ယခုတပတ် ချန်ပီယံလိဂ် ဒုတိယညမှာတော့ အင်္ဂလန်ကလပ် မန်ယူ၊ ချယ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်တွေပါဝင်လာခဲ့ပြီး မနှစ်က ချန်ပီယံဖြစ်ဖို့ ကပ်လွဲခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်တွေဟာလည်း အကြိတ်အနယ်ရှိခဲ့ပါတယ်။
ဂိုးသွင်းခွင့်တွေ လွဲချော်ခဲ့ပေမယ့် ၃ မှတ်အပြည့် ယူလိုက်တဲ့ မန်ယူ
မန်ယူ ၁ – ၀ ဂလက်တာစာရေး
ပွဲအပြီးမှာ နည်းပြဖာဂူဆန်က ရှေ့တန်းမှာ ဂိုးသွင်းခွင့်အမြောက်အများ ဖြုန်းတီးခဲ့တာနဲ့ ပတ်သတ်ပြီးငြီးငြူခဲ့ပေမယ့် အရေးကြီးတဲ့ ၃ မှတ်ကိုတော့ သူ့ရဲ့အသင်းသားတွေ စွမ်းဆောင်ပေးခဲ့ပါတယ်။ မန်ယူအသင်းဟာ နောက်ပွဲစဉ်မှာ လစ်ဗာပူးအသင်းမှာ သွားကန်ရမှာဖြစ်ပေမယ့် ဂလက်တာစရေးကို လျှော့မတွက်ခဲ့ဘဲ လူစုံထုတ်ကန်သွားခဲ့ပါတယ်။ အထူးသဖြင့် ရှေ့တန်းမှာ အဓိကအတွဲဖြစ်တဲ့ ကာဂါဝါနဲ့ ဗန်ပါစီတို့ ပြန်ပါလာပြီး ပေါစခိုးလ်နဲ့ ကာရစ်က ကွင်းလယ်ကို ထိန်းကစားသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ၇ မိနစ်မှာ ကာရစ်ရဲ့ ဂိုးကြောင့် ဦးဆောင်နိုင်ခဲ့ပေမယ့် ဂလက်တာစာရေးအသင်းရဲ့ တိုက်စစ်ဆင်မှုတွေဟာ ချေပဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ ဂလက်တာစာရေးအသင်း တိုက်စစ်ဆင်ရာမှာတိုင် ၃ ခါထိခဲ့သလို ဗီဒစ်ရဲ့ ဘူလပ်အပေါ် ဖြတ်ထုတ်မှုဟာလည်း ပယ်နတီပေးရမှာ ဖြစ်ပေမယ့် ဒိုင်လူကြီးက ပေးဖို့ငြင်းဆန်ခဲ့တာကြောင့် မန်ယူအသင်း သက်သာရာရခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဒါရင် ဖလက်ချာက မန်ယူအသင်းအတွက် ၁၁ လကြာ နားနေရာမှ လူစားလဲ ဝင်ရောက်ပြီး ဝင်ကန်သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ တောင်ပံတိုက်စစ်ဖြစ်တဲ့ ဗလင်စီယာနဲ့ နာနီတို့ကို အားကိုးပြီး တရစပ် တိုက်စစ်ဆင်ကစားပေမယ့် ရှေ့တန်းမှာ ဂိုးပေါက်ပျောက်နေတာကြောင့် ဂိုးမရရှိဘဲ ပွဲပြီးခါနီး ၁၀ မိနစ်အလိုကျမှ ကာဂါဝါ၊ ဗန်ပါစီ၊ ပေါစခိုးလ်တို့ကို အနားပေးလိုက်ပြီး ဝဲဘက်၊ ချီချာရီတိုနဲ့ ဖလက်ချာတို့ ဝင်ရောက်ကစားခဲ့ပါတယ်။ ကစားရခက်တဲ့ ဂလက်တာစာရေးကို နိုင်လိုက်တာကြောင့် မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်အဖွင့်ဟာ လှပသွားခဲ့ပါတယ်။
ချေပဂိုးတွေကြောင့် သရေနဲ့သာကျေနပ်လိုက်ရတဲ့ ချယ်ဆီး
ချယ်ဆီး ၂ – ၂ ဂျုဗင်တပ်
ချန်ပီယံလိဂ် ချန်ပီယံချယ်ဆီးနဲ့ အီတလီစီးရီးအေချန်ပီယံ ဂျုဗင်တပ်အသင်းတိုရဲ့ ပွဲကို လန်ဒန်မှာ ကစားခဲ့ရာ ချယ်ဆီးအသင်းဟာ ၂ ဂိုးနဲ့ နိုင်နေရာမှ နောက်ကျချေပဂိုး ပေးလိုက်ရပြီး အိမ်ကွင်းမှာ အဖွင့်မလှဘဲ ဖြစ်သွားခဲ့ပါတယ်။ပထမပိုင်း ၃၁ နဲ့ ၃၃ မိနစ်မှာ ပေါင် သန်း ၃၀ ကျော်ပေးပြီး ခေါ်ယူထားတဲ့ ဘရာဇီးသား အော်စကာက ၂ ဂိုး ဆက်တိုက် သွင်းယူသွားတာကြောင့် ယခုပွဲအနိုင်ဟာ ချယ်ဆီးဘက်မှာ အလေးသာနေခဲ့တာပါ။
ချယ်ဆီးအသင်းမှာ အသင်းခေါင်းဆောင် တယ်ရီ ပြန်ပါလာပြီး လမ်းပတ်ကလည်း ကွင်းလယ်မှာ ရာမီရက်၊ အော်စကာ၊ မီခေးလ်၊ ဟာဇက်တို့ကို ဦးဆောင်ပြီး ကစားသွားခဲ့ကာ တောရက်စ်ကတော့ ရှေ့မှာတယောက်တည်း အထောင်ကစားခဲ့ပါတယ်။
ဂျုဗင်တပ်အသင်းမှာလည်း နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ပီယာလို၊ မာချီယာဆို၊ ဂျီယိုဗင်ကို၊ ဗူချီနစ်တို့ ပါဝင်ခဲ့ပြီး ဂိုးသမားဘက်ဖွန်ကတော့ အသင်းခေါင်းဆောင် ဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်းဟာ အီတလီစီးရီးအေမှာ ရှုံးပွဲမရှိဘဲ ကန်တာ ၄၂ ပွဲဆက်တိုက် ရှိပြီးဖြစ်ပြီး အခုပွဲမှာလည်း ဂိုးပြတ် ရှုံးနိမ့်နေပေမယ့် တည်တည်ငြိမ်ငြိမ် ပြန်ကစားပြီး တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ဗီဒယ်က ပထမပိုင်း ၃၈ မိနစ်မှာ တဂိုး၊ ကွာဂလယ်လာရီက မိနစ် ၈၀ မှာ တဂိုး သွင်းယူခဲ့ကာ ချယ်ဆီးအသင်းဆီမှ တမှတ်ခွဲ ယူသွားခဲ့ပါတယ်။
မက်ဆီကြောင့် အဖွင့်လှသွားတဲ့ ဘာကာနည်းပြသစ် တီတိုရဲ့ ပထမဆုံးချန်ပီယံလိဂ်ပွဲ
ဘာစီလိုနာ ၃- ၂ စပါတပ် မော်စကို
အိမ်ကွင်း နူးကမ့်မှာ ကန်ရပေမယ့် ဘာစီလိုနာအသင်းဟာ စပါတပ် မော်စကိုအသင်းကို ခက်ခက်ခဲခဲ ကန်လိုက်ရပြီး မက်ဆီရဲ့ ဂိုးတွေကြောင့်သာ ပွတ်ကာသီကာနဲ့ အဖွင့်လှသွားခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ၁၄ မိနစ်မှာ ဘာကာတိုက်စစ်မှူး တယ်လိုရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ပေမယ့် ၂၉ မိနစ်မှာ အဲဗယ်က ကိုယ့်ဂိုးကိုယ်သွင်းမိတာကြောင့် ပထမပိုင်းအပြီးမှာ သရေဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာတော့ မော်စကိုအသင်း တိုက်စစ်မှူး ရိုမူလိုက ဂိုးသွင်းယူလိုက်တာကြောင့် အိမ်ကွင်းပရိသတ် ခဏတာ တိတ်ဆိတ်ခဲ့ရပါတယ်။
နောက်ပိုင်းမှာ ဘာစီလိုနာအသင်းက လူစားလဲမှုတွေ ပြုလုပ်ပြီး မနားတမ်းတိုက်စစ်ဆင် ကစားတာကြောင့် ၇၂ နဲ့ ၈၀ မိနစ်တွေမှာ မက်ဆီက ဂိုးတွေဆက်တိုက် သွင်းယူပြီး ဘာကာအသင်းကို ကယ်ဆယ်ခဲ့ပါတယ်။ ယခုပွဲမှာမက်ဆီက နှစ်ဂိုးသွင်းယူခဲ့တာဟာ ယခုအကြိမ်နဲ့ဆိုလျှင် ချန်ပီယံလိဂ်မှာ ၁၄ ကြိမ်မြောက် ၂ ဂိုးသွင်းယူတဲ့ စံချိန်ရယူနိုင်ခဲ့ပြီး ရီးယဲလ်တိုက်စစ်မှူးဟောင်း ရော်အူးလ်နဲ့ စံချိန်တူသွားပြီ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ဘာစီလိုနာနည်းပြ တီတိုဗီလာနိုဗာက ပွဲဦးထွက်မှာ အနိုင်ရဖို့ အရေးကြီးပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ကျေနပ်တယ်လို့ မပြောနိုင်ပေမယ့် နောက်တန်းဟာ တိုက်စစ်မှာ လိုက်ပါကစားတာ များတာကြောင့် ပေးဂိုးတွေများတာတွေ ဖြစ်နိုင်ပါတယ်ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
ချန်ပီယံလိဂ် ပွဲစဉ်များရလဒ်
ချဲယ်ဆီး ၂ – ၂ ဂျုဗင်တပ်
ရှက်တာဒိုးနက် ၂ – ၀ အက်ဖ်စီနော်ဂျလန်
ဘိုင်ယန်မြူးနစ် ၂ – ၁ ဗလင်စီယာ
လိုင်လီ ၁ – ၃ ဘိတ် ဘိုရီဆော့
ဘာစီလိုနာ ၃ – ၂ စပါတပ် မော်စကို
ဆဲယ်တစ် ၀ – ၀ ဘန်ဖီကာ
ဘရာဂါ ၀ – ၂ အက်ဖ်စီကလပ်ချ်
မန်ယူ ၁ – ၀ ဂလက်တာစာရေး