အားကစား

အင်္ဂလန်အသင်း အီတလီကို အရေးနိမ့်

This article has been converted from Zawgyi One to Unicode

၂၀၁၂ ဥရောပ ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ အီတလီအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ အီတလီအသင်းက အင်္ဂလန်အသင်းကို ပယ်နတီ အဆုံးအဖြတ်ကန်ပြီး အနိုင်ရရှိကာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂျာမနီနဲ့ ဆုံရတော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအတွက်တော့ အဓိက ပြိုင်ပွဲတွေမှာ ပယ်နတီကန်တိုင်း ရှုံးတဲ့စံချိန်ကို ဆက်ထိန်းသွားပါတယ်။

အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်က  (ဂိုး) ဟတ်၊ ဂျွန်ဆန်၊ တယ်ရီ၊ လက်စကော့၊ အက်ရှလေကိုး၊ မယ်နာ၊ ဂျာရတ်၊ ပါ့ကား၊ အက်ရှလေ ယန်း၊ ရွန်းနီ၊ ဝယ်ဘက်တို့နဲ ယူကရိန်းပွဲစဉ်ကအတိုင်း အပြောင်းအလဲမရှိဘဲ ပွဲထွက်လာပြီး ၄-၄-၂ ကို ခံစစ်ကစားကွက်နဲ့ ကစားသွားခဲ့ပါတယ်။

အီတလီနည်းပြ ပရန်ဒယ်လီကတော့ (ဂိုး) ဘူဖွန်၊ ဘယ်ဇာရက်တီ၊ အဘာတေး၊ ဘာဇာဂလီ၊ ဘော့နူချီ၊ မာချီယာဆို၊ ဒီရော့စီ၊ မွန်တိုလီဗို၊ ပီယာလို၊ ဘလော့တယ်လီ၊ ကာဆက်နိုတို့နဲ့ပွဲထွက်လာပြီး ၃-၅-၂ ကစားကွက်ဖြင့် ပွဲထွက်လာပါတယ်။

အင်္ဂလန်အသင်းဟာ ပွဲစဉ်တိုင်းမှာ တဖက်အသင်းနောက်မှာသာ လိုက်ကစားပြီး ခံစစ်နဲ့သာ အချိန်ကုန်ခဲ့ပေမယ့် ယခုပွဲစဉ်မှာတော့ ပွဲစတယ်ဆိုရင်ပဲ အင်္ဂလန်အသင်းဟာ အီတလီ နောက်တန်းကို ဖိအားပေးကစားတာ တွေ့ရပါတယ်။ အထူးသဖြင့် တောင်ပံကနေ ဖြတ်တင်ဘောတွေကို ခြိမ်းခြောက်ခဲ့ပြီး ၁၅ မိနစ်လောက်အထိ အင်္ဂလန်အသင်းဟာ အီတလီအသင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။ အထနှေးတဲ့ အီတလီအသင်းဟာ ပွဲချိန်နည်းနည်းကြာလာတာနဲ့အမျှ ကွင်းလယ်မှာ စတင်စိုးမိုးလာပြီး အင်္ဂလန်အသင်းကို ပြန်လည်စတင် ဖိအားပေးနိုင်ခဲ့ပါတယ်။

ကွင်းလယ်မှာ ဒီရော့စီ၊ မွန်တိုလီဗိုတို့ရဲ့ ကွင်းလယ်ကို ပီယာလိုရဲ့ သမ္ဘာနဲ့ ဦးဆောင်ကစားသွားတာကြောင့် အင်္ဂလန် အသင်းဟာ လုံးဝမယှဉ်နိုင်တော့ဘဲ ဂျာရတ်နဲ့ပါ့ကားဟာ ခံစစ်နဲ့သာ အချိန်ကုန်နေခဲ့ပါတယ်။ ပထမပိုင်း အီတလီ တိုက်စစ်မှူး ဘာလော့တယ်လီ အခွင့်အရေးတချို့ရရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာက အင်္ဂလန်အသင်းအတွက် ကံကောင်းစေခဲ့သလို အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှာလည်း ရွန်နီး တယောက်တည်း ရုန်းကန်ခဲ့ရပြီး မန်ယူအသင်းဖော် ဝယ်ဘက်ဟာ ခြေစွမ်းမပြနိုင်ခဲ့တာကို တွေ့ရပါတယ်။

အင်္ဂလန် အသင်းကတော့ ဒုတိယပိုင်း ကစားအားတင်တဲ့အနေနဲ့ မယ်နာအစား ဝယ်ကော့၊ ဝယ်ဘက်အစား ကာရိုးတို့ ဝင်လာပြီး တန်ပြန်တိုက်စစ်နဲ့ ကစားရန်ကြိုးစားပေမယ့် အီတလီအသင်းရဲ့ ကစားကွက်ကို မယှဉ်နိုင်တဲ့အပြင် တစ်ဦးချင်း ကြံ့ခိုင်မှုပိုင်းမှာ အီတလီက အသာရခဲ့တာကိုတွေ့ရပါတယ်။ အီတလီအသင်းကတော့ ကာဆာနို အစား ဒီယာမန်တီ၊ ဒီရော့စီ အစား နိုစာရီနိုတို့ ဝင်ကစားခဲ့သလို ပွဲပြီးခါနီးမှာ အဘာတေး အစား မက်ဂျီယို ဝင်ကစားခဲ့ပါတယ်။

မိနစ် ၉၀ ပြည့်လို့ အချိန်ပို ဆက်ကန်တဲ့အထိ နှစ်ဖက်အသင်းလုံး ဂိုးမသွင်းနိုင်တာကြောင့် ပယ်နတီကန်စေခဲ့ရာမှာ အီတလီအသင်းက ၄-၂ ဖြင့် အင်္ဂလန်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ အီတလီအသင်းအတွက် ပယ်နတီကို ဘာလော့တယ်လီ၊ ပီယာလို၊ နိုစာရီနို၊  ဒီယာမန်တီတို့က ဝင်အောင်သွင်းနိုင်ခဲ့ပြီး ရီကာဒို မွန်တိုလီဗိုရဲ့ ပယ်နတီဟာ အင်္ဂလန် ဂိုးသမား ဂျိုးဟတ်ရဲ့ ညာဘက်ကို ကန်သွင်းရာမှာ ဂိုးပေါက်မတည့်ဘဲ ဖြစ်ခဲ့ရပါတယ်။ အင်္ဂလန် အသင်းအတွက် ဂိုးတွေကိုတော့ ဂျရတ်က ဗွေဆော်ဦး သွင်းပေးခဲ့ပြီး ရွန်းနီကလည်း ဝင်အောင် သွင်းယူနိုင်ခဲ့ပါတယ်။ အင်္ဂလန် အသင်းအတွက် အလှည့်အပြောင်း ဖြစ်စေခဲ့တာကတော့ အက်ရှလေယန်းရဲ့ ပယ်နတီ ဖြစ်ပြီး ကန်ချက်ပြင်းပြီး  ဂိုးအပေါ်တိုင်ကိုထိကာ ဂိုးမဝင်ဖြစ်ခဲ့ရပါတယ်။ ။ အက်ရှလေကိုးလ်ရဲ့ ပယ်နတီမှာလည်း အီတလီဂိုးသမား ဘူဖွန် ဘယ်ဘက်ကို ဒိုက်ထိုးကာ အမိအရ ဖမ်းမိခဲ့တာကြောင့် နောက်ဆုံးအကြိမ် အီတလီအသင်းရဲ့ ဒီယာမန်တီ သွင်းတဲ့ဂိုးဟာ အင်္ဂလန်အသင်းကို ကွာတားဖိုင်နယ်ကနေ အိမ်ပြန်စေတဲ့ဂိုး ဖြစ်လာခဲ့ပါတယ်။

(ဓာတ်ပုံ – emirates247)

Match of the Day မှ ဘောလုံးဝေဖန်ရေးသမား၊ လက်ရှိ အမေရိကန်ဘောလုံးနည်းပြ ဂျာဂင် ကလင်းစမန်း ကတော့ “အီတလီအသင်းဟာ တပွဲလုံး အင်္ဂလန်အသင်းကို စိုးမိုးနိုင်ခဲ့ပါတယ်။ ကျနော့်ကို အံ့သြစေတာကတော့ အီတလီအသင်းဟာ နည်းစနစ်ပိုင်းတင် အသာရခဲ့တာ မဟုတ်ဘဲ ကြံ့ခိုင်မှုပိုင်းမှာလည်း အံ့သြဖွယ်ရာ ကောင်းခဲ့တာကိုတွေ့ရပါတယ်။ အီတလီအသင်းဟာ နောက်တဆင့်တက်ရောက်ဖို့ထိုက်တန်ခဲ့ပြီး ဂျာမနီအသင်းကို ကောင်းကောင်း ယှဉ်နိုင်ပါလိမ့်မယ်။ အင်္ဂလန်အသင်းကိုတော့ အနည်းငယ် မျှော်လင့်မိခဲ့ပေမယ့် ခြေစွမ်းအရ အီတလီ အသင်းသာ နောက်တဆင့် တက်ရောက်ဖို့ထိုက်တန်ခဲ့ပါတယ်” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ဥရောပ ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ပေါ်တူဂီ – စပိန်၊ ဂျာမနီ – အီတလီ အသင်းတို့ရဲ့ ပွဲစဉ်များကို ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဥရောပ ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်

ပေါ်တူဂီ – စပိန်  ( ဇွန်လ ၂၇ ရက်၊ GMT 19:45)
ဂျာမနီ – အီတလီ (ဇွန်လ ၂၈ ရက်၊ GMT 19:45)

Loading