ယခုလအတွင်း ကျင်းပတော့မယ့် ဆူဇူးကီး ဖလားမတိုင်ခင် ဖီဖာရဲ့ ကမ္ဘာ့ဘောလုံး အဆင့်သတ်မှတ်ချက်တွေ ထွက်ပေါ်လာပြီး မြန်မာ အသင်းဟာ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့တုန်းက ထွက်ပေါ်လာတဲ့ အဆင့်သတ်မှတ်ချက်မှာ ဗီယက်နမ်နဲ့ မြန်မာအသင်းဟာ ပြိုင်ဘက် အာဆီယံ အသင်းတွေကို ကျော်ဖြတ်ပြီး ထူးထူးခြားခြား အဆင့်တွေ တိုးတက်လာတာ ဖြစ်ပါတယ်။
ဗီယက်နမ်အသင်းဟာ အခုထွက်ပေါ်လာတဲ့ အဆင့်သတ်မှတ်ချက်ကြောင့် အာဆီယံအတွင်း အဆင့်သတ်မှတ်ချက် အမြင့်ဆုံးအနေနဲ့ လာမယ့် ဆူဇူးကီးဖလားကို ပါဝင်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ဗီယက်နမ်အသင်းက အဆင့်ထိပ်ဆုံးနေရာကို အာဆီယံ ထိပ်သီးဘောလုံးအသင်း ထိုင်းထံကနေ လွှဲပြောင်းရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်အသင်းဟာ ယခင်လတုန်းက ခြေစမ်းပွဲတွေမှာ မလေးရှား၊ လာအိုအသင်းတို့ကို အနိုင်ရခဲ့ပြီး အင်ဒိုနီးရှားအသင်းနဲ့ သရေ ကျခဲ့တာကြောင့် ယခုလို အဆင့်သတ်မှတ်ချက် မြင့်တက်လာတာဖြစ်ပြီး ကမ္ဘာ့အဆင့်အနေနဲ့ ၁၃၈ နေရာမှာ ရပ်တည်နေပါတယ်။
အာဆီယံအတွင်း နောက်ထပ်ထူးခြားချက်အနေနဲ့ ဖိလစ်ပိုင်အသင်းဟာလည်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ထိုင်းအသင်းကို ကျော်ဖြတ်ပြီး ဒုတိယနေရာကို ရောက်လာပါတယ်။ မြန်မာ ပရိတ်သတ်အများစုရဲ့ စိတ်ထဲမှာ သာမန်အသင်းလို့သာ ထင်နေပေမယ့် ယခုနှစ်များအတွင်း ဖိလစ်ပိုင် ဘောလုံးအသင်းဟာ တဟုန်ထိုး တိုးတက်လာခဲ့ပြီး ပြည်ပမှာ ကစားနေတဲ့ ဘောလုံးသမားတွေတွေနဲ့ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်အသင်းဟာ ဆူဇူးကီး အကြိုခြေစမ်းပွဲစဉ်တွေမှာ ဘာရိန်းကို သရေ၊ ထိုင်ဝမ်အသင်းကို အနိုင်ကန်ထားပြီး ယခုလို ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၁၄၃ အနေနဲ့ တက်လာပြီး အာဆီယံနိုင်ငံတွေထဲမှာ ဒုတိယအနေနဲ့ ရပ်တည်လျက်ရှိပါတယ်။
ထိုင်းအသင်းကတော့ အောက်တိုဘာလအတွင်း နိုင်ငံတကာ ခြေစမ်းပွဲ တပွဲမျှ မကစားခဲ့ဘဲ ငြိမ်နေခဲ့တာကြောင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၄၆ အထိ ရောက်သွားပြီး အာဆီယံနိုင်ငံတွေထဲမှာ တတိယ အဆင့်အနေနဲ့ရပ်တည်လျက်ရှိပါတယ်။
အာရှ နိုင်ငံတွေထဲက ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ သိသိသာသာ တိုးတက်လာတဲ့ အသင်းကတော့ မြန်မာ အသင်းဖြစ်ပြီး အဆင့် ၂၈ ဆင့်ကို ကျော်ကာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၁၅၆ အနေနဲ့၂၀၁၁ ခုနစ်နောက်ပိုင်း အဆင့်အမြင့်ဆုံး ရပ်တည်နိုင်လျက် ရှိပါတယ်။ မြန်မာ အသင်းဟာ ဆူဇူးကီး ခြေစစ်ပွဲစဉ်တွေမှာ ရှုံးပွဲမရှိခဲ့ဘဲ ၃ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ်တွေကြောင့် ယခုလို ဖီဖာရဲ့ အဆင့်သတ်မှတ်ချက်မှာ တိုးတက်လာတာ ဖြစ်ပါတယ်။ ဒီရလဒ်တွေကြောင့် မြန်မာအသင်းအပေါ်မှာ အချိန်အတော်ကြာ နေရာယူခဲ့တဲ့ စင်ကာပူ၊ လက်ရှိချန်ပီယံ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကို ကျော်ဖြတ်ပြီး အာဆီယံနိုင်ငံတွေထဲမှာ အဆင့် ၄ အနေနဲ့ရပ်တည်လျက်ရှိပြီး ဆူဇူးကီးဖလားကို ပါဝင်ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဆူဇူးကီးဖလား ဖွင့်ပွဲနေ့မှာ ဗီယက်နမ်အသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီပွဲကို နိုဝင်ဘာ ၂၇ ရက်နေ့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရာဇမင်္ဂလာကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဖီဖာရဲ့ အဆင့်သတ်မှတ်ချက်အရ လက်ရှိ အာဆီယံ ဘောလုံးအသင်းများ၏ ရပ်တည်မှု
၁။ ဗီယက်နမ်
၂။ ဖိလစ်ပိုင်
၃။ ထိုင်း
၄။ မြန်မာ
၅။ မလေးရှား
၆။ စင်ကာပူ
၇။ အင်ဒိုနီးရှား
၈။လာအို
၉။ ဘရူနိုင်း
၁၀။ တီမော
၁၁။ ကမ္ဘောဒီယား
ကိုးကား – ဖီဖာဘောလုံးဝက်ဘ်ဆိုဒ်