မက်ဒရက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လူကာ မိုဒရစ်က သူရဲ့အပြောင်းအရွှေ့ကို ကြေညာရင်း “ကျနော် အားလုံးအတွက် အဆင်အသင့်ဖြစ်နေပါပြီ။ ကျနော်အသင်းအတွက် အလုပ်ကို ကြိုးစားသွားမှာပါ၊ နောက်ပြီး ကျနော့်အရည်းအချင်းနဲ့ အသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်မယ်လို့ အပြည့်အ၀ ယုံကြည်ထားပါတယ်” လို့ သတင်းသမားတွေကို ပြောဆိုသွားပါတယ်။
“ကျနော်အခု ဒီကိုရောက်ရတာကို အရမ်းဂုဏ်ယူပါတယ်။ ၂၀၁၂ ဥရောပ ဖလားပွဲကတည်းက ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီးသားပါ။ နှစ်ပွဲလောက် ကစားပြီးသွားရင် ကျနော် အမြင့်ဆုံးအဆင့်ကို ပြန်ရောက်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ မိုဒရစ်က ဆိုပါတယ်။
“ကျနော် ဒီမှာကစားဖို့တွက် အဆင်ပြေလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ လိုအပ်တာတွေ အားလုံးလည်း ရရှိပါတယ်။ ရီးယဲမက်ဒရက်အတွက် ကစားပေးရတာ ဂုဏ်ယူစရာပါ၊ ဒီအသင်းဟာ ကမ္ဘာ့ အကြီးအကျယ်ဆုံးနဲ့ အကောင်းဆုံးအသင်းပါ” လို့လည်း မိုဒရစ်က ဆက်ပြောပါတယ်။
ရီးယဲအသင်းဟာ ခရိုအေးရှား ကွင်းလယ်ဖန်းတီရှင် မိုဒရစ်ကို ဆေးစစ်ဆေးမှု အောင်မြင်ပြီးနောက် အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အသင်းပိုင်ဝက်ဘ်ဆိုဒ်မှာ အတည်ပြု ကြေညာခဲ့ပါတယ်။
“ရီးယဲမက်ဒရက် အသင်းနဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ဟာ လူကာ မိုဒရစ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သဘောတူညီချက်ရရှိခဲ့ပါပြီ။ သူဟာ ဒီအသင်းမှာ နောက် ၅ နှစ်အထိ ရှိနေမှာပါ” ဆိုပြီး ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အပြောင်းအရွှေ့ဟာ အားလုံးစုစုပေါင်း ပေါင် ၃၅ သန်းခန့်ရှိပြီး မိုဒရစ်ဟာ ဒီရာသီမှာ ရီးယဲရဲ့ ပထမဆုံး လက်မှတ်ထိုး ခေါ်ယူမှုဖြစ်ပါတယ်။
ဒီ ၂၆ နှစ်အရွယ်ကစားသမား မိုဒရစ် စပိန်မြို့တော်ကို ရောက်ရှိလာတာဟာ ရီးယဲရဲ့ ရာသီအစ ရလဒ်မကောင်းမှုတွေကို ကောင်းအောင် ကူညီပေးနိုင်လိမ့်မယ်။ ရီးယဲဟာ ရာသီအဖွင့် ပြီးခဲ့တဲ့အပတ် ကြာသပတေးညက စပိန်စူပါဖလားပြိုင်ပွဲ ပထမကျော့မှာ ဘာစီလိုနာအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနှိမ့်ထားတာပါ။
နောက်ပြီး တနင်္ဂနွေနေ့မှာလည်း လာလီဂါ အမှတ်ပေးပြိုင်ပွဲမှာ ဂီတာဖေးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ထပ်မံရှုံးနိမ့်ထားပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့ ရီးယဲအသင်းရဲ့အိမ်ကွင်း ဘာနေဗျူးမှာ ဘာစီလိုနာနဲ့ ပြန်ကစားမယ့် စူပါဖလားပွဲ ဒုတိယ အကျော့မှာတော့ လူကာ မိုဒရစ်ဟာ ပထမဆုံး ပွဲထွက်ကစားနိုင်တဲ့အတွက် ဒီရာသီမှာ ရီးရဲအသင်း ပြန်လည်ဦးမော့လာဖို့ အခွင့်အရေးရှိနေပါတယ်။
စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းကတော့ မိုဒရစ်ကို ထွက်ခွာခွင့် ပေးလိုက်ရတဲ့အတွက်ကြောင့် သူမပျော်ရွှင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က မိုဒရစ်ဟာ ချဲယ်ဆီးအသင်းကို ပြောင်းရွှေ့ချင်တယ်လို့ သူကိုယ်တိုင်ထုတ်ဖော်ပြောဆိုခဲ့တာကို လီဗိုင်းကိုယ်တိုင်က လန်ဒန်မြို့ခံ ပြိုင်ဘက်အသင်းကို မရောက်အောင် တားဆီးခဲ့ပါတယ်။
“လူကာဟာ ကျနော်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကစားသမားတယောက်ပါ။ သူ မထွက်ခွာဖို့အတွက်လည်း မျှော်လင့်ခဲ့ပါတယ်။ အခုရီးယဲအသင်းကို ပြောင်းသွားတဲ့အတွက် ကျနော်တို့ ကျေနပ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ ကျနော်တို့ဟာ ရီးယဲအသင်းနဲ့ ရှေ့ဆက်ပြီး ကစားသမား အပြောင်းအရွှေ့တွေအတွက် ကောင်းမွန်တဲ့ အပြန်အလှန် ဆက်ဆံရေးရှိနေပါပြီ” လို့ လီဗိုင်းက ကြေညာချက်မှာ ပြောဆိုခဲ့ပါတယ်။
မိုဒရစ်ဟာ စပါးအသင်းကို ၂၀၀၈ မှာ ဒိုင်နမို ဇာဂရက်ဘ် အသင်းကနေ ပေါင်း ၁၆.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး မန်နေဂျာဟောင်း ဟယ်ရီ ရက်ဒ်နက်ပ် လက်အောက်မှာတော့ အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်လာခဲ့ပါတယ်။
နည်းပြဟောင်း ဂျူအန်ရာမို့စ် ကိုင်တွယ်ခဲ့စဉ်က စပါးအသင်းဟာ ရာသီအစမှာ ရလဒ်မကောင်းခဲ့ပါဘူး။ ဒါကြောင့် ဟယ်ရီ ရက်ဒ်နက်စ်နဲ့ အစားထိုးခဲ့ပါတယ်။ ရက်ဒ်နက်စ်ကလည်း မိုဒရစ်ကို ကွင်းလယ်တိုက်စစ်နေရာကို ရွှေ့ပြောင်း ကစားစေခဲ့ပြီးနောက် စပါးအသင်းဟာ အချိန်တိုအတွင်းမှာ တိုးတက်လာခဲ့ပါတယ်။
စပါးအသင်းဟာ ရက်ဒ်နက်စ်နဲ့အတူ ရာသီကုန်မှာ ထိပ်ဆုံး ၄ နေရာကို ၂ ကြိမ်တိတိ ဝင်နိုင်ခဲ့ကာ ၂၀၁၀ မှာတော့ ကလပ်အသင်း သမိုင်းတလျှောက် ချန်ပီယံလိဂ်ကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ မိုဒရစ်ဟာလည်း ပိုမို တိုးတက်လာခဲ့ပါတယ်။
သူဟာ စပါးအသင်းနဲ့အတူ ပွဲပေါင်း ၁၆၀ ကစားခဲ့ပြီး ၁၇ ဂိုးသွင်းယူနိုင်ခဲ့ကာ ပရီးမီးယာလိဂ်ရဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ ကစားသမားတယောက် ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက စပါးအသင်းဟာ အဆင့် ၄ နေရာကို ရရှိပေမယ့် အဆင့် ၆ နေရာက ချဲယ်ဆီးအသင်းက ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တာကြောင့် စပါးအသင်းဟာ ဒီနှစ်မှာ ချန်ပီယံလိဂ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ချဲယ်ဆီးထံ လွှဲပေးခဲ့ရပါတယ်။
ဒါကြောင့် ယူရိုပါလိဂ်သာ ကစားခွင့်ရတော့တဲ့ စပါးအသင်းဟာ ခရိုအေးရှား ကစားသမားကို ဝိုက်ဟတ်လိန်းမှာ ဆက်လက်ထိမ်းသိန်းထားဖို့ မတတ်နိုင်ခဲ့ပါဘူး။
မက်ဒရစ်သို့ သူ့ရဲအပြောင်းအရွှေ့ဟာ လွန်ခဲ့တဲ့ ၃ နှစ်က အေစီမီလန်ကနေ ရီးယဲကို ပြောင်းရွှေ့လာပြီး နေရာမရတဲ့ ဘရာဇီး ကွင်းလယ်ကစားသမား ကာကာအတွက် အဆုံးသတ်ဖြစ်ဖို့ များသွားပါတယ်။
အသက် ၃၀ အရွယ် ကစားသမား ကာကာကို ရီးယဲက ရောင်းဖို့ပြောထားပေမယ့် မီလန်က အငှားပြန်ခေါ်ဖို့ပဲ ဆန္ဒရှိနေပါတယ်လို့ မီလန်အသင်းရဲ့ ဒု ဥက္ကဋ္ဌ အင်ဒရီယာနို ဂယ်လီယာနိုက တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။