ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA ၏ စီမံကိန်း တခုဖြစ်သော ကျန်းမာရေးအခြေပြု ဘောလုံး အားကစားနည်းသင်တန်း (FIFA football 11 for Health) ကို အာရှတွင် ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်ရန် မြန်မာနိုင်ငံကို ရွေးချယ်လိုက်ကြောင်း သိရသည်။

၁၁ ကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်သည့် FIFA ၏ ယင်း စီမံကိန်းမှာ ကျောင်းသား ကလေးသူငယ်များအတွက် အဓိက ဖြစ်ပြီး ယခုကဲ့သို့ ဆောင်ရွက်ခွင့် ရရှိခြင်းအားဖြင့် နိုင်ငံအတွက် အလွန် အကျိုးရှိကြောင်း အာရှ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။
“ဒီ အစီအစဉ်က ကျနော်တို့ နိုင်ငံအတွက် အကျိုးရှိမယ့် အစီအစဉ် ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ကလေးတွေ ဘောလုံး အားကစားကို စိတ်ဝင်စားလာပြီး သူတို့ရဲ့ ကျန်းမာရေး လိုက်စားမှုကြောင့် ကျနော်တို့ရဲ့ အနာဂတ် လှပလာမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
အဆိုပါ စီမံကိန်းကို လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံရှိ အစိုးရ စာသင်ကျောင်းများ၌ စတင် လုပ်ဆောင် သွားမည်ဖြစ်ရာ FIFA နှင့်အတူ ကျန်းမာရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ အားကစား ဝန်ကြီးဌာနနှင့် ဘောလုံးအဖွဲ့ချုပ် တို့က ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ နိုင်ငံမှာ စာသင်ကြားနေတဲ့ ကလေး ၆ သန်းလောက် ရှိပါတယ်။ ကျနော်တို့ရဲ့ အနာဂတ်ဟာ ကျနော်တို့ရဲ့ ကလေးတွေပါပဲ။ ဒါကြောင့် ကျနော်က ဘောလုံးအတွက်သာ မဟုတ်ဘဲ နိုင်ငံအတွက်ပါ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ကတိ ပေးပါတယ်” ဟု ဦးဇော်ဇော်က ဆိုသည်။
FIFA ၏ ကျန်းမာရေးဆိုင်ရာ အရာရှိချုပ် Dr. Jerry Dovark ကလည်း မြန်မာနိုင်ငံ၏ လက်ရှိ ပြောင်းလဲနေသည့် အခြေအနေကို သိရှိထားကြောင်း၊ မြန်မာ ပြည်သူများအနေဖြင့် မှန်ကန်သည့် ရွေးချယ်မှုနှင့် အခွင့်အလမ်းများ ရရှိ စေချင်သည့် အတွက် မြန်မာနိုင်ငံကို အဆိုပါ စီမံကိန်း ဆောင်ရွက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
ပြီးခဲ့သည့် နှစ်အတွင်း ဦးဇော်ဇော်က အဆိုပါ စီမံကိန်းရရှိရန် FIFA သို့ သွားရောက် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၅ လခန့်က FIFA မှ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆွေးနွေးခဲ့ရာမှ ယခုကဲ့သို့ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘောလုံးအားကစားသည် မကောင်းသည့် အလေ့အကျင့်များ ဖျောက်ဖျက်ရန် အကောင်းဆုံး ဖြစ်သောကြောင့် အကျော်ကြားဆုံး အားကစား တခု ဖြစ်သည်ဟု ဒေါက်တာ Jerry Dovark က ပြောသည်။
“လူတွေဟာ အလွယ်စာတွေ၊ အချိုရည်တွေ စားသောက်မယ်၊ နေ့စဉ် လေ့ကျင့်ခန်းလုပ်ဖို့ ပျက်ကွက်မယ် ဆိုရင် အဲဒီ လူ့အဖွဲ့အစည်းဟာ နောင်နှစ် နှစ်ဆယ်လောက် ကြာရင် အဝလွန်တာတွေ၊ ဆီးချိုရောဂါတွေ၊ နှလုံးသွေးကြောနဲ့ ပတ်သတ်တဲ့ အမျိုးမျိုးသော ရောဂါတွေ ခံစားရမှာပဲ” ဟု ဒေါက်တာ Jerry Dovark က ဆက်ပြောသည်။
လက်ရှိတွင် အဆိုပါ စီမံကိန်းအတွက် ရန်ကုန် နယ်နိမိတ်အတွင်းရှိ ဆရာဝန်များနှင့် ကျောင်းဆရာ၊ ဆရာမ ၂၅၀ မှ ၃၀၀ အထိကို သင်တန်း စတင် ပေးလျှက်ရှိပြီး နောက်ပိုင်းတွင် သင်တန်းသား ၃၀၀၀ မှ ၆၀၀၀ အထိ တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီ စီမံကိန်း အောင်မြင်ရင် ကျန်းမာရေး အသုံးစရိတ်တွေ အများကြီး လျော့ကျသွားတာ တွေ့ရမှာပါ။ ဒါ နိုင်ငံအတွက်လည်း အကျိုးရှိပါတယ်။ အခု ချက်ခြင်းကြီးတော့ မဟုတ်ဘူး။ နောင် ၁၀ နှစ်၊ နှစ် ၂၀ ကျရင် သိသာလာမယ်” ဟု ဦးဇော်ဇော်က ပြောသည်။
FIFA ၏ အဆိုပါ ကလေးသူငယ်များဆိုင်ရာ ကျန်းမာရေးစီမံကိန်းကို လက်ခံ အကောင်အထည်ဖော်နေသော နိုင်ငံများမှာ ဘော့စဝါနာ၊ ကိုလမ်ဘီယာ၊ ကန်ညာ၊ မာလာဝီ၊ မောရိသျှ၊ မက်စီကို၊ နမ်မီးဘီးယား၊ တောင်အာဖရိက၊ ဇင်ဘာဘွေနိုင်ငံတို့ ဖြစ်သည်။