နေပြည်တော်မှာ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး (SEA Game) စတင်ဖို့ ၁၃ လ ခန့်သာ လိုပါတော့တယ်။
၁၉၆၁၊ ၁၉၆၉ ခုနှစ်များမှာ ကျွန်းဆွယ်အားကစားပြိုင်ပွဲများ လက်ခံကျင်းပဖူးတဲ့ မြန်မာနိုင်ငံအဖို့ ၄၇ နှစ်အကြာမှ အိမ်ရှင်အဖြစ် တတိယအကြိမ် ထပ်မံ လက်ခံကျင်းနိုင်ခြင်း ဖြစ်ပါတယ်။
ပြိုင်ပွဲ နီးကပ်လာတာနဲ့အမျှ အဓိက လူကြိုက်များတဲ့ ဘောလုံး၊ ဘောလီဘော လှုပ်ရှားမှုများကိုသာ မီဒီယာ မျက်နှာစာမှာ တွေ့နေရပြီး၊ တခြား အားကစားနည်းများ အထူးသဖြင့် တချိန်က အရှေ့တောင်အာရှတွင်သာမက အာရှမှာပါ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များစွာ ရယူပေးနိုင်ခဲ့တဲ့ ပြေး၊ ခုန်၊ ပစ် အားကစား ပြင်ဆင်မှုနဲ့ ပတ်သက်၍ ဖော်ပြခြင်း မတွေ့ရပါဘူး။
ပြေးခုန်ပစ်ဆိုရာမှာ မာရသွန်၊ မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀၊ ၁၀၀၀၀ စတဲ့ အပြေးပြိုင်ပွဲများ၊ သံပြားဝိုင်း၊ သံလုံးပစ်၊ တုတ်ထောက်ခုန်၊ တန်းကျော်ပြေး၊ တန်းမြင့်ခုန်၊ အလျားခုန်၊ သုံးဆင့်ခုန်၊ လမ်းလျှောက်တို့ပါဝင်ပါတယ်။ ထိုစဉ်က ဂျင်မီ၊ သန်းသန်း၊ မာမာမင်း၊ စန်းစန်းအေး၊ သန်းသန်းဌေး၊ ခင်ခင်ထွေး၊ မကျင်လွမ်၊ ဂျနီဖာတင်လေး၊ စောဆာလောလ စတဲ့ အားကစားသမားများဟာ နိုင်ငံ့ဂုဏ်ဆောင်များအဖြစ် ထင်ပေါ် ကျော်ကြားခဲ့သူများ ဖြစ်ပါတယ်။
မှတ်တမ်းများအရ ပြေးခုန်ပစ်ဟာ ဆုတံဆိပ်များစွာ ရယူပေးနိုင်တဲ့ အားကစားနည်းဖြစ်သလို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အကြိမ်တွေမှာ အနည်းဆုံး ရွှေတံဆိပ် ၇ ခုကနေ အများဆုံး ၂၀ အထိ ဆွတ်ခူးရရှိခဲ့ပြီး ဧည့်သည်အဖြစ် သွားရောက် ယှဉ်ပြိုင်ရင်လည်း အနည်းဆုံး ၉ ခု အထိ ရယူခဲ့တာကို တွေ့ပါတယ်။
ဗိုလ်မှူးကြီး ခင်မောင်သောင်း (မိုးမိုးတာရောစံ)၊ ဗိုလ်မှူးကြီး မင်းစိန်၊ ဗိုလ်မှူးကြီး ထင်ကျော်၊ ဗိုလ်မှူးကြီး လှအောင် စတဲ့ ပုဂ္ဂိုလ်ကြီးများက ပြေးခုန်ပစ်အားကစား အောင်မြင်ရေးအတွက် တာဝန်ယူခဲ့တဲ့ ဥက္ကဋ္ဌများ ဖြစ်ပါတယ်။
ဒါပေမယ့် ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ့ ပြေးခုန်ပစ်အားကစား ကျဆင်းသွားခဲ့ရာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ၂၄ ကြိမ်မြောက် ဆီးဂိမ်းတွင် ဆုပင် မရရှိတော့ပေ။
ဤတကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည် ဖြစ်သော်လည်း နိုင်ငံ့ဂုဏ်ဆောင် ပြေးခုန်ပစ် အားကစားသမား ဟောင်းကြီးများ၊ နည်းပြဟောင်းကြီးများကတော့ လက်ရှိ မြန်မာ့ပြေးခုန်ပစ် အခြေအနေကို အားရကျေနပ်မှု မရှိလို့ သုံးသပ်ကြပါတယ်။
လတ်တလော ပြေးခုန်ပစ် အားကစားသမားများကို လေ့ကျင့်ပေးနေသူ အပြေးမယ်ဟောင်း ဒေါ်ခင်ခင်ထွေးက “စခန်းသွင်းထားတဲ့ ကစားသမားတွေထဲက ရွက်ပုန်းသီး ထွက်လာရင်တော့ မပြောတတ်ဘူး။ လက်ရှိ ပုံအတိုင်းကတော့ သေချာပေါက် ရွှေရမယ်လို့တော့ မပြောနိုင်ဘူး” လို့ ဆိုပါတယ်။
မြန်မာ့ပြေးခုန်ပစ်ရဲ့ ရွှေခေတ်လို့ ဆိုရမယ့် ၁၉၆၀ မှ ၁၉၈၀ ကာလ အခြေအနေမျိုး ပြန်လည်ရရှိဖို့ဆိုရင် အချိန်ယူပြင်ဆင်ရမှာ ဖြစ်ပြီး၊ အစိုးရအနေနဲ့ နည်းစနစ်ပိုင်းသာမက ပံ့ပိုးမှုအပိုင်းမှာလည်း ထိထိရောက်ရောက် လုပ်ဆောင်ပေးမှသာ အနာဂတ် အတွက် ဆုတံဆိပ် မျှော်မှန်းနိုင်မယ်လို့ ဒေါ်ခင်ခင်ထွေးက ယူဆပါတယ်။
အလားတူပဲ အရှေ့တောင်အာရှ သံလုံးပစ် ချန်ပီယံတဦးဖြစ်ခဲ့တဲ့ လက်ရှိ ကရင်ပြည်နယ် သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးစောဆာလောလကလည်း လက်ရှိ အခြေအနေကို အားမရ ဖြစ်နေပြီး၊ နိုင်ငံ့ကိုယ်စားပြု အားကစားသမားကောင်းတွေ ပေါ်ထွက်ဖို့ဆိုရင် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ရခိုင်၊ ဂေါ်ရခါးနဲ့ တခြားသော လူမျိုးပေါင်းစုံ ပါဝင်တဲ့ ပြည်နယ်နှင့်တိုင်း ကျောင်းသားအားကစား ပွဲတော်များကို ပြန်လည်ဖော်ထုတ် ကျင်းပရမယ်လို့ ပြောပါတယ်။
“သံလုံးပစ်ပြိုင်ပွဲကို ၁၉၇၅ ဘန်ကောက်ပွဲမှာ နောက်ဆုံးဝင်ခဲ့တယ်၊ အဲဒီတုန်းက ကျနော်တင်ထားတဲ့စံချိန်ကို အခုအထိ မြန်မာသံလုံးပစ် အားကစားသမားတွေအထိ မချိုးနိုင်သေးဘူး။ ဒါက အားကစားအဆင့် တက်မလာတာကို ပြတာ” လို့ ထောက်ပြပါတယ်။
ဦးစောဆာလောလဟာ ကျောင်းသားအားကစားပွဲတော်ကို ကရင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရင်း နိုင်ငံဂုဏ်ဆောင် အားကစားသမား တယောက် ဖြစ်လာသူဖြစ်ပြီး အရှေ့တောင်အာရှ အားကစားပွဲကို ၁၉၆၉ ခုနှစ်မှ စတင်ကာ ၄ ကြိမ်တိုင်တိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ လက်ရှိတွင် ကရင်ပြည်နယ် အားကစားဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားသူလည်း ဖြစ်ပါတယ်။
ပြေးခုန်ပစ်အဖွဲ့ချုပ်ကတော့ အားကစားသမား ၁၀၀ ကျော်ကို နေပြည်တော်နဲ့ ရန်ကုန်မှာ စခန်းသွင်း လေ့ကျင့်နေပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၆ ဦးကို နောက်ဆုံး ဆန်ကာတင်အဖြစ် လာမယ်နှစ် အောက်တိုဘာလမှာ ဆီးဂိမ်းအကြို (Pre-SEA Game) ပြိုင်ပွဲများကို ပြုလုပ်ကာ ရွေးချယ်မှာဖြစ်ပါတယ်။
နည်းပြဟောင်းကြီးများကတော့ လက်ရှိ စခန်းသွင်း လေ့ကျင့်နေတဲ့ အားကစားသမားများဟာ အားကစားနဲ့ ပတ်သက်ရင် အခြေခံအဆင့်သာ ရှိသေးပြီး စခန်းသွင်းလေ့ကျင့်မှုမှာလည်း ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် လာအိုဆီးဂိမ်းအပြီးမှ စတင်လေ့ကျင့်ရတာကြောင့် အချိန်ကာလကလည်း နည်းပါတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးမြသန်းထိုက်ကလည်း “လေ့ကျင်ချိန်က ၂ နှစ်ပဲရှိတယ်။ အားကစားနည်းတခုဟာ ဒီလောက် အချိန်တိုအတွင်းမှာ အခြေခံအဆင့်ကနေ ထိပ်တန်းအဆင့် ရောက်ဖို့ ဘယ်လွယ်မလဲ။ ရွှေရဖို့ဆိုရင် သုံး၊လေးနှစ် လေ့ကျင့်ရတယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ပြေးခုန်ပစ် ဥက္ကဋ္ဌကတော့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဖြစ်ပါတယ်။
ခွန်အားစိုက်ထုတ် ကစားရတဲ့ ပြေးခုန်ပစ် အားကစားဖြစ်သည့်အတွက် ကစားသမားများ၏ အရပ်အမောင်း အရွယ်အစား ထွားကျိုင်းရန်နဲ့ လေ့ကျင့်ရတဲ့ ပစ္စည်းကိရိယာ၊ နည်းပညာများ လိုအပ်ပြီး အရည်အချင်းပြည့်မီတဲ့ အားကစားသမား ဖြစ်လာစေရန် အချိန်ယူပြီး လေ့ကျင့်ရတဲ့အတွက် ယခုကဲ့သို့ တိုတောင်းသော အချိန်အတွင်း ဆုတံဆိပ်များစွာ ရရှိရန် မဖြစ်နိုင်ကြောင်း ဦးမြသန်းထိုက်က သုံးသပ်ပါတယ်။
ပြေးခုန်ပစ် အားကစားနည်းပြချုပ်ဟောင်း ဦးကျော်ခင်ကလည်း အားကစား တိုးတက်ဖို့ဆိုရင် မီဒီယာများရဲ့ အခန်းကဏ္ဍမှာလည်း အရေးကြီးကြောင်း၊ လက်ရှိ အစိုးရမီဒီယာ အပါအဝင် အားကစားသတင်းဂျာနယ်များက ပြည်ပ ဘောလုံးပွဲများသာ အသားပေးဖော်ပြနေကြောင်း၊ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း စတဲ့ အားကစားနည်းများ ရေးသားဖော်ပြခြင်း မပြုမှုသည်လည်း မြန်မာအားကစား ကျဆင်းမှုမှာ အကြောင်းတရပ်အဖြစ် ပါဝင်ကြောင်း ဆိုပါတယ်။
ယခင်က အင်အား၊ တံခွန်စတဲ့ အားကစားဂျာနယ်များဟာ ပြည်တွင်း အားကစားလှုပ်ရှားမှုများကို အထူးသီးသန့် ဖော်ပြကြသော်လည်း နောက်ပိုင်း အားကစားဂျာနယ်များအနေနဲ့ ဖော်ပြခြင်းမပြုတော့ပေ။
အားကစား ဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတဦးကတော့ နိုင်ငံရေး ပဋိပက္ခတွေကြောင့် စီးပွားရေး၊ လူမှုရေးက အစ အဖက်ဖက်က ကျဆင်းသွားရပြီး အားကစားပါ ထိခိုက်သွားရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လာမယ့်ဆီးဂိမ်းမှာတော့ ဆုတံဆိပ်များရအောင် လုပ်ဆောင်သွားမှာပါလို့ ဧရာဝတီကို ပြောပါတယ်။
၂၇ ကြိမ်မြောက် အားကစားပြိုင်ပွဲများကို လာမယ့်နှစ် နိုဝင်ဘာလခန့်တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် ကျင်းပမှာဖြစ်ပြီး တည်ဆောက်နေတဲ့ အားကစားကွင်းများ ၊ ကစားသမားများ နေထိုင်မယ့် အားကစားရွာများမှာလည်း ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီလို့ သိရပါတယ်။