လီဗာပူး အသင်းရဲ့ ရွှေရောင်နေ့သစ်များကို ဖြတ်ကျော်ဖူးခဲ့တဲ့ အင်္ဂလန်နိုင်ငံ ဂန္ထဝင်ကစားသမားကြီး ဂျွန်ဘန်းစ်ဟာ စက်တင်ဘာ လကုန်ပိုင်းက မြန်မာပြည်သို့ ရောက်ရှိလာခဲ့ပြီး မြန်မာ့မျိုးဆက်သစ် အသက် ၁၂ အောက် ကစားသမားလေးတွေကို ၄ ရက်ကြာ ဘောလုံးသင်တန်း ပို့ချပေးခဲ့ကြောင်း သိရပါတယ်။
ဂျွန်ဘန်းစ်ဟာ တရက်ကို မနက် ၁၀း၃၀ မှ ၁၂ နာရီတကြိမ်၊ နေ့လည် ၁း၃၀ မှ ၃ နာရီတကြိမ်ဖြင့် ၄ ရက်ဆက်တိုက် သုဝဏ္ဏ လေ့ကျင့်ရေးကွင်းမှာ သင်ကြားပြသပေးခဲ့တာ ဖြစ်ပါတယ်။ ယခု အစီအစဉ်ကို ဦးဆောင်တဲ့ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဟာ စက်တာဘာတုန်းက ဒီဂျီဆယ် (Digicel) အသက် ၁၂ နှစ်အောက် ဖလားမှာ အလားအလာရှိတဲ့ ကစားသမား ၇၀ ကို ရွေးချယ်ခေါ်ယူပြီး လေ့ကျင့်ပေးဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။
ဂျွန်ဘန်းစ် ဟာ ၁၉၈၀ ကျော်ခုနှစ်များမှာ လီဗာပူး အသင်းရဲ့ တောင်ပံကစားသမားအဖြစ် နာမည်ကြီးခဲ့ပြီး အင်္ဂလန်အသင်းအတွက်လည်း အဓိက ကစားသမားအဖြစ် ပါဝင်ကစားကာ ကမ္ဘာ့ပရိသတ်အလယ်မှာ နာမည်ကြီးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဘန်းစ်ဟာ သူရဲ့ စွမ်းဆောင်ရည်များကြောင့် (MBE) ဘွဲ့ချီးမြှင့်ခံခဲ့ရပြီး လူမည်း ကစားသမားတဦးအနေနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ၇၉ ပွဲကစားကာ ပထမဦးဆုံး စံချိန်တင်နိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ဘန်းစ်ရဲ့ဘောလုံးသမားဘ၀ သက်တမ်းတလျှောက်မှာ ဝက်စ်ဖို့တ်၊ လီဗာပူး၊ နယူးကာဆယ်၊ ချာလ်တန်အသင်းတို့မှာ ကစားခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ဘောလုံးသမားဘဝက အနားယူခဲ့တာ ဖြစ်ပါတယ်။ အနားယူပြီးနောက် ဆဲယ်တစ်၊ တရန်မီရီ ရိုးဗားနဲ့ ဂျမေကာ နိုင်ငံအသင်းတို့မှာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့ပေမယ့် ကစားသမား ဘဝတုန်းကလို အောင်မြင်မှုမရခဲ့တာကြောင့် လက်ရှိအချိန်မှာ ESPN နဲ့ SuperSport တို့မှာ ဘောလုံးပွဲကြေညာသူအဖြစ် လုပ်ကိုင်နေပြီး ဒီဂျီဆယ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားကာ အာရှနိုင်ငံများ ဘောလုံးဖွံဖြိုးရေးအတွက်လည်း သင်တန်းလိုက်လံ ပို့ချနေသူဖြစ်ပါတယ်။
မြန်မာပြည်ကို ရောက်ရှိလာခဲ့တဲ့ ဂျွန်ဘန်းစ်က “ဒီကလေးတွေမှာ ကောင်းမွန်တဲ့ ကျွမ်းကျင်မှုနဲ့ အရည်အချင်းရှိပါတယ်။ နည်းစနစ်ပိုင်းလည်း ကောင်းမွန်သလို သူတို့အတွက် တိုးတက်ဖို့ အဓိက လိုအပ်တာက ကောင်းမွန်တဲ့ အခွင့်အရေးပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
“မြန်မာပြည်က ၉ နှစ်၊ ၁၀ နှစ်သားတဦးရဲ့ အရည်အချင်းဟာ အင်္ဂလန်က ၁၀ နှစ်သား တဦးရဲ့ ဘောလုံးကျွမ်းကျင်မှုနဲ့ သိပ်မကွာပါဘူး။ အဓိက ကွာသွားတာက အင်္ဂလန်၊ ဘရာဇီးနဲ့ ဂျာမနီနိုင်ငံက ကလေးတွေဟာ အခွင့်အရေးတွေ ပိုများသလို အတွေ့အကြုံလည်း ပိုရယူနိုင်ကြတာကြောင့်ပါ။ လာမယ့်အနာဂတ်မှာ မြန်မာဘောလုံးသမားတွေဟာ အတွေ့အကြုံနဲ့ သူတို့ရဲ့ အရည်အချင်းတွေ ထုတ်ဖော်ပြသဖို့အခွင့်အရေးတွေ ရလာရင် မြန်မာဘောလုံးလောကဟာ အမြန်ဆုံးတိုးတက်လာဖို့ ရှိပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။
ဂျမေကာမှာမွေးပြီး အင်္ဂလန် နိုင်ငံသားအဖြစ် ကြီးပျင်းခဲ့တဲ့ ဂျွန်ဘန်းစ်ရဲ့ ဒီခရီးစဉ်မှာ မြန်မာကလပ်များမှ နည်းပြ ၄၀ ဦးကိုလည်း ဘောလုံးနည်းစနစ်ဆိုင်ရာ သင်တန်း ပို့ချခဲ့ပါတယ်။ ဒါ့အပြင် ဖေ့စ်ဘုတ်ပေါ်မှာ စုစည်းထားတဲ့ လီဗာပူးအသင်းအားပေးသူ မြန်မာပရိသတ်တွေ ကိုယ်စား ရန်ကုန်ရှိ လီဗာပူး Fun များက ဂျွန်ဘန်းစ်နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါသေးတယ်။
ယခုနှစ်ပိုင်းအတွင်း မြန်မာပြည်သို့ ဂျွန်ဘန်းစ် အပါအဝင် နာမည်ကျော် ဘောလုံးသမားဟောင်း နာကာတာ၊ အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်တို့လည်း အလည်အပတ် ရောက်ရှိလာခဲ့ပြီး တခြား နာမည်ကျော် ဘောလုံးသမားများလည်း မကြာခင် ပိုမိုလာရောက်ဖွယ်ရှိကြောင်း သိရပါတယ်။
ဂျွန်ဘန်းစ်ရဲ့ ကိုယ်ရေးအကျဉ်း
နာမည် – ဂျွန် ချားလ်စ် ဘရိုင်ယန် ဘန်းစ်
မွေးနေ့ – ၇ နိုဝင်ဘာ ၁၉၆၃ (၄၈ နှစ်)
မွေးရပ် – ကင်စတန်၊ ဂျမေကာ
အရပ်အမြင့် – ၆ ပေ
ကစားသည့်နေရာ – ဘယ်တောင်ပံ
Sources: Mid-Day, Myanmar Times, Eleven