ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုနဲ့ နည်းပြဆုအတွက် ဆန်ကာတင် စာရင်းကို ဖီဖာအဖွဲ့ချုပ်က မနေ့က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဆန်ကာတင် လူစာရင်းထဲမှာ ယူရို ၂၀၁၂ ချန်ပီယံ စပိန်အသင်းသားတွေ အများစုပါဝင်လာပြီး အလွန်ဆို၊ ဘက်စကွက်၊ ပီကေး၊ ရာမို့စ်၊ ဇာဗီ၊ ကာဆီးလက်၊ အင်နီယေစတာတို့ အားလုံးပေါင်း ၇ ယောက်တိတိ ပါဝင်လာခဲ့ပါတယ်။
အလားတူ စပိန်အသင်းရဲ့ အောင်မြင်မှုကို ဖော်ဆောင်ပေးခဲ့တဲ့ ဒယ် ဘော့စကေးဟာလည်း အကောင်းဆုံး နည်းပြစာရင်းမှာ အီတလီ အသင်းနည်းပြ ပရန်ဒယ်လီနဲ့အတူ ပါဝင်လာခဲ့ပါတယ်။ စပိန်နဲ့အီတလီ အသင်းတို့ဟာ ယူရို ပြိုင်ပွဲတုန်းက ဖိုင်နယ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ နှစ်သင်းဖြစ်ပါတယ်။ ၂၀၁၁ တုန်းက အကောင်းဆုံးဆုရခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ ဆန်ကာတင်စာရင်းမှာ ပြန်လည်ပါဝင်လာပြီး ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရတဲ့ ရော်နယ်ဒိုဟာလည်း ဆန်ကာတင်စာရင်းမှာ ပြန်လည်ပါဝင်လာပြီး ဆုရဖို့ရေပန်းစားနေပါတယ်။ နောက်ထပ် ရေပန်းစားနေတဲ့ ကစားသမားကတော့ အန်ဒရေ ပီယာလို ဖြစ်ပြီး ဂျူဗင်တပ် အသင်းနဲ့အီတလီ နိုင်ငံအတွက် အကောင်းဆုံး စွမ်းဆောင်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။ ရှေ့တန်းကစားသမားတွေထဲက နာမည်ကြီး ဝိန်း ရွန်းနီနဲ့အတူ ကိုလံဘီယာ ကစားသမား ဖယ်ကာအိုနဲ့ဘရာဇီး ကစားသမား နေမာတို့လည်း ပါဝင်လာပါတယ်။ ရွန်းနီဟာ အင်္ဂလိပ်ကစားသမားတွေထဲက တဦးတည်းသော ဆန်ကာတင်စာရင်းမှာ ပါဝင်လာတဲ့ ကစားသမားဖြစ်ပြီး ၂ နှစ်ဆက်တိုက် ဆန်ကာတင်စာရင်းထဲ ပါဝင်ထားပါတယ်။
ပရီးမီးယားလိဂ်က ကစားသမားတွေထဲက ယမန်နှစ် ဂိုးသွင်းအများဆုံး ကစားသမား ဗန်ပါစီနဲ့လက်ရှိချန်ပီယံ မန်စီးတီး အသင်းမှာ ဘာလော့တယ်လီ၊ အဂူရိုနဲ့ ယာယာ တိုရေး တို့လည်း ဆန်ကာတင်စာရင်းမှာ ပါဝင်လာပါတယ်။ နည်းပြ စာရင်းထဲမှာတော့ ဆာအဲလက်စ် ဖာဂူဆန်က မန်စီးတီး အသင်းကို နှစ် ၄၀ ကြာကျော်ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ကို ပြန်လည်ယူဆောင်ပေးခဲတဲ့ မန်ချီနီနဲ့အတူ ပါဝင်နေပြီး မထင်မှတ်ဘဲ ၂၀၁၂ ရဲ့ နာမည်အကျော်ကြားဆုံး နည်းပြစာရင်းထဲ ဝင်သွားတဲ့ ရော်ဘတ်တို ဒီ မက်တီယို ဟာလည်း ချယ်ဆီးအသင်းကို ပထမဦးဆုံး ချန်ပီယံလိဂ်ဖလား အိမ်မက် ယူဆောင်ပေးခဲ့တာကြောင့် ဆုရဖို့ရေပန်းစားနေပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့မှာ အခမ်းအနားနဲ့ ကြေညာကာ ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
ဆန်ကာတင် ကစားသမားများ
အဂူရို၊ အလွန်ဆို၊ ဘာလော့တယ်လီ၊ ကာရင် ဘန်ဇီမာ၊ ဘက်ဖွန်၊ ဘက်စကွက်၊ ကာဆီးလက်၊ ရော်နယ်ဒို၊ ဒရော့ဘာ၊ ဖယ်ကာအို၊ အီဗရာဟီမိုဗစ်၊ အင်နီယေစတာ၊ မက်ဆီ၊ နူအာ၊ နေမာ၊ အိုဇေးလ်၊ ပီကေး၊ ပီယာလို၊ ရာမို့စ်၊ ရွန်းနီ၊ ယာယာ တိုရေး၊ ဗန်ပါစီ၊ ဇာဗီ
ဆန်ကာတင် နည်းပြများ
ဘော့စကေး၊ ရောဘတ်တို ဒီမက်တီယို၊ အဲလက်စ် ဖာဂူဆန်၊ ဂါဒီယိုလာ၊ ဂျက် ဟေးနက်၊ ဂျာဂန် ကလော့၊ ဂျုချင်လို၊ မန်ချီနီ၊ မော်ရင်ညို၊ ပရန်ဒယ်လီ
Source: FIFA