀၁၂ ) ၆း၁၅
၆။ မလေးရှား – ဖိလစ်ပိုင် ( ၂၅ ဇွန်လ ၊ ၂၀၁၂ ) ၃း၁၅
၇။တရုတ်တိုင်ပေ – မလေးရှား ( ၂၈ ဇွန်လ ၊ ၂၀၁၂ ) ၃း၁၅
၈။ဖိလစ်ပိုင် – ဗီယက်နမ် ( ၂၈ ဇွန်လ ၊ ၂၀၁၂ ) ၃း၁၅
၉။တောင်ကိုရီးယား – မြန်မာ ( ၂၈ ဇွန်လ ၊ ၂၀၁၂ ) ၆း၁၅
၁၀။မြန်မာ – တရုတ်တိုင်ပေ ( ၃၀ ဇွန်လ ၊ ၂၀၁၂ ) ၃း၁၅
၁၁။ဖိလစ်ပိုင် – တောင်ကိုရီးယား ( ၃၀ ဇွန်လ ၊ ၂၀၁၂ ) ၆း၁၅
၁၂။ဗီယက်နမ် – မလေးရှား ( ၃၀ ဇွန်လ ၊ ၂၀၁၂ ) ၃း၁၅
၁၃။တရုတ်တိုင်ပေ – ဖိလစ်ပိုင် ( ၃ ဇူလိုင် ၊ ၂၀၁၂ ) ၃း၁၅
၁၄။မလေးရှား – မြန်မာ ( ၃ ဇူလိုင် ၊ ၂၀၁၂ ) ၆း၁၅
၁၅။တောင်ကိုရီးယား – ဗီယက်နမ် ( ၃ ဇူလိုင် ၊ ၂၀၁၂ ) ၃း၁၅
မှတ်ချက် – မြန်မာ ယူ-၂၂ ပွဲစဉ်အားလုံးကို ရန်ကုန် သုဝဏ္ဏ လူငယ်ကစားကွင်းမှာသာ ကျင်းပသွားမှာဖြစ်ပြီး ကျန်ပွဲစဉ်တချို့ကို အောင်ဆန်းကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကိုးကား – aseanfootball, afc