ယခုတပတ်ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာတော့ ရော်နယ်ဒိုရဲ့ ဟက်ထရစ် ဂိုးတွေနဲ့ ရီးယဲလ်အသင်းဟာ ဟော်လန်ချန်ပီယံ အိုင်းယက်စ်အသင်းကို အနိုင်ရပြီး မရဏအုပ်စုတွင်းက ရုန်းထွက်ဖို့အခြေအနေကောင်းလာပေမယ့် အင်္ဂလန်ကလပ် မန်းစီးတီး အသင်းကတော့ ဂျာမန်လိဂ်ချန်ပီယံ ဘိုရုရှားဒေါ့မွန်အသင်းနဲ့သရေကျခဲ့တာကြောင့် နောက်ပိုင်းပွဲစဉ်တွေမှာ ပိုမိုရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ တခြားအသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ အေစီမီလန်တို့ဟာလည်း အဖိုးတန် ၃ မှတ်ကို ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေဟာ ပုံမှန်အတိုင်း အကြိတ်အနယ် ရှိခဲ့ကြပါတယ်။
အုပ်စု (A)
ဒိုင်နမိုကီးယဗ် ၂ – ၀ ဒိုင်နမို ဇာဂရက်
ပေါ်တို ၁ – ၀ ပီအက်စ်ဂျီ
ဂျိမ်းစ် ရော့ဒရီးဂတ်စ်ရဲ့ နောက်ကျဂိုးနဲ့ ပေါ်တိုအသင်းဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို အနိုင်ရသွားပြီး နောက်တဆင့် တက်ရေးအတွက် မျှော်လင့်ချက်တွေက ပိုမိုအရောင်သန်းလာပြီ ဖြစ်ပါတယ်။ ပိုက်ဆံ ရေလိုသုံးပြီး လူအင်အာဖြည့်ထားတဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ အိမ်ရှင် ပေါ်တိုကို မယှဉ်နိုင်ဘဲ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။
အုပ်စုတွင်းရှိ နောက်ပွဲစဉ်တခုမှာတော့ ဒိုင်နမို ကီးယဗ်အသင်းက ဒိုင်နမိုဇာဂရက် အသင်းကို ၂ – ၀ နဲ့ အနိုင်ရရှိသွားပြီး အုပ်စုတွင်းမှ ကျွတ်ဖို့အခြေအနေ ကောင်းလာပါတယ်။ ပွဲအစ ၃ မိနစ်မှာ အိုလပ် ဂူဆဗ်ရဲ့ဂိုးနဲ့ ဦးဆောင်နေခဲ့တဲ့ ကီးယဗ်အသင်းဟာ ပထမပိုင်းမှာတင် ဇာဂရက်နောက်ခံလူ ဂျိုဆစ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ပွဲပြီးအထိရလဒ်ကို ထိန်းကာ ၂-၀ ဂိုးမရှိနဲ့ သက်တောင့်သက်သာ အနိုင်ရရှိသွားခဲ့ပါတယ်။
အုပ်စု(B)
အာဆင်နယ် ၃ – ၁ အိုလံပီယာကော့စ်
ရှော်ကေး ၂ – ၂ မွန်ပယ်လီယေး
ဆော်လမွန်း ကင်မရာ ဂိုး နောက်ကျ ချေပဂိုးကြောင့် ၁၀ ယောက်တည်းနဲ့ကစားခဲ့ရတဲ့ မွန့်ပေးလီယေးအသင်းဟာ ဂျာမန်ကလပ် ရှော်ကေးအသင်းဆီက သရေတမှတ် ခွဲယူလိုက်နိုင်ပြီး အသင်းရဲ့ သမိုင်းတလျှောက် ချန်ပီယံလိဂ်မှာ အမှတ်စယူနိုင်တဲ့ပွဲစဉ် ဖြစ်လာခဲ့ပါတယ်။ ပြင်သစ်ကလပ် မွန့်ပေလီယေးအသင်းဟာ ဖာနာရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ရှော်ကေးအသင်းရဲ့ တန်ပြန်တိုက်စစ်ကို မထိန်းနိုင်တာကြောင့် ဒရက်စလာနဲ့ ဟန်တယ်လာတို့ရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ပြီး ပွဲပြီးခါနီး မိနစ် ၉၀ အလိုမှ ကင်မရာက အဖိုးတန် ချေပဂိုး သွင်းယူပေးတာကြောင့် အဝေးကွင်းမှာ ကောင်းမွန်တဲ့ရလဒ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အုပ်စု (B) ရဲ့ နောက်ထပ် ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်နဲ့ အိုလံပီယာကော့စ်တို့ရဲ့ ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက ဆက်လက်ခြေစွမ်းပြသွားပြီး ၃ – ၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဂိုးတွေကို ဂိုးမြူးနေတဲ့ ပိုဒေါစကီး၊ ဂါဗင်ဟိုနဲ့ ရမ်ဆေးတို့က သွင်းယူပေးခဲ့ပြီး အိုလံပီယာကော့စ် အသင်းအတွက် နှစ်သိမ့်ဂိုးကိုတော့ မီထရီဂေါ့က သွင်းယူပေးခဲ့ပါတယ်။ ပထမပွဲစဉ် မွန်ပယ်လီယေးနဲ့ပွဲစဉ်တုန်းကလည်း ပိုဒေါစကီးနဲ့ဂါဗင်ဟိုတို့က ဂိုးတွေသွင်းယူပေးခဲ့ပြီး အာဆင်ဝင်းဂါးက အသင်းရဲ့ ခြေစွမ်းနဲ့ပတ်သတ်ပြီး အားရလျက်ရှိနေပါတယ်။
အုပ်စု (C )
အန်ဒါလက် ၀ – ၃ မာလာဂါ
ဇင်းနစ် ၂ – ၃ အေစီမီလန်
စပိန်ကလပ် မာလာဂါကတော့ ဘယ်ဂျီယမ်ကလပ် အန်ဒါလက်ချ် အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရပြီး အုပ်စုတက်ဖို့ တာစူနေပြီဖြစ်ပါတယ်။ ပထမပိုင်းမှာတင် စပိန်ကစားသမား အဲလစ်ဆူရဲ့ မြေမကျ ကန်ချက်နဲ့ ဦးဆောင်နေခဲ့တဲ့ မာလာဂါ အသင်းဟာ ဒုတိယပိုင်းမှာလည်း ဂျိုကွင်းနဲ့ အဲလစ်ဆူ ၂ ဂိုးမြောက်နဲ့ ချန်ပီယံလိဂ်မှာအုပ်စုတက်ဖို့ အခွင့်အရေးရှိနေပြီ ဖြစ်ပါတယ်။
နောက်ထပ် အုပ်စု (C) ပွဲစဉ်ဖြစ်တဲ့ အေစီမီလန်နဲ့ဇင်းနစ်တို့ပွဲမှာတော့ အေစီအသင်းက ရုရှားမြေကနေ အဖိုးတန် ၃ မှတ်ကို ခက်ခက်ခဲခဲရယူနိုင်ခဲ့ပါတယ်။ အေစီအတွက် ဂိုးတွေကိုတော့ အီမန်နူယယ်ဆန်၊ ရှာရာဝီတို့က သွင်းယူပေးခဲ့ပြီး ဇင်းနစ် နောက်ခံလူ ဟူဘိုဂန်က ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာကြောင့် အေစီအသင်းဟာ ၃ – ၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရုရှားကလပ် ဇင်းနစ်အတွက် ဟော့ခ်နဲ့ ရှီရိုကော့ဗ်တို့က ချေပဂိုးတွေလိုက်သွင်းယူပေးမယ့် အိမ်ကွင်းမှာ ၃ မှတ်ရရေး မျှော်လင့်ချက်ကုန်ဆုံးခဲ့ရပါတယ်။
အုပ်စု (D)
အိုင်းယက်စ် ၁ – ၄ ရီးရဲယ်မက်ဒရစ်
မန်စီးတီး ၁ – ၁ ဒေါ့မွန်
ရီးယဲလ်မက်ဒရစ် အသင်းကတော့ အုပ်စု (D) မှာ အကောင်းဆုံး အခြေအနေရှိနေပြီး အိုင်းယက်စ်အသင်းကို ရော်နယ်ဒိုရဲ့ ဟက်ထရစ်တွေနဲ့ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ မော်ရင်ညိုရဲ့ ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ်ကို အာရုံစိုက်နေပြီး အားသွန်ခွန်စိုက် ကစားခဲ့တာကြောင့် အိုင်းယက်စ်အသင်းဟာ အိမ်ကွင်းပေမယ့် ကစားသမားချင်း မယှဉ်နိုင်နိုင်တာကြောင့် အားမတန်ဘဲ မာန်လျှော့ခဲ့ရပါတယ်။ ရီးယဲလ်အသင်းအတွက် ဂိုးတွေကိုတော့ ရော်နယ်ဒိုက (၃) ဂိုးနဲ့ ဘန်ဇီမာတို့က တဂိုးစီသွင်းယူပေးခဲ့ကာ အိုင်းယက်စ်အသင်းအတွက် နှစ်သိမ့်ဂိုးကိုတော့ မွိုင်ဆန်ဒါက သွင်းယူပေးခဲ့ပါတယ်။
နောက်ထပ်ပွဲကြပ်တပွဲကို ရင်ဆိုင်ခဲ့ရတဲ့ မန်စီးတီးအသင်းဟာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းကို အနောက်ကနေ လိုက်ကစားခဲ့ရပြီး ဘာလော့တယ်လီရဲ့ နောက်ကျဂိုးကြောင့်သာ အသက်ရှုချောင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်အသင်းစလုံး ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ပေမယ့် ဧည့်သည် ဒေါ့မွန်အသင်းက ဦးဆောင်ဂိုးကို မာကိုရီယော့စ်က သွင်းယူပေးပြီး ၃ မှတ် ရယူခါနီးထိ ဖြစ်ခဲ့ပါတယ်။ ဥရောပပြိုင်ပွဲတွေမှာ ၁၇ ပွဲကြိမ်တိတိ အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးတဲ့ မန်စီးတီးအသင်းဟာ စံချိန်ကျိုးခါနီးမှာ ဘလော့တယ်လီရဲ့ ပယ်နတီကြောင့်သာ စံချိန်ဆက်လက်တင်နိုင်ခဲ့ပြီး အုပ်စုတက်ရေး မျှော်လင့်ချက် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC