အရှေ့တောင်အာရှ ပြိုင်ပွဲများနှင့် ၁၆ နှစ်ကြာ ကင်းဝေးနေသည့် မြန်မာဘတ်စ်ကက်ဘော အားကစား တိုးတက်ရေး အကူ အညီ ပေးရန် အမေရိကန် ဘတ်စ်ကက်ဘော အဖွဲ့(NBA)မှ အားကစားသံတမန် အဖွဲ့ မြန်မာနိုင်ငံသို့ ယမန်နေ့က ရောက်ရှိနေသည်။
အဆိုပါ သံတမန်အဖွဲ့တွင် မြောက်ကာရိုလိုင်းနားအခြေစိုက် ရှားလော့ထ် ဘော့ပ် ကက်စ် (Charlotte Bobcats) အသင်း၏ မန်နေဂျာ မြန်မာနိုင်ငံဖွား ရစ်ချတ်ချို အပါအဝင် စုစုပေါင်း ၄ ဦးပါဝင်ပြီး ယမန်နေ့က ရန်ကုန်မြို့ တော်ဝင် စင်တာတွင် ဘတ်စ် ကက် ဘော ဝါသနာရှင်များအား သရုပ်ပြ ကစားမှုများ ပြုလုပ်ခဲ့သည်။
ယနေ့ နံနက်ပိုင်းကလည်း ယင်းအားကစား သံတမန်အဖွဲ့သည် ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ မိုးလုံလေလုံ အားကစားရုံ၌ မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်နှင့် မြန်မာ့ရိုးရာ ခြင်း အလှခတ် ကစားသည်။
လတ်တလောတွင် မြန်မာဘတ်စ်ကက်ဘော နည်းစနစ်ပိုင်းဆိုင်ရာနှင့် ကစားသမားတဦးချင်း တိုးတက်ရေးအတွက် သင်ကြားပြသ မည်ဖြစ်ပြီး လာမည့် သြဂုတ်လ ၂၉ ရက်နေ့တွင် ဘတ်စကက်ဘောအားကစားတိုးတက်ရေးအတွက် အကူအညီပေးရေးများကို ဆွေးနွေးမည်ဟု သိရသည်။
မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ဒေါ်ဥမ္မာက“အခုခရီးစဉ်က နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုအတွက် အစပါ ၊ မြန်မာ့ဘတ်စကက်ဘော တိုးတက်ရေးအတွက် သူတို့ အကူအညီပေးမယ်လို့ ကျမတို့ဘက်ကတော့ မျှော်လင်တယ်”ဟု ဆိုသည်။
ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် လာမည့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာဘတ်စ်ကက်ဘောအသင်းအတွက် အထောက်အကူရရှိစေမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
သြဂုတ်လ ၂၆ ရက်မှ ၃၁ ရက်အထိ မြန်မာနိုင်ငံတွင် နေထိုင်မည်ဖြစ်သော အားကစား သံတမန် အဖွဲ့သည် မနက်ဖြန်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စခန်းသွင်းထားသည့် မြန်မာဘတ်စ်ကက်ဘော ကစားသမားများအား လည်းကောင်း၊ သြ ဂုတ်လ ၂၉ ရက်နေ့တွင် ဝါသနာရှင်ကျောင်းသူ ကျောင်းသားများနှင့် ရန်ကုန်မြို့ရှိ ဘတ်စ ကက်ဘော အားကစားနည်းပြ ၁၂ ဦး အား လည်းကောင်း လေ့ကျင့် သင်ကြားပေးမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူ ရှားလော့ထ်နည်းပြ ရစ်ချတ်ချိုကလည်း ဘတ်စကက်ဘောကစားနည်းအပေါ်တွင် မြန်မာလူငယ်များ အနေဖြင့် စိတ်ဝင်တစားရှိခြင်းအပေါ် ဝမ်းမြောက်သည်ဟု မှတ်ချက်ပေး ပြောဆိုသည်ဟု ဒေါ်ဥမ္မာက ဆိုသည်။
ရန်ကုန်တိုင်း လက်ရွေးစင် ဘတ်စကက်ဘောကစားသမားတဦးဖြစ်သူ ကိုကျော်စိုးဟန်ကလည်း“အရင်က ဘတ်စကက်ဘော က စားတဲ့သူနည်းတယ်၊ အခုလို NBAက လာသရုပ်ပြကစားတော့ လူငယ်တွေကြားမှာ ပေါ်ပြူလာပြန်ဖြစ်လာမည်လို့ ထင်တယ်”ဟု ပြော ဆိုသည်။
ဤကစားနည်းသည် ခွန်အားအသုံးပြုပြီး ကစားရသည့်အတွက် လူကောင်သေးသည့် မြန်မာကစားသမားများအနေဖြင့် ဘောလုံး ပုတ်ခြင်းနှင့် ဂိုးသွင်း ခြင်းတို့တွင် ပြိုင်ဘက် ကစားသမားများထက် ပိုမိုမြန်ဆန်စေရေး လေ့ကျင်ရန်လိုကြောင်း ၎င်းက ဆက်ပြော သည်။
ဘတ်စကက်ဘော ကစားခြင်းကို ယခင်က အစိုးရကျောင်းများတွင် အားပေးခဲ့သော်လည်း နောက်ပိုင်းတွင်မရှိသလောက်နည်းပါးခဲ့ ပြီး ယခုအခါ ILBC ကဲ့သို့သော ပုဂ္ဂလိက ကျောင်းများကသာ အသင်းများထူထောင်ပြီး ကစားသည်ကို တွေ့ရသည်။
မြန်မာ ဘတ်စကက်ဘောအသင်းသည် ၁၉၉၅ ခုနှစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် နောက်ဆုံးယှဉ်ပြိုင် ခဲ့ပြီးနောက် နိုင်ငံတကာပြိုင်ပွဲများနှင့် အလှမ်းဝေးနေခဲ့သည်။
လာမည့် ၂၀၁၃ ခုနှစ်တွင် ပြုလုပ်မည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ၁၆နှစ်ခန့် နိုင်ငံတကာပြိုင်ပွဲများနှင့် အဆက်ပြတ်ခဲ့သည့်အတွက် အမြင့်ဆုံး ဆုများ မျှော်မှန်းနိုင်ခြင်း မရှိသေးကြောင်း၊ အဆင့်မြင့်မြင့် ပါဝင် ကစားနိုင်ရေးကိုသာ ဦးစားပေးနိုင်သေးကြောင်း အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်ဥမ္မာ က ပြောသည်။
“မနှစ်ကမှ ပြန်ကစားခွင့်ရတာဆိုတော့ ပြင်ဆင်ရမည့် အပိုင်းတွေအများကြီး ရှိပါသေးတယ်၊ အသင်းလိုက်ကစားနည်း မပျောက် ပျက်ရေးနဲ့ အားကစားနည်း တိုးတက်ရေးကိုပဲ ဦးစားပေးနေရပါတယ်”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ဘတ်စကက်ဘော ကစားနည်းကို တရုတ်လူမျိုးများက အများဆုံးကစားကြပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့မှ ကစားသမားများကို အဓိကထားပြီး လက်ရွေးစင်အသင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်အား မလေးရှား ဘတ်စကက်ဘောအဖွဲ့ချုပ် နှင့် အမေရိကန်အခြေစိုက် Vision Sport အားကစားအဖွဲ့တို့က အများဆုံး ကူညီလျက်ကြောင်း ဒေါ်ဥမ္မာကဆက်ပြောသည်။
မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်ကို ၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ ကစားသမားဟောင်းတဦး ဖြစ်သည့် ရွှေသံ လွင် ကုမ္ပဏီမှ ဦးကျော်ဝင်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်သည်။
လက်ရှိတွင် ဘတ်စကက်ဘော လက်ရွေးစင်အသင်းအတွက် အမျိုးသား အသင်း ၂၀ ၊ အမျိုးသမီး အသင်း ၂၀ စုစုပေါင်း လူ ၄၀ ကို အမေရိကန် နည်းပြ စကော့ဂျူ့က တာဝန်ယူ လေ့ကျင့်ပေးနေသည်။
၁၉၆၉ ခုနှစ် ရန်ကုန်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့သည့် ၅ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာ အမျိုးသား အသင်းက ဒုတိယ၊ အမျိုးသမီး အသင်းက တတိယ ဆုအဖြစ် အမြင့်ဆုံးရရှိခဲ့ဖူးသည်။