၂၀၁၁ ဇန်နဝါရီ အပြောင်း အရွှေ့မှာ အင်္ဂလိပ် ဘောလုံး သမားတွေထဲက ဈေးအကြီးဆုံး ကစားသမားအဖြစ် ပေါင် ၃၅ သန်းနဲ့ နယူးကာဆယ် အသင်းကနေ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ခဲ့တဲ့ အန်ဒီကာရိုးရဲ့ အပြောင်းအရွှေ့ ကောလာဟလဟာ ပိုပြီး ဆူညံလာနေပါတယ်။
လွန်ခဲ့သော ၂ နှစ်က ကန်နီဒဲဂလစ်ရှ်ဟာ ချယ်ဆီးအသင်းသို့ ပေါင် သန်း ၅၀ နဲ့ ရောင်းထုတ်လိုက်တဲ့ တောရက်စ်အစား အန်ဒီကာရိုးကို ရအောင် ပြန်လည်ခေါ်ယူခဲ့ပေမယ့် ဒဏ်ရာကြောင့် အနားယူနေရသူ တဦးကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့တာကြောင့် ဝေဖန်ခဲ့ရပါတယ်။ ကန်နီဒဲဂလစ်ရှ် ကိုင်တွယ်တဲ့ ၁ နှစ် ခွဲအတွင်း ခြေစွမ်းမပြနိုင်ဘဲ ၅၆ ပွဲကစားပြီး ၁၁ ဂိုး သာ သွင်းယူနိုင်ခဲ့တာကြောင့် အသင်းရဲ့ ရပ်တည်မှုဇယားဟာလည်း ကျဆင်းခဲ့သလို ပွဲစဉ်တိုင်းမှာ အန်ဒီကာရိုးကို သုံးဖို့ကြိုးစားခဲ့တဲ့ နည်းပြ ကန်နီဒဲဂလစ်ရှ်ဟာလည်း အမေရိကန် ပိုင်ရှင်တွေရဲ့ ထုတ်ပယ်ခြင်းကိုခံခဲ့ရပါတယ်။
ယခုရာသီအစမှာတော့ အမေရိကန် ပိုင်ရှင်တွေရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံရတဲ့ ဘရန်ဒန်ရော့ဂျားစ်ဟာ လစ်ဗာပူးလ် အသင်းကို အခြေခံကနေ စတင်ပြောင်းလဲနေပါတယ်။ ကစားပုံ ကို ၄-၃-၃ ပုံစံသို့ ပြောင်းလဲဖို့ အီတလီ တိုက်စစ်မှူး ဘိုရီနီကို ၁၂ သန်းနဲ့ ခေါ်ယူပြီးနောက် ကာရိုးရဲ့ အပြောင်းအရွှေ့သတင်းဟာ ပိုပြီး လှုပ်ရှားလာတာ ဖြစ်ပါတယ်။
အီတလီကလပ် အသင်း အေစီမီလန်ကလည်း အန်ဒီကာရိုးကို အငှားနဲ့ ခေါ်ယူချင်တယ်လို့ ပြောကြားထားသလို ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်းအသင်းကလည်း ကာရိုးကို ခေါ်ယူချင်တယ်လို့ အတည်ပြုထားပါတယ်။ တခြား ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ဖူလ်ဟမ်နဲ့အက်စတွန်ဗီလာကလည်း အငှားနဲ့ခေါ်ယူချင်တယ်လို့အသံထွက်လာတာကြောင့် နောက်ဆုံးမှာ ကာရိုးရဲ့ အသင်းဟောင်း နယူးကာဆယ်အသင်းက ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက လစ်ဗာပူးလ်အသင်းသို့ တရားဝင် ကမ်းလှမ်းခဲ့ပြီး ကာရိုးရဲ့ လစာ ပေါင် ၈ သောင်းကို တဝက်ခန့် ပေးချေကာ တနှစ် အငှားစာချုပ် ချုပ်ဆိုရန် ကြိုးပမ်းခဲ့ပြီး အငှားစာချုပ်ကုန်ဆုံးပါက ပေါင် ၁၃ သန်းနဲ့ ခေါ်ယူခွင့်ရရန် သဘောတူညီဖို့ ထည့်သွင်းခဲ့တာကြောင့် လစ်ဗာပူးလ်အသင်းက ချက်ချင်း ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့် နယူးကာဆယ်အသင်းက ဒုတိယအကြိမ်အဖြစ် အငှားကာလအတွင်း လစာအပြည့်ကို နယူးကာဆယ် အသင်းမှသာ ပေးချေသွားမယ်ဟု ထပ်မံကမ်းလှမ်းခဲ့ပေမယ့် လစ်ဗာပူးလ်အသင်းက ကာရိုးအတွက် ပေါင် သန်း ၂၀ ခန့် ပြန်လည်ရရှိဖို့ ဆန္ဒ ရှိနေပါတယ်။ အခုအချိန်မှာတော့ ကာရိုးဟာ လစ်ဗာပူးလ်အသင်းရဲ့ အမေရိက ခရီးစဉ် လူစာရင်းမှာ ပါဝင်လာပြီး ရာသီကြို ခြေစမ်းပွဲအတွက် အမေရိကသို့သာ လိုက်သွားမယ်လို့ သိရပါတယ်။
နည်းပြသစ် ဘရန်ဒန် ရော့ဂျားစ်ရဲ့ ကစားကွက်မှာ အံဝင်ဖို့ မလွယ်တဲ့ အန်ဒီကာရိုးရဲ့ အန်ဖီးမှာ ဆက်ရှိရေး၊ မရှိရေးဟာ လာမယ့် ရက်ပိုင်းအတွင်း အဖြေထွက်ဖွယ်ရှိနေပါတယ်။
ကိုးကား – BBC