အားကစား

ဘောလုံးပွဲတွေမှာ ဂိုးလိုင်း နည်းပညာ စသုံးတော့မယ်

This article has been converted from Zawgyi One to Unicode

နည်းပညာတွေ မြင့်မားလာချိန်မှာ သမားရိုးကျအတိုင်း ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို ရယူတာကနေတဆင့် အမှားအယွင်းတွေ ရှိနေခဲ့တာကြောင့် ၂၁ ရာစု ဘောလုံးလောကမှာ  ဘောလုံးဂိုးစည်း ကျော် မကျော်ကို ဆုံးဖြတ်ဖို့ နည်းပညာသုံးရေး၊ မသုံးရေးမှာ ဘောလုံးကျွမ်းကျင်သူ ဝေဖန်ရှင်တွေအကြား ညှိနှိုင်းမရတဲ့ ပုစ္ဆာဖြစ်နေခဲ့တာကြာပါပြီ။

အခုနောက်ဆုံးအချိန်မှာတော့ နိုင်ငံတကာ ဘောလုံးအစည်းအရုံး (IFAB) အဖွဲ့ဝင်များက ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့မှာ အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး နောက်ဆုံးပေါ် ဂိုးလိုင်းနည်းပညာကို ဘောလုံးပွဲတွေမှာ စတင်သုံးဖို့ အတည်ပြုချက် ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။  အခုချိန်မှ စတင်အတည်ပြုချက်ရတာကြောင့် အသေးစိတ် ညှိနှိုင်းစရာတချို့ရှိသေးပေမယ့် ယခု ၂၀၁၂-၂၀၁၃ ပရီးမီးယားလိဂ် ရာသီမှာတော့ စတင်အသုံးပြုနိုင်ဖို့ ရှိနေပါတယ်။

IFAB ကစတင် ဦးဆောင်ပြီး ဂိုးလိုင်းနည်းပညာကို အသက်သွင်းရန်ကြိုးပမ်းခဲ့ကာ ယခုနည်းပညာကို အနှေးနှင့်အမြန် သုံးရေးမှာ သက်ဆိုင်ရာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၊ စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ အီတလီဘောလုံးအဖွဲ့ချုပ် စတဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ်မှာသာ မူတည်ပြီး သုံးသွားမှာဖြစ်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကတော့ ပရီးမီးယားလိဂ်မှာ အမြန်ဆုံး စတင်အသုံးပြုဖို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။

ဖီဖာက အမြဲတမ်း ကန့်ကွက်ခဲ့တဲ့ ဂိုးလိုင်းနည်းပညာဟာ ၂၀၁၀ ခုနစ်က အင်္ဂလန်အသင်းမှ ဖရန့်လန်းပတ် အဝေးကနေ ကန်သွင်းချက်က ဂျာမနီအသင်း ဂိုးစည်းထဲသို့ ဝင်ပြီးမှ ပြန်ထွက်လာပြီး ဂိုးအဖြစ် မသတ်မှတ်ခဲ့တာကြောင့် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားအပြီးမှာ ဂိုးလိုင်းနည်းပညာ အသုံးပြုရေးဟာ ပိုမိုဆူညံခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးအချိန်မှာ ဖီဖာက ဂိုးလိုင်းနည်းပညာ စတင်အသုံးပြုရန် ခွင့်ပြုလိုက်ရတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ဖီဖာရဲ့ ၈ ယောက်မြောက် ဘောလုံးဥက္ကဋ္ဌ ဆပ် ဘလတ်တာက  “ဒီလိုအဖြစ်မျိုး နောင်လာမယ့် ကမ္ဘာ့ဖလားမှာ မဖြစ်ဖို့ လိုအပ်ပါတယ်။ ကျနော် ပြောချင်တာကတော့ ဒီနေ့မှာ နိုင်ငံတကာ ဘောလုံးလောကကို တခေတ်ဆန်းစေတဲ့ နေ့ပါပဲ“ လို့ ဂိုးလိုင်းနည်းပညာ သုံးရေးနဲ့ပတ်သတ်ပြီး ပြောကြားသွားခဲ့ပါတယ်။

အခုနည်းပညာနဲ့ ပတ်သတ်ပြီး ကုမ္မဏီ ၂ ခုက လုပ်ဆောင်ခွင့်ရရှိထားပြီး အဲဒီ ကုမ္မဏီတွေကတော့ GoalRef နဲ့ ဗြိတိန် အခြေစိုက် Hawk-Eye တို့ဖြစ်ကြပါတယ်။ အဆိုပါ ဂိုးလိုင်းနည်းပညာကို ရာသီဥတုအခြေအနေ၊ ကစားသမားတွေရဲ့ ပွဲအတွင်းလှုပ်ရှားမှု၊ လက်တွေ့ကျတဲ့ ဘောလုံးကန်သွင်းမှုတွေနဲ့စမ်းသပ်ပြီး ဘောလုံးဂိုးစည်း ကျော်၊ မကျော်ကို အခြေအနေ အရပ်ရပ်အတွင်းမှ မှန်ကန်စွာ ဆုံးဖြတ်နိုင်တာကို စမ်းသပ်ပြီးဖြစ်ကြောင်း ဖီဖာက ပြောကြားခဲ့ပါတယ်။

ဂိုးလိုင်းနည်းပညာကို လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ၂၀၁၂-၂၀၁၃ ရာသီအမီ အသုံးပြုချင်နေပေမယ့် ဖီဖာက ပြုလုပ်တဲ့ ဘောလုံးပွဲတွေမှာတော့ ၂၀၁၂ ဒီဇင်ဘာမှာ ပြုလုပ်မယ့် ကမ္ဘာ့ကလပ်ပြိုင်ပွဲမှာ စတင်အသုံးပြုဖို့ ကြိုးပမ်းနေပြီး အဲဒီပြိုင်ပွဲမှာ ဂိုးလိုင်းနည်းပညာ အသုံးပြုမှုအောင်မြင်ခဲ့လျှင် ၂၀၁၃ ကွန်ဖရက်ဒေးရှင်း ဖလားနဲ့ ဘရာဇီးမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားမှာ စတင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ကိုးကား ။     ။ BBC, Sky News

Loading