၂၀၁၂ အိုလံပစ် အမျိုးသမီး ဘောလုံးပွဲစဉ်များကို ယမန်နေ့က စတင် ယှဉ်ပြိုင်ကစားဖို့ မြောက်ကိုရီးယား အသင်းရဲ့ အမျိုးသမီး ကစားသမား လူစာရင်းတွေကို ပွဲစခင် ကြေညာတာမှာ ကစားသမားရဲ့ဘေးမှ နိုင်ငံအလံက တောင်ကိုရီးယား နိုင်ငံ အလံ ဖြစ်နေခဲ့ ပါတယ်။ မြောက်ကိုရီးယား ဘောလုံး အသင်းက တာဝန်ရှိသူတွေဟာ အလွန်စိတ်ဆိုးစွာနဲ့ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး အဝတ်လဲ ခန်းထဲသို့ ပြန်ဝင်သွား တာကြောင့် ၂၀၁၂ လန်ဒန် အိုလံပစ် အဖွင့်နေ့မှာ အိုလံပစ်ပွဲ မြောက်ရေး စီစဉ်သူတွေကို အရှက်ရစေခဲ့နေ့ ဖြစ်ခဲ့ပါတယ်။
အဆိုပါ ဖြစ်ရပ် ဖြစ်ပွားချိန်မှာ မြောက်ကိုရီးယား အသင်းဟာ ဟမ်ဒမ်ပက်ခ်ရှိ ဂလက်စကို ကွင်းအတွင်း ပွဲကြိုသွေးပူ လေ့ကျင့်ခန်း ဆင်းနေခဲ့တာပါ။ ကွင်းအတွင်းက တီဗီ ဖန်သားပြင်မှာ မြောက်ကိုရီးယား ကစားသမားတွေကို လူစာရင်း ကြေညာရာမှာ တောင်ကိုရီးယား အလံနဲ့ မှားယွင်းပြီး ပူးတွဲကြေညာ ခဲ့တာကြောင့် မြောက်ကိုရီးယား အသင်း အတွက် ဒေါသူပုန် ထစရာ ဖြစ်ခဲ့ပါတယ်။
ပွဲကစားချိန်ဟာ ဗြိတိန် စံတော်ချိန် ည ရး၄၅ မှာ ကန်ရမှာ ဖြစ်ပေမယ့် ကွင်းအတွင်းမှ ထွက်ခွာသွားတဲ့ မြောက်ကိုရီးယား အဖွဲ့ဝင်တွေဟာ အိုလံပစ် တာဝန်ရှိ သူတွေနဲ့အကြေ အလည် ဆွေးနွေခဲ့ပြီး ည ၈း၃၀ မှ ကွင်း အတွင်းသို့ ပြန်လည် ဝင်လာခဲ့ပါတယ်။ ကိစ္စအားလုံး ညှိနှိုင်း အပြီးမှာတော့ ည ၈း၅၀ မှ ဘောလုံးပွဲကို စတင်နိုင်ခဲ့ ပါတယ်။
အဆိုပါ ဖြစ်ရပ်ဟာ ပွဲစီစဉ်သူတွေ အတွက် အလွန် စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး ယခုလက်ရှိ အချိန်အထိ အမျိုးသားနဲ့ အမျိုးသမီး ဘောလုံး ပွဲစဉ်တွွေမှာ လက်မှတ်ရောင်းအား နည်းနေတာကြောင့် တပူပေါ် နှစ်ပူဆင့် ဖြစ်ခဲ့ရပါတယ်။
၂၀၁၂ လန်ဒန်အိုလံပစ် အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တဦးကတော့ ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး “ဒီနေ့ဟမ်ဒမ်ပက်ခ်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီး ဘောလုံးပွဲစဉ်မှာ မြောက်ကိုရီးယား အသင်းအတွက် ကစားသမားများ ကြေညာနေခိုက် တောင်ကိုရီးယား အလံနဲ့မှားယွင်းဖော်ပြမိခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့အမှားပါ။ ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး မြောက်ကိုရီးယား ဘောလုံးအသင်းနဲ့ အားကစားအဖွဲ့ချုပ်တို့ကို တောင်းပန်ထားပြီး ဖြစ်ပါတယ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ကိုရီးယား နှစ်နိုင်ငံရဲ့ တင်းမာမှုဟာ ၁၉၅၀-၅၃ အရေးခင်းကတည်းက စတင်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားအဖြစ် ကွဲပြဲခဲ့ကြပြီး အခုအချိန်အထိ စစ်ရေးတင်းမာမှုတွေ ရှိတုန်း ဖြစ်ပါတယ်။
“မြောက်ကိုရီးယား ဘောလုံးအသင်းနည်းပြ ဆင်အီဂွမ်က ကျနော်တို့အသင်းဟာ ဒီပြဿနာကို ကောင်းမွန်တဲ့ ဖြေရှင်းချက် မပေးနိုင်ခဲ့ရင် ဒီအိုလံပစ်ပွဲမှာ ဆက်လက်မကစားဖို့တောင် စဉ်းစားခဲ့တာပါ။ ၂၀၁၂ လန်ဒန် အိုလံပစ် စီစဉ်ရေးအဖွဲ့က ဒီအမှားကို ပြန်ပြင်ပြီး ထုတ်လွှင့်ပေး ခဲ့တာကြောင့်သာ ကျနော်တို့ ပြန်လည်ကစားဖို့ဆုံးဖြတ်ခဲ့တာပါ။ ကျနော်တို့ကစားသမားတွေဟာ တခြားနိုင်ငံအလံနဲ့ပူးတွဲဖော်ပြခြင်း ခံရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ အထူးသဖြင့် တောင်ကိုရီးယား အလံနဲ့ဖော်ပြခြင်းခံရတာကတော့ လုံးဝလက်မခံနိုင်စရာပါ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
အဲဒီပြဿနာအပြီး မူလအစီအစဉ်အတိုင်း မြောက်ကိုရီးယား အမျိုးသမီး ဘောလုံးအသင်းနဲ့ကိုလံဘီယာ အမျိုးသမီးဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြောက်ကိုရီးယားက ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ကိုးကား – Gurdian, BBC