မြန်မာလူငယ် အသက် ၂၂ အောက် အသင်းဟာ မနေ့က ရန်ကုန်မြို့သုဝဏ္ဏ လူငယ်အားကစားကွင်းမှာ မလေးရှားအသင်းနဲ့ အုပ်စုတက်ရေး အရေးပါတဲ့ နောက်ဆုံးပွဲစဉ်ကို ကစားခဲ့ကြပါတယ်။ မြန်မာအသင်းဟာ အနည်းဆုံး သရေ ရလျှင်ပင် ခြေစစ်ပွဲအောင်နိုင်မှာ ဖြစ်ပေမယ့် မြန်မာ့မြေ မြန်မာ့ပရိသတ် ၂၈၀၀၀ ကျော်ရဲ့ရှေ့မှာ ခြေစွမ်းပြကာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းဟာ ယခုပွဲ အနိုင်ရရှိတာကြောင့် အရှေ့တောင်အာရှ နိုင်ငံများထဲမှ ပထမဦးဆုံး ခြေစစ်ပွဲအောင်တဲ့ အသင်းဖြစ်လာပြီး ခြေစစ်ပွဲအောင်သွားပြီဖြစ်တဲ့ ဆော်ဒီ၊ ဆီးရီးယား၊ အီရန်၊ ကူဝိတ်၊ ဂျော်ဒန်၊ ဥဇဘက်ကစ္စတန်၊ မြောက်ကိုရီးယား၊ တရုတ်၊ တောင်ကိုရီးယားတို့နဲ့အတူ ထိုက်ထိုက်တန်တန် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။
ယခု ကျင်းပတဲ့ AFC ယူ-၂၂ ပြိုင်ပွဲဟာ ၂ နှစ်တကြိမ် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး အာရှဒေသတွင်း နိုင်ငံ့လက်ရွေးစင် အသင်းတွေ အဆင့်အတန်း ပိုမိုမြင့်မားလာရေးအတွက် အာရှဘောလုံးအဖွဲ့ချုပ်က ၂၀၁၁ ကမှ စတင်ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ AFC ယူ-၂၂ ဖလား ကို ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် တခြား အိုလံပစ်ပွဲစဉ် ဝင်ပြိုင်တဲ့ အာရှအသင်းတချို့ရှိတာကြောင့် ခြေစစ်ပွဲစဉ်တချို့ နောက်ကျကျင်းပရမှာဖြစ်လို့ ၂၀၁၄ ဇန်နဝါရီကို့ရွှေ့ပြောင်းလိုက်ရခြင်း ဖြစ်ပါတယ်။
ပြိုင်ပွဲ စည်းမျဉ်းအရ အသင်း ၁၆ သင်း ခြေစစ်ပွဲအောင်မှာဖြစ်ပြီး အုပ်စု ၄ ခု ခွဲကာ တစ်အုပ်စုလျှင် အသင်း ၄ သင်းစီနဲ့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အိမ်ရှင်အသင်းဟာ အလိုအလျောက်ခြေစစ်ပွဲ အောင်မှာဖြစ်ပေမယ့် ယခု ၂၀၁၄ AFC ယူ-၂၂ အတွက် အိမ်ရှင်မရှိသေးတာကြောင့် မြန်မာအသင်းဟာ ခြေစစ်ပွဲအောင်မြင်အပြီးမှာ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ လျှောက်ထားမယ်လို့ သိရပါတယ်။
ယခင်က အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ ကြိုတင်လျှောက် ထားတဲ့ ထိုင်း၊ အိုမန်နိုင်ငံတို့ ရှိသော်လည်း ထိုင်းအသင်းဟာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် မြန်မာအသင်းအတွက် အိမ်ရှင်ပြုလုပ်ခွင့်ဟာ ပိုပြီးအသက်ဝင်လာဖွယ်ရှိပါတယ်။
မြန်မာ ယူ -၂၂ အသင်းဟာ အုပ်စု (G) ခြေစစ်ပွဲတွေမှာ ဖိလစ်ပိုင် အသင်းကို ၅-၁ ဂိုး၊ ဗီယက်နမ် အသင်းကို ၃-၁ ဂိုး၊ တောင်ကိုရီးယား အသင်းကို ဂိုးမရှိ သရေ၊ ထိုင်ဝမ် (တရုတ်တိုင်ပေ) အသင်းကို ၆ -၂ ဂိုး၊ မလေးရှားအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ တောင်ကိုရီးယားအသင်းနဲ့ အမှတ်တူ၊ ဂိုးကွာခြားချက်နဲ့ အုပ်စု ဒုတိယနေရာကနေ ခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။
AFC ယူ-၂၂ ခြေစစ်ပွဲစဉ်တွေမှာ ကျော်ကိုကို၊ ကျော်ဇေယျာဝင်း၊ ရန်အောင်ဝင်း၊ ကြည်လင်း၊ ကောင်းစည်သူတို့ဟာ မြန်မာ့ဘောလုံးလောကအတွက် အလားအလာရှိတဲ့သူတွေအဖြစ် မြန်မာပရိသတ်တွေ အကြားမှာ ရေပန်းစားနေသလို ဂိုးသမား ကျော်ဇင်ဖြိုးဟာလည်း မလေးရှားနဲ့ပွဲမှာ အထူးလက်စွမ်းပြခဲ့တာကြောင့် ယခုအသင်းကို အခြေခံပြီး ၂၀၁၃ ဆီးဂိမ်းကို ဝင်ပြိုင်မယ့် မြန်မာအသင်းကို အရှေ့တောင်အာရှ ပြိုင်ဖက်အသင်းတွေက စောင့်ကြည့်နေကြရပြီ ဖြစ်ပါတယ်။
Source: AFC