သီယို ဝယ်ကော့ရဲ့ ဟက်ထရစ်နဲ့အတူ အာဆင်နယ်အသင်းဟာ ဂိုးပြတ်ရှုံးနိမ့်နေရာမှ ဂိုးတွေဆက်တိုက်ပြန်သွင်းပြီး အင်္ဂလိပ် လိဂ်ဖလားရဲ့ သမိုင်းတလျှောက် အပြန်အလှန် ဂိုးသွင်းများတဲ့ စံချိန်ဝင်သွားခဲ့ပါတယ်။ ရီးဒင်းအသင်းဟာ အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပြီး အာဆင်နယ် အသင်းက ချေပဂိုးတွေ ဆက်တိုက်သွင်းယူခဲ့ပါတယ်။ ပွဲချိန် မိနစ် ၉၀ အပြင် အချိန်ပို မိနစ် ၃၀ ပါ ထပ်ကန်ပြီး ပွဲအပြီးမှာ အာဆင်နယ်အသင်း က ၇ ဂိုး – ၅ ဂိုးနဲ့ အနိုင်ရပြီး လိဂ်ဖလားနောက်ဆုံး ၈ သင်းအဆင့်ကို တက်ရောက်သွားပါတယ်။
ယခုနှစ်မှ ပရီးမီးယားလိဂ်သို့ တန်းပြန်တက်လာတဲ့ ရီးဒင်းအသင်းမှာ အတွေ့အကြုံရင့် ကစားသမား ဆိုလို့ရှိုရေး၊ မော်ရစ်ဆင်၊ ဂျေဆင် ရော်ဘတ်နဲ့ပိုဂရက်ညက် တို့သာ ပါဝင်ပြီး အာဆင်နယ် အသင်းကတော့ စာချုပ်သက်တမ်း တိုးဖို့ ငြင်းဆန်တာကြောင့် ပရီးမီးယားလိဂ်ပွဲတွေမှာ ထုတ်မသုံးတဲ့ ဝယ်ကော့ကို ထည့်သွင်းကစားစေခဲ့ပြီး အာရှာဗင်၊ ချာမက်၊ ကိုစီယန်နီတို့အုပ်စုနဲ့ပွဲထွက်လာခဲ့ပါတယ်။
ပွဲအစ ၃၅ မိနစ် အတွင်းမှာတင် ဂျေဆင်ရော်ဘတ်၊ ကိုစီယန်နီရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမှု၊ လီဂါဝတ်နဲ့ နိုအယ် ဟန့်တို့ရဲ့ ဂိုးတွေနဲ့ ရီးဒင်းဟာ ၄ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမ ပိုင်းပြီးခါနီးမှာ ဝယ်ကော့က ချေပဂိုး ၁ ဂိုး ပြန်သွင်းတာကြောင့် ၄-၁ နဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။
ပွဲရဲ့ အလှည့်အပြောင်းအနေနဲ့ ၆၂ မိနစ်မှာ ဖရင်းပေါင်အစား ပြင်သစ်တိုက်စစ်မှူး ဂျီးရော့ဒ် ဝင်လာပြီး သိပ်မကြာခင်မှာတင် အာဆင်နယ် အသင်းအတွက် ချေပဂိုး တဂိုး သွင်းလိုက်နိုင်ပါတယ်။ ဒီ ဂိုးကို ဝယ်ကော့က နောက်တန်းလူတွေကို ကျော်ဖြတ်ပြီး ဖြတ်တင်ပေးရာမှာ ဂျီးရော့ဒ်က ခေါင်းတိုက်သွင်းယူတာကြောင့် ရီးဒင်း ဂိုးသမား ဘယ်လိုမှ မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။
အာဆင်နယ် အသင်းဟာ အားတက်လာပြီး အတင်းဖိကစားပေမယ့် ပွဲဟာ ၄-၂ ဂိုးနဲ့သာ ပြီးတော့မယ်လို့ထင်ရာကနေ ၈၉ မိနစ်မှာ ကိုစီယန်နီ က တဂိုး၊ မိနစ် ၉၀ မှာ ဝယ်ကော့က တဂိုးစီ သွင်းယူလိုက်နိုင်တာကြောင့် ၄-၄ ဂိုးစီဖြစ်ပြီး သရေ ဖြစ်နေတာကြောင့် အချိန်ပို ထပ်မံကစားရပါတယ်။ အချိန်ပိုမှာ အာဆင်နယ်ရဲ့ အပယ်ခံတိုက်စစ်မှူးဖြစ်နေတဲ့ ချာမက်က ဂိုးသွင်းယူပေးပေမယ့် ရီဒင်း တိုက်စစ်မှူး ပိုဂရက်ညက်က ချေပဂိုး ထပ်မံသွင်းယူလိုက်တာကြောင့် ၅-၅ နဲ့သာ ပွဲဟာပြီးဆုံးဖို့နီးစပ်နေခဲ့ပါတယ်။
အချိန်ပို မိနစ် ၃၀ ရဲ့ နောက်ဆုံးမိနစ်မှာမှ ဝယ်ကော့ရဲ့ ဟက်ထရစ် ဂိုးနဲ့ အာဆင်နယ် အသင်း အနိုင်သို့ ခြေတဖက် လှမ်းလိုက်နိုင်သလို ဝယ်ကော့ရဲ့ ဖန်တီးပေးပို့မှုနဲ့ ချာမက်က သူ့ရဲ့ ဒီပွဲမှာ ဒုတိယ ဂိုးကိုသွင်းယူလိုက်ပြီး အာဆင်နယ် အသင်းဟာ ခက်ခက်ခဲခဲနဲ့ ဂိုးပြတ်ရှုံးနိမ့်ရာမှ နိုင်ပွဲရှာတွေ့ခဲ့ပါတယ်။
ဒီပွဲအနိုင်ကြောင့် အာဆင်နယ်အသင်းဟာ လိဂ်ဖလားရဲ့ နောက်ဆုံး ၈ သင်းအဆင့်ကို ရောက်ရှိသွားပြီး ဖလားရရှိရေး မျှော်လင့်ချက် ပိုကောင်းလာပြီ ဖြစ်ပါတယ်။ ပွဲအပြီးမှာ အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးက ဟက်ထရစ် ဂိုးသွင်းရှင် ဝယ်ကော့ကို ချီးကျူးသွားခဲ့ပြီး အသင်းတာဝန်ရှိသူတွေအနေနဲ့ ဝယ်ကော့ကို စာချုပ်သက်တမ်းတိုးဖို့ ထပ်မံ ကြိုးစားသွားမယ်လို့ သိရပါတယ်။ ဝယ်ကော့ဟာ ယခုနှစ်ရာသီအကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ လစာညှိနှိုင်းမရလို့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်းထားတာကြောင့် အသင်းရဲ့ ပြစ်ဒဏ်ပေးမှုကို ခံနေရပြီး ပရီးမီးယားလိဂ်ပွဲတွေမှာ ပွဲထွက်ကစားခွင့်မရဘဲ ဖြစ်နေခဲ့ပါတယ်။
ယခုညမှာတော့ ပွဲကြီးပွဲကောင်းအဖြစ် ချယ်ဆီး အသင်းနဲ့မန်ယူအသင်းတို့ တပတ်အတွင်း ၂ ကြိမ်တွေ့ ဆုံပွဲကန်ရမှာ ဖြစ်သလို လစ်ဗာပူးအသင်းကလည်း ဆွမ်ဆီးအသင်းနဲ့ အကြိတ်အနယ် ကန်ရဖို့ ရှိနေပါတယ်။
ယနေ့ ညလိဂ်ဖလား ရှုံးထွက်ပွဲစဉ်များ
ချယ်ဆီး – မန်ယူ
နော်ဝစ် – တော့တမ်ဟမ်
လစ်ဗာပူး – ဆွမ်းဆီး
Source: BBC