ဂျပန်ကစားသမား ရှင်ဂျိ ကာဂါဝါဟာ ပရီးမီးယားလိဂ် ထိပ်သီးအသင်း မန်ယူအသင်းသို့ ပေါင် ၁၇ သန်းနဲ့ပြောင်းရွေ့လာပြီး ဒီနှစ်မှာ မန်ယူအသင်းရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်လာခဲ့သလို မန်ယူအသင်းအတွက် ကစားပေမယ့် ပထမဆုံး ဂျပန်နိုင်ငံသား ဖြစ်လာခဲ့ပါတယ်။ ဂျာမန်လိဂ် ချန်ပီယံ ဘောရုရှား ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေတဲ့ ကာဂါဝါကို နည်းပြ ဖာဂူဆန်က ပြိုင်ဘက်အသင်းတွေကို ကျော်ပြီး လက်ဦးမှုရယူ ခေါ်ယူနိုင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ ကိုဘေးမြို့မှာ မွေးဖွားခဲ့တဲ့ ကာဂါဝါဟာ ၅ နှစ် သားထဲက မာရီနို ဘောလုံးသင်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး အဲဒီနောက်မှာ ကိုဘေး အက်ဖ်စီ၊ မီယာဂီ အက်ဖ်စီ့အသင်းတွေမှာ လူငယ်ကစားသမားအနေနဲ့ ဘောလုံးပညာ သင်ယူခဲ့ပါတယ်။ အသက် ၁၇ နှစ်မှာတော့ မြို့ခံနာမည်ကြီးအသင်း ဆဲရီဇို အိုဆာကာအသင်းနဲ့ ပထမဦးဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၀၇ မှာတော့ အသင်းကြီးမှာ စတင်ပွဲထွက်ခွင့်ရလာကာ တရာသီအတွင်း စုစုပေါင်း ၃၅ ပွဲကစားခွင့်ရခဲ့ပါတယ်။
ကာဂါဝါ ရဲ့ ခြေစွမ်းဟာ ပိုတိုးတက်လာပြီး ၂၀၀၉ ခုနစ်မှာ အကောင်းဆုံး အနေအထားရောက်ရှိလာပါတယ်။ ၄၄ ပွဲကစား၊ ၂၇ သွင်းကာ ဥရောပ ဘောလုံးကလပ်တွေရဲ့ သတိပြုမိခြင်းကို စတင်ရရှိလာခဲ့ပါတယ်။ ၂၀၁၀ သြဂုတ်လမှာတော့ ဂျာမနီကလပ် ဘောရုရှား ဒေါ့မွန်အသင်းက ပေါင် ၃ သိန်းခွဲနဲ့ ကာဂါဝါကို ခေါ်ယူခဲ့ပြီး ကမ္ဘာ့ဘောလုံးစင်မြင့်ကို စတင်ရောက်ရှိလာပါတယ်။
ကာဂါဝါဟာ အသက်ငယ်ရွယ်သေးပေမယ့် ၂၀၀၈ ခုနစ်မှာတင် ဂျပန်လက်ရွေးစင် အသင်းကြီးမှာ စတင်ပါဝင်ခွင့်ရခဲ့ပြီး ၂၀၀၈ ဘေဂျင်း အိုလံပစ်ပြိုင်ပွဲမှာလည်း ဂျပန်လူငယ်အသင်းအတွက် ပါဝင်ကစားခဲ့ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားမှာတော့ ဂျပန် အသင်းလက်ရွေးစင်မှာ ပါဝင်ခွင့်မရခဲ့ဘဲ ၂၀၁၁ အာရှဖလားမှစပြီး အဓိက ကစားသမားအဖြစ် ဝင်ကစားခွင့်ရခဲ့ကာ ယခုလက်ရှိ ကန်နေတဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာလည်း နည်းပြ အယ်ဘာတို ဇက်ချာရိုနီ ရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေပါတယ်။ ဂျပန် အပြာရောင် ဆာမူရိုင်းတွေအတွက် ကာဂါဝါရဲ့ ကာတာအသင်းနဲ့ကွာတားဖိုင်နယ်ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးဟာ ဂျပန်ပရိသတ်တွေအတွက် မမေ့နိုင်တဲ့နေ့တနေ့ ဖြစ်ခဲ့ပါတယ်။
ကာဂါဝါဟာ ဒေါ့မွန် အသင်းသို့ ရောက်ရှိတယ်ဆိုရင်ပဲ အဓိက ကစားသမားအဖြစ် စတင်ခြေစွမ်းပြကစားပြီး ဂျာမန်လိဂ် ဘွန်ဒက်စ်လီဂါ ရဲ့ ၂၀၁၀-၂၀၁၁ တနှစ်တာ အကောင်းဆုံး ကစားသမားတွေ စုစည်းထားတဲ့အသင်းမှာ ပါဝင်ခဲ့တယ်။ ရာသီအစ တဝက်ကန်ပြီးချိန်မှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တာကြောင့် ပွဲစဉ်တော်တော်များများ လွဲချော်ခဲ့ပေမယ့် ကာဂါဝါဟာ ပထမ ရာသီဝက် ပွဲစဉ်တွေမှာ အထူးခြေစွမ်းပြခဲ့ပြီး ဒေါ့မွန်အသင်း ဂျာမန် လိဂ်သရဖူ ရရှိအောင် ကူညီနိုင်ခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ရာသီစချိန်မှာတော့ ကာဂါဝါ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး အသင်းရဲ့ ပထမကစားသမား ၁၁ ယောက် စာရင်းမှာ ပြန်လည်ပါဝင်လာကာ ဂျာမန်လိဂ် ဖလားကို ဆက်လက်ထိန်းသိမ်းရေးမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြပြီး ပိုလန် ရှေ့တန်းတိုက်စစ်မှူး လီဝန်ဒေါင် စကီးနဲ့ကာဂါဝါတို့ရဲ့ တိုက်စစ်အတွဲဟာ ပြိုင်ဘက်အသင်းကြီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ လေဗာကူဆင်၊ ဟမ်းဘတ်တို့ကို နောက်ကောက်ချထားနိုင်ခဲ့ပြီး ဒေါ့မွန်အသင်းရဲ့ စံချိန်သစ်အဖြစ် ဂျာမန် ဘွန်ဒက်လီဂါ ဖလားကို ၂ နှစ်ဆက်တိုက် ယူနိုင်ခဲ့ပါတယ်။
ရာသီအကုန်မှာတော့ ကာဂါဝါဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ဆက်မတိုးဖြစ်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါင် ၁၇ သန်းဖြင့် စာချုပ်ချုပ်ဆိုလိုက်ကာ မန်ချက်စတာယူနိုက်တက်မှာ ကစားမယ့် ပထမဦးဆုံးသော ဂျပန် နိုင်ငံသား ဖြစ်လာပါတယ်။ နည်းပြ ဖာဂူဆန်ကတော့ “ကာဂါဝါ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းဖို့ဆုံးဖြတ်လိုက်တဲ့အတွက် အလွန်ကျေနပ်မိပါတယ်။ ကာဂါဝါဟာ မန်ယူအသင်းရဲ့ ကစားပုံနဲ့လိုက်ဖက်သလို အသင်းနဲ့အမြန်ဆုံး အသားကျ သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
မန်ယူအသင်းရဲ့ ကျောနံပါတ် ၂၆ ဝတ်ဆင်ကာ ကစားမယ့် ကာဂါဝါဟာ ကွင်းလယ်တိုက်စစ်မှာ ကစားပြီး တဖက်နောက်တန်းကို လျင်မြန်တဲ့ လိမ်ခေါက်မှုတွေနဲ့ သေသပ်တဲ့ ဘောလုံးပေးပို့မှု အရည်အချင်းတွေ ပိုင်ဆိုင်သလို ၂၀၁၁-၂၀၁၂ ရာသီမှာ ဒေါ့မွန် အသင်းအတွက် ၁၇ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၀ ကြိမ်တိုင် ရှိခဲ့တာက ဂျာမန်လိဂ်ရဲ့ တဖက်နောက်တန်းကို အခြိမ်းခြောက်နိုင်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။
မန်ယူအသင်းမှာ ရွန်းနီ၊ ဝယ်ဘက်၊ ချီချာရီတိုတို့နဲ့တွဲပြီး ကစားမယ့် ကာဂါဝါဟာ လိုအပ်လျှင် တောင်ပံတွေပါ ထွက်ပြီး ကစားနိုင်တာကြောင့် မန်ယူအသင်းအတွက် အထူး အသုံးဝင်မယ့် ကစားသမားဖြစ်လာမှာပါ။ ကာဂါဝါရဲ့ အားနည်းချက်တွေကတော့ နောက်တန်းသို့ ဆင်း၍ ခံစစ်ပိုင်းကို ကူရာမှာ အားနည်းသလို ကြံ့ခိုင်မှုပိုင်းမှာ တဖက်အသင်းတွေနဲ့ ယှဉ်ပြီး ခေါင်းမတိုက်နိုင်တာကတော့ ချွင်းချက် ဖြစ်နေပါတယ်။ ဒါပေမယ့် ဖာဂူဆန်ရဲ့ ဝှက်ဖဲတချပ် ဖြစ်လာမယ့် ကာဂါဝါဟာ တဖက်အသင်းတွေကို ခြိမ်းခြောက်နိုင်တဲ့ ကစားသမားဖြစ်ပါတယ်။
အပြာရောင် ဂျပန်ဆာမူရိုင်းအသင်းရဲ့ ရွှေရောင် မျိုးဆက်သစ်လို့ နာမည်ကြီးတဲ့ ကာဂါဝါဟာ သူရဲ့ လျင်မြန်တဲ့ အလိမ်အခေါက်၊ လှုပ်ရှားပုံတွေနဲ့ ပရီးမီယားလိဂ် စင်မြင့်ကနေတဆင့် ကမ္ဘာ့ဘောလုံးပရိသတ်ကို လာမယ့်ရာသီမှာ အသုံးတော်ခံတော့မှာ ဖြစ်ပါတယ်။ အထူးသဖြင့် မန်ယူပရိသတ်တွေက အထူးအားထား မျှော်လင့်နေတဲ့ ကာဂါဝါဟာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားပြီ ဖြစ်သလို လာမယ့်ရာသီမှာ ကာဂါဝါဟာ ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့်တပွင့် ဖြစ်လာမလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
ကိုယ်ရေးအကျဉ်း
အမည် – ရှင်ဂျိ ကာဂါဝါ
မွေးနေ့ – ၁၇ ရက်၊ မတ်လ၊ ၁၉၈၉
မွေးရပ် – ကိုဘေးမြို့၊ ဂျပန်
အရပ် – ၅ ပေ၊ ၈ လက်မ
ကစားသည့်နေရာ – ကွင်းလယ်တိုက်စစ်၊ တောင်ပံ
ကျောနံပါတ် – ဂျပန် (နံပတ် ၁၀)၊ မန်ယူအသင်း (နံပတ် ၂၆)
ကိုးကား –
soccernet.espn.go.com,
thesundaily.my