ပထမ အကျော့ပွဲစဉ်က ဘာစီလိုနာကွင်းမှာ ၃-၂ ဖြင့် ရှုံးနိမ်ခဲ့မှုကို ချေဖျက်ပြီး မော်ရင်ညိုရဲ့ ရီးယဲလ်မက်ဒရစ် အသင်းဟာ စပိန် စူပါဖလားကို ရရှိကာ ရာသီအဖွင့်လှခဲ့ပါတယ်။ ပွဲစတယ်ဆိုရင်ပဲ ရီးယဲလ်အသင်းဟာ ဟီဂူအင်နဲ့ ရော်နယ်ဒိုတို့ရဲ့ ဦးဆောင်ဂိုးတွေနဲ့ဘာစီလိုနာအသင်းကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာ ကစားသမား အက်ဒရီယာနိုဟာ ရော်နယ်ဒိုကို တွန်းလှဲမှုနဲ့အနီကတ်ထိကာ ပွဲအတွင်းမှ ထွက်ခဲ့ရပေမယ့် မက်ဆီရဲ့ ၃၅ ကိုက် ဖရီးကစ်ဂိုးနဲ့ပြန်လာဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ဆေးမမီတော့ပဲ ဖြစ်ခဲ့ရပါတယ်။
ဒီရှုံးနိမ့်မှုဟာ ဘာကာနည်းပြ တီတို ဗီလာနိုဗာရဲ့ ပထမဦးဆုံးအနေနဲ့ ဖလားကိုင်တွယ်ဖို့အိပ်မက်ပျက်ပြယ်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ လျော့လျဲနေတဲ့ နောက်တန်းပြသနာကို ဖြေရှင်းဖို့အချက်ပေးသံ ဖြစ်လာပါတယ်။ ပွဲမတိုင်မီ တီတိုဟာ သူ့ကစားသမားတွေကို ရီးယဲလ်ကစားသမားတွေ အနိုင်ပွဲ ဆာလောင်မှုနဲ့ပတ်သတ်လို့ သတိပေး ပြောကြားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ ရီးယဲလ်အသင်းသားတွေရဲ့ နိုင်ပွဲဆာလောင်မှုကို မယှဉ်နိုင်ဖြစ်ခဲ့ရပါတယ်။
ရီးယဲလ်အသင်းဟာ ယခု ရာသီ ၃ ပွဲ ကန်ပြီးချိန်မှာ နိုင်ပွဲမရှိသေးဘဲ နိုင်ပွဲရှာနေတဲ့အသင်း ဖြစ်ပါတယ်။
ရီးယဲလ်အသင်းရဲ့ မနားတမ်း တိုက်စစ်ဆင်မှုကြောင့် ဘာစီလိုနာအသင်း နောက်တန်းဟာ ဖိအားများခဲ့ပြီး နောက်ခံလူ အဖြစ်ကစားတဲ့ မာရှေရာနိုရဲ့ အမှားကနေ ဟီဂူအင်က အခွင့်အရေးကို ပိုင်နိုင်စွာ အသုံးချပြီး အဖွင့်ဂိုး ယူပေးခဲ့ပါတယ်။
ဒုတိယ ဂိုးကိုလည်း ပီကေးရဲ့ ဘောလုံးကိုင်တာ အချိန်ကြာမှုကို ရော်နယ်ဒိုက အခွင့်ကောင်းယူပြီး ရီးယဲလ်အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အိမ်ရှင် ရီးယဲလ်အသင်းဟာ ၂ ဂိုးရပြီးပေမယ့် အိမ်ကွင်း-အဝေးကွင်း ဂိုးကွာခြားချက်နဲ့ရလဒ်ကို ဆုံးဖြတ်မှာကြောင့် ကစားအား မချဘဲ ဆက်လက် ဖိကစားရာ ဘာစီလိုနာအသင်းဟာ ခံစစ်ပိုင်းမှာ အမှားအယွင်းတွေ များခဲ့ပါတယ်။
၂၈ မိနစ်မှာ အက်ဒရီယာနို အထုတ်ခံရတာကြောင့် ကစားကွက်ပျက်သွားတဲ့ ဘာစီလိုနာအသင်းဟာ မက်ဆီရဲ့ လှပတဲ့ ဖရီးကစ် ကန်ချက်နဲ့ပြန်လာဖို့ကြိုးစားခဲ့သေးပေမယ့် ဒုတိယပိုင်းမှာ ဆက်လက် ဂိုးမသွင်းနိုင်တောဘပဲ ရီးယဲလ်အသင်းကို ဂိုးကွာခြားချက်နဲ့ အရှုံးပေးလိုက်ရပါတယ်။ ဒုတိယပိုင်းမှာတော့ ရီးယဲလ်အသင်းက ပေါင် ၃၃ သန်းနဲ့ ခေါ်ယူထားတဲ့ စပါးကွင်းလယ်လူဟောင်း မော်ဒရစ်ကို ပွဲထုတ်ခဲ့ပြီး ဘာစီလိုနာအသင်းကို အနိုင်ယူကာ ၂၀၀၈ နောက်ပိုင်း ပထမဦးဆုံးအကြိမ် စပိန် စူပါဖလားကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
ပထမအကျော့ရလဒ်
ဘာစီလိုနာ ၃-၂ ရီးရဲယ်မက်ဒရစ်
ဒုတိယ အကျော့ရလဒ်
ရီးရဲယ်မက်ဒရစ် ၂-၁ ဘာစီလိုနာ
နှစ်ကျော့ပေါင်းရလဒ် (ဂိုးကွာခြားချက်ဖြင့်) ရီးယဲလ်ဗိုလ်စွဲ