ဆူဇူးကီး ဖလားခြေစစ်ပွဲစဉ်တွေကို ရန်ကုန်မြို့သုဝဏ္ဏကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားရာမှာ အိမ်ရှင်မြန်မာအသင်းရဲ့ တတိယပွဲစဉ်မှာ မြန်မာအသင်းက ကမ္ဘောဒီးယား အသင်းကို ၃-၀ ပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
မြန်မာအသင်း နည်းပြ ပတ်ဆောင်ဟွာက (ဂိုး) သီဟစည်သူ၊
နောက်တန်း – ရန်အောင်ဝင်း၊ အောင်ဟိန်းကျော်၊ ဇော်မင်းထွန်း၊ ပြည့်ဖြိုးအောင်
ကွင်းလယ် – ဒေးဗစ်ထန်၊ ရန်အောင်ကျော်၊ ခင်မောင်လွင်၊ ကျော်ဇေယျာဝင်း၊ သိန်းသန်းဝင်း
ရှေ့တန်း – ကြည်လင်း တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။
အိမ်ရှင် မြန်မာအသင်းဟာ ပွဲအစပိုင်းမှာ ရုန်းကန်နေခဲ့ရပြီး ပထမ ပြီးသည်အထိ ဂိုးမသွင်းယူနိုင်ခဲ့ဘဲ ခြေပျက်နေခဲ့ပါတယ်။ ဒုတိယပိုင်း ဂိုးရဖို့ အတင်းရုန်းကန်ကစားရင်း ဒေးဗစ်ထန်ရဲ့ တိကျတဲ့ဖြတ်တင်ဘောကို ကွင်းလယ်ကနေ ရှေ့တန်းအဖြစ် ကစားခဲ့တဲ့ ကြည်လင်းက ပိုင် ခေါင်းတိုက်ပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဖွင့်ဂိုးပြီးတဲ့နောက် မြန်မာအသင်း ပိုမိုအချိတ်အဆက်မိလာပြီး လူစားဝင်လာတဲ့ ကောင်းစည်သူက ၆၅ မိနစ်မှာ မြန်မာအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အသင်းအတွက် နောက်ဆုံး ၃ ဂိုးမြောက်ကိုတော့ နာကျင်အချိန်ပိုမှာ နောက်တန်းဘယ်အစွန်လူ ပြည့်ဖြိုးအောင်က ဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ လှလှပပ သွင်းယူပေးခဲ့ပါတယ်။
ယခုပွဲအနိုင်ရလဒ်ကြောင့် မြန်မာအသင်းဟာ ၃ ပွဲကစား ၃ ပွဲနိုင်နဲ့ ခြေစစ်ပွဲအုပ်စုထဲမှာ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။ ကမ္ဘောဒီးယား အသင်းကတော့ ခြေစစ်ပွဲစဉ်တလျှောက် အမှတ်တမှတ်မှ မရခဲ့ဘဲ အိမ်ပြန်သွားရပြီဖြစ်ကာ ၄ ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
မြန်မာအသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာက “ဒီနေ့ပွဲမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ အထူးကောင်းမွန်ခဲ့ပါတယ်။ ဒီပွဲဟာ ကျနော်တို့ကစားခဲ့တဲ့ ၃ ပွဲမှာ အကောင်းဆုံး ကစားနိုင်တဲ့ပွဲဖြစ်သလို ဒီနေ့ပွဲအပြီးမှာ မြန်မာအသင်းရဲ့ အနာဂတ်ကောင်းကို မြင်နေရသလို ဒါ့အတွက် မြန်မာကစားသမားအားလုံးကို ဂုဏ်ပြုပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ပတ်ဆောင်ဟွာက “ကျနော်တို့ ဒီပွဲကန်ဖို့အတွက် ၃ ရက်အနားရခဲ့ပါတယ်။ မနေ့တုန်းကလည်း လေ့ကျင့်ရေးကွင်းမှာ အထူးကြိုးစား ပြင်ဆင်ခဲ့သလို၊ ဖရီးကစ် လေ့ကျင့်ခန်းတွေကို ပြင်ဆင်ခဲ့တာဟာ ဒီနေ့ပွဲမှာ အကျိုးရှိခဲ့ပါတယ်။ ကျနော်တို့ တိုက်စစ်မှူးတွေ ဒဏ်ရာရရှိနေတာကြောင့် ကွင်းလယ်ကစားသမားတွေချည်းပဲ သုံးပြီး တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ရပါတယ်။ ပထမပိုင်းမှာ နားလည်မှုတွေ လွဲနေခဲ့ပေမယ့် ဒုတိယပိုင်းမှာ အသင်းအချိတ်အဆက် ပိုကောင်းလာကိုတွေ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားနည်းပြ ဟော့ခ် ဆိုချက်ထရာ ကတော့ “ကျနော်တို့အသင်း ပထမပိုင်းကစားပုံ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအသင်းဟာ ဒီပွဲမတိုင်ခင် နားရက်တွေရခဲ့သလို ပိုပြီးကောင်းတဲ့အသင်း ဖြစ်တာကြောင့် ဒုတိယပိုင်းမှာ ဂိုးတွေပေးပြီး ရှုံးနိမ့်ခဲ့ရတာပါ” လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာအသင်းဟာ လက်ကျန်ပွဲအဖြစ် လာအိုအသင်းနဲ့သာ ကန်ဖို့ရှိတော့ပြီး သရေရရင်တောင် နောက်တဆင့်ကို အလွယ်တကူ တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စု ပထမရခဲ့ရင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် အုပ်စု (A) ထဲကို ရောက်မှာဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်၊ ဖီလစ်ပိုင်အသင်းတို့နဲ့ အုပ်စုတွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မြန်မာ အသင်းရဲ့ ဂိုးတွေကို အောက်ပါ Youtube လင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
Source : affsuzukicup.com