မြန်မာဘောလုံးလောက ဖွံဖြိုးရေးနှင့် လက်ရွေးစင် ဘောလုံးအသင်း တိုးတက်ရေးအတွက် အကြံဉာဏ်ကောင်းများပေးရန် အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဟောင်း ဆွီဒင်လူမျိုး ဆဗန်ဂိုရန် အဲရစ်ဆင်သည် ယနေ့ နေ့လည် ၂ နာရီခန့်က ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။
အဲရစ်ဆင်သည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားချက်နှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း (YUFC) ၏ အစီအစဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တရက်တာ နေထိုင်မည်ဟု ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းတာဝန်ခံ ကိုဇွဲက ဆိုသည်။
“မြန်မာ့နိုင်ငံကို အလည်အပတ်လာရင်းနဲ့ ဘောလုံးလောက တိုးတက်ဖို့ သူကူညီတဲ့သဘောပါ။ ညနေမှာတော့ ကျနော်တို့ လေ့ကျင်ရေးကွင်းကို လာကြည့်မယ်၊ နောက်သူ့ကို ညစာစားပွဲနဲ့ ဂုဏ်ပြုမယ်” ဟု ၎င်းက ဆိုသည်
ခရီးစဉ်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ သွားရောက်ကာ နည်းပြများနှင့် ဘောလုံးသမား စွမ်းရည်တိုးတက်ရေး အတွက် ဆွေးနွေးအကြံပြုမည်ဖြစ်သည်။
မစ္စတာ အဲရစ်ဆင်သည် အင်္ဂလန် လက်ရွေးစင်အသင်းကိုသာမက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မက္ကဆီကို၊ အိုင်ဗရီကို့စ် အသင်းများကိုလည်း ကိုင်တွယ်လေ့ကျင်ပေးခဲ့ဖူးသည်။
အလားတူ ဥရောပ ကလပ်အသင်းကြီးများဖြစ်သည့် ပေါ်တူဂီကလပ်အသင်း ဘင်ဖီကာ၊ အီတလီ စီးရီအေ ကလပ်အသင်းများဖြစ်သည့် ဖီအိုရင်တီးနား၊ ရိုးမား၊ လာဇီယို စသည့် အသင်းကြီးများကို ကိုင်တွယ်ခဲ့သည်။
လာဇီယိုအသင်းသည် သူကိုင်တွယ်သည့်နှစ်တွင် စီးရီးအေ ချန်ပီယံသာမက ဥရောပတွင်လည်း အောင်မြင်သည့်အသင်း ဖြစ်လာခဲ့သည်။ ထို့နောက် အင်္ဂလန်မြေသို့ ပြောင်းရွေ့ကာ လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့သည်။
အင်္ဂလန် လက်ရွေးစင်အသင်းတွင် အောင်မြင်မှု မရသည့်အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဝယ်ယူခဲ့သည် မန်စီတီးအသင်းတွင် နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။
လက်ရှိအချိန်တွင် နည်းပြကြီး အဲရစ်ဆင်သည် ထိုင်းနိုင်ငံ၏ နာမည်ကြီး ဘီအီးစီ တယ်ရိုဆက်စနာအသင်းတွင် အားကစား နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။
မကြာသေးမီကလည်း မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် ကမ္ဘာကျော် ဘောလုံးသမားများဖြစ်သည့် ဂျပန်လက်ရွေးစင်ဟောင်း နာကာတာ၊ လီဗာပူး ကစားသမားဟောင်း ဂျွန်ဘမ်းတို့လည်း လာရောက်အကြံပြုကြောင်း သိရသည်။