၂၀၁၂-၂၀၁၃ ချန်ပီယံလိဂ် ပထမဆုံး အုပ်စုပွဲစဉ်များကို ယနေ့ည စတင်ကျင်းပတော့မှာဖြစ်ပြီး ပွဲကြီးပွဲကောင်းအနေနဲ့ လက်လွတ်မခံသင့်တဲ့ ပွဲကတော့ ရီးယဲလ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်တွေဖြစ်ပြီး အင်္ဂလန် ကလပ်အသင်းဖြစ်တဲ့ အာဆင်နယ် အသင်းဟာလည်း ပြင်သစ်မြေမှာ မောင့်ပယ်လီယာ အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ခြေစွာတတ်တဲ့ အေစီမီလန် အသင်းကတော့ ဘယ်ဂျီယမ် ကလပ် အန်ဒါလက်နဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လိဂ်ချန်ပီယံနှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲ
ရီးယဲလ် – မန်စီးတီး
နည်းပြမော်ရင်ညို ကိုင်တွယ်နေတဲ့ ရီးယဲလ်အသင်းဟာ ဘာစီလိုနာကိုကျော်ဖြတ်ပြီး မနှစ်က စပိန်လိဂ်မှာ ချန်ပီယံဖြစ်ခဲ့သလို မန်စီးတီးအသင်းကလည်း ချယ်ဆီး၊ မန်ယူတို့ကို ကျော်ဖြတ်ပြီး ၄၄ နှစ်အကြာ ချန်ပီယံဆုကို ပြန်လည်ရယူထားတဲ့အသင်း ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ ကစားသမားအင်အား အပြည့်ရှိပြီး မော်ရင်ညိုနဲ့မန်ချီနီတို့ နှစ်ယောက်လုံးဟာ အင်တာမီလန် အသင်းမှာ နည်းပြဖူးပြီး အောင်မြင်မှုတွေ ရယူဖူးတဲ့သူတွေ ဖြစ်ပါတယ်။
စပိန်မှာပြုလုပ်တဲ့ ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ နည်းပြမော်ရင်ညိုက မန်စီးတီးအသင်းရဲ့ စွမ်းဆောင်မှုနဲ့ပတ်သတ်ပြီး ချီးကျူးမှုတွေ ပြုလုပ်ခဲ့သလို ချယ်ဆီးအသင်းနဲ့နှိုင်းပြီး မကြာခင် ချန်ပီယံလိဂ်ရနိုင်တဲ့ အင်္ဂလိပ်အသင်း ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ အလားတူ နည်းပြမန်ချီနီကလည်း အုပ်စုကျပ်ထဲမှာ ရောက်နေပေမယ့် ဒီနှစ်ကိုလည်း အကောင်းဆုံး ကြိုးစားကစားသွားပြီး ဖလားရဖို့ ကြိုးစားသွားဦးမှာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရီးယဲလ်နဲ့ မန်စီးတီးအသင်းယှဉ်ရင် မန်စီးတီးအသင်းက အကောင်းဆုံး ကစားပုံရနေပြီး ရီးယဲလ်အသင်းကတော့ ရာသီအစ အဖွင့်မလှဘဲ လက်ရှိအချိန်မှာတင် ဘာစီလိုနာအသင်းရဲ့ ၈ မှတ် ဖြတ်ခြင်းကို ခံထားရပါတယ်။ မော်ရင်ညိုက သူ့ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်ထားပြီး အကောင်းဆုံးလူစာရင်းနဲ့မန်စီးတီးကို အနိုင်ကစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အာဆင်ဝင်းဂါး ရဲ့ ပြင်သစ်မြေသို့ တကျော့ပြန်ခရီး
မောင့်ပယ်လီယာ – အာဆင်နယ်
ယခုပွဲဟာအာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူးသစ် ဂျီးရော့ဒ်ရဲ့ ကလပ်ဟောင်းနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲ ဖြစ်လာမှာပါ။ ပြင်သစ်လက်ရွေးစင် ဂျီးရော့ဒ်ဟာ မနှစ်က မောင့်ပယ်လီယာအသင်းအတွက် ၂၁ ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းသူ ဖြစ်ခဲ့သလို အာဆင်နယ်အသင်းကို ၁၂ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ကစားသမား ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းသို့ပြောင်းရွှေ့ပြီးဂိုး ပေါက်ပျောက်နေတာကြောင့် အရန်ထိုင်နေရတဲ့ ဂျီးရော့ဒ်အား နည်းပြ အာဆင်ဝင်းဂါးက အားပေးစကားပြောသွားခဲ့ပြီး သူ့ရှေ့တန်းကစားသမားဟာ အမြန်ဆုံး ယုံကြည်မှု ပြန်ရလာလိမ့်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ယခင်တပတ်က ဆောက်သမ်ပတန် အသင်းကို ၆-၁ နဲ့အနိုင်ရရှိပြီး စိတ်ဓာတ်တက်ကြွနေသလို ဒီပွဲမှာလည်း အကောင်းဆုံးတိုက်စစ်နဲ့ ကစားမယ့် အနေအထားရှိပါတယ်။ ဒဏ်ရာရသတင်းအနေနဲ့ကတော့ အားထားရတဲ့ ဂိုးသမား ချက်စနီ နာသွားတာကြောင့် အရန်ဂိုးသမား ဗစ်တာမန်နှုန်းက ဝင်ဖမ်းရဖို့ရှိနေပါတယ်။
မောင့်ပယ်လီယာ အသင်းနည်းပြ ရီးဂျီးရာ့ဒ်ကတော့ ကျနော့်အသင်းရဲ့ ကစားသမားအများစုဟာ ဒီပြိုင်ပွဲမှာတခါမှ မကစားဖူးပါဘူး။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံလိဂ်မှာ ဝင်ကန်ရမှာမို့သူတို့ စိတ်ဓာတ်တွေ တက်ကြွနေသလို အာဆင်နယ်ကို အကောင်းဆုံး တုန့်ပြန်ကစားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ယနေ့ည ချန်ပီယံလိဂ်ပွဲစဉ်များ
ဒိုင်နမိုဇာဂရက် – ပေါ်တို
ပီအက်စ်ဂျီ – ဒိုင်နမိုကီးယဗ်
အေစီမီလန် – အန်ဒါလက်
မာလာဂါ – ဇင်းနစ်
ဘရုရှားဒေါ့မွန် – အိုင်းယက်
ရီးယဲလ် – မန်စီးတီး
အိုလံပီယာကော့စ် – ရှော်ကေး
မောင့်ပယ်လီးယား – အာဆင်နယ်