အားကစား

အိုလံပစ် ပထမနေ့အမျိုးသားဘောလုံး အုပ်စုပွဲစဉ်များ

This article has been converted from Zawgyi One to Unicode

စပိန် ၀ – ၁ ဂျပန်

လက်ရှိ ယူရို ၂၀၁၂ ပူပူနွေးနွေး ချန်ပီယံ လက်ရွေးစင်အသင်းမှ မာတာ ၊ မာတီနက်စ် ၊ ဂျောဒီအယ်ဘာ ၊ မန်ယူအသင်း ဂိုးသမား ဒီ ဂီယာ နဲ့ ဘာစီလိုနာ အသင်းမှ လူငယ်အများစုပါဝင်နေတဲ့ စပိန်အသင်းဟာ ယခု အိုလံပစ် မှာလည်း ဖလား ရယူဖို့ရေပန်းစားနေတဲ့ အသင်းဖြစ်ပါတယ်။ ဂျပန်အသင်းကတော့ ပြည်တွင်းမှ လူငယ်အများစု နဲ့သာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အာရှ ရဲ့ ဘောလုံးစွမ်းရည်ကောင်းမွန်မှု ကို ဂျပန် အသင်းက ပြသနိုင်ခဲ့ပါတယ်။ ဂျပန် အသင်းဟာ ပထမ ပိုင်း ၃၄ မိနစ်မှာတင် ယူကီ အော့စု ရဲ့ ဂိုးနဲ့ဦးဆောင်ဂိုးရရှိခဲ့ပြီး ၄၁ မိနစ်တော့ စပိန် အသင်းမှ အီနီဂို မာတီနက် က တိုက်ရိုက်အနီကတ် ဖြင့် အထုတ်ခံခဲ့ရပါတယ်။  ဒုတိယ ပိုင်းမှာ ဂျပန် အသင်းက ပိုမိုဖိကစားလာခဲ့ပြီး ဂိုးသွင်းဖို့အခွင့်အရေးတော်တော်များများရခဲ့ပေမယ့် ဂျပန် ရှေ့တန်း ကစားသမားတွေ ဂိုးသွင်းမသေချာမှု နှင့် မန်ယူ ဂိုးသမား ဒီ ဂီယာ လက်စွမ်းပြကာကွယ်ခဲ့တာကြောင့် စပိန် အသင်း ဂိုးပြတ်ရှုံးနိမ့်ခြင်းမှ လွတ်မြောက်ခဲ့ရတာဖြစ်ပါတယ်။

ဘရာဇီး ၃ – ၂ အီဂျစ်

နောက်ထပ် ချန်ပီယံ ဆုရယူဖို့ရန် လူအင်အားကောင်းကောင်း နဲ့ယှဉ်ပြိုင်လာတဲ့ ဘရာဇီး အသင်းဟာ အီဂျစ် အသင်းကို ၃ ဂိုးပြတ် နဲ့ဦးဆောင်နေပြီးကာမှ အီဂျစ် အသင်းရဲ့ နောက်ကျ ချေပဂိုးတွေနဲ့ ပွဲပြီးခါနီးမှာ ၃ မှတ်ရရှိရေး ရုန်းကန်ခဲ့ရပါတယ်။ ရာဖယ် ၊ လီယန်ဒရို ၊ နေမာ တို့ရဲ့ ဦးဆောင်ဂိုးတွေနဲ့ ခြေစွမ်းပြခဲ့တဲ့ ဘရာဇီး အသင်းဟာ အိုလံပစ် မှာ မရရှိဖူးတဲ့ ဘောလုံးအသင်းအတွက် ရွေတံဆိပ် ဆုကိုရယူဖို့စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီးမှာ အီဂျစ် အသင်းရဲ့ အဘိုးတရီကာ နဲ့ ဆာလာ ရဲ့ ဂိုးတွေကို တဆက်တည်းပေးလိုက်ရတဲ့ ဘရာဇီး အသင်းရဲ့ နောက်တန်းကတော့ အားနည်းချက်တွေရှိနေပါတယ်။

ဂရိတ်ဗြိတိန် ၁ – ၁ ဆီနီဂေါ

အင်္ဂလန် နဲ့ ဝေလ ကစားသမားတွေစုစည်းထားတဲ့ ဂရိတ်ဗြိတိန် အသင်းကို မန်ယူ ဝါရင့်ကွင်းလယ်လူ ရိုင်ယန် ဂစ် က အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ပရီးမီးယားလိဂ် နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဘယ်လာမီ ၊ ရစ်ချက် ၊  ကလေဗာလေ ၊ စတာရစ် ၊ ဂျိုးအဲလန် တို့ပါဝင်လာကြပါတယ်။ ဆီနီဂေါ အသင်းကတော့ ပြင်သစ် မှာ လိဂ်မှာကစားနေတဲ့ ကစားသမားအများစု နဲ့ပွဲထွက်လာပြီး ပွဲဟာ အနည်းငယ်ကြမ်းတမ်းခဲ့ပါတယ်။ ဘယ်လာမီ ရဲ့ အဖွင့်ဂိုး နဲ့ဦးဆောင်နေခဲ့တဲ့ ဂရိတ်ဗြိတိန် အသင်း ဟာ ဆီနီဂေါ အသင်းရဲ့ ဖျက်ထုတ်မှုကြမ်းတမ်းခဲ့တာကြောင့် ဂျိုးအဲလန် နဲ့ဘယ်လာမီ တို့ဟာ ဒဏ်ရာရရှိခဲ့ပြီး ဆီနီဂေါ အသင်းကလည်း ပွဲပြီးခါနီးမှာ ချေပဂိုး ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ရိုင်ယန် ဂစ် က ဒိုင်လူကြီး ဆုံးဖြတ်ချက်တွေနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေလုပ်ခဲ့သလို အသင်းမှ ကစားသမားတွေ ဒဏ်ရာရရှိခဲ့တာကြောင့် စိတ်ပျက်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဥရုဂွေး ၂ – ၁ ယူအေအီး

တောင်အမေရိက လူငယ်ပွဲစဉ်တွေမှာ အာဂျင်တီးနား ကိုကျော်ဖြတ်ပြီး အိုလံပစ် ခြေစစ်ပွဲကို ၈၄ နှစ်ကြာမှ ပြန်လည်အောင်မြင်လာတဲ့ ဥရုဂွေးဟာ သမိုင်းကြောင်းအရ အိုလံပစ် ရွှေတံဆိပ်ဆုကို ၁၉၂၄ နဲ့ ၁၉၂၈ ခုနစ်တွေမှာ  ၂ ကြိမ်ဆက်တိုက်ရထားဖူးပါတယ်။ ဥရုဂွေး အသင်း က ဆွာရက်စ် ၊ ကာဗာနီ ၊ ရာမီရက်စ် ၊ ကိုအာတက်စ် အစရှိတဲ့ ဥရောပ အခြေစိုက် နာမည်ကြီးသမားတွေပါဝင်လာပြီး ယူအေအီး အသင်းကတော့ ပြည်တွင်းအခြေစိုက် လူငယ်တွေနဲ့ပွဲထွက်လာခဲ့ပါတယ်။ ပွဲစချိန်မှာ ယူအေအီး အသင်းရဲ့ ခြေစွမ်းဟာ အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်ခဲ့ပြီး ဥရုဂွေး အလယ်တန်းကို ချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ယူအေအီး ရှေ့တန်း အစ်စမယ် မာတာ က က ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ဥရုဂွေး အသင်းမှာ ရာမီရက်စ် က ချေပဂိုး ကို ဖရီးကစ် မှာသွင်းယူပေးခဲ့သလို လူစားဝင်လာတဲ့ လော်ရီဒို ကလည်း ဆွာရက်စ် နဲ့အပေးအယူ လုပ်ကာ အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

အိုလံပစ် အမျိုးသား ဘောလုံး ပွဲစဉ်ရလဒ်များ

အုပ်စု (A)
ဥရုဂွေး ၂ – ၁ ယူအေအီး
ဂရိတ်ဗြိတိန် ၁ – ၁ ဆီနီဂေါ

အုပ်စု (B)
မက်ဆီကို ၀ – ၀ တောင်ကိုရီးယား
ဂါဘွန် ၁ – ၁ ဆွစ်ဇာလန်

အုပ်စု (C)

ဘဲလာရုစ့် ၁ – ၀ နယူးဇီလန်
ဘရာဇီး ၃- ၂ အီဂျစ်

အုပ်စု (D)
ဟွန်းဒူးရပ်စ် ၂ -၂ မော့်ရိုကို
စပိန် ၀ – ၁ ဂျပန်

ကိုးကား – BBC

Loading